မြစ်ပင်

Posted: May 23, 2012 in ကဗျာ

ပင်လယ်ကို နမ်းရှိုက်ခွင့်ရဖို့

ခရီးပြင်းနှင် မြစ်တစ်စင်း

အလျားရှည်ဝေး ရေစီးနှေးခဲ့။

 

ဒီရေအနင်းမှာ ငန်ပျသွားတဲ့

မြစ်ဝကျွှန်းပေါ်ရေ

လတာပြင် လမုတော ဘဲအုပ်

မျက်မှောင်ကုတ် ရှုခင်းအဟောင်းနဲ့

ထောင်းလမောင်းထခဲ့။

 

(ဒဿနေမင်း)

ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနဲ့ပတ်သက်လို့ ပထမ ဆောင်းပါးနိဂုံးမှာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ စားသောက်၊ နေထိုင်၊ ဝတ်ဆင်၊ ပြုမူ၊ ဆက်ဆံ ပုံတွေဟာ ခေတ်သစ် ကမ္ဘာရဲ့ ကမ္ဘာလုံးဆိုင်ရာဖြန့်ကျက်ဖြစ်ထွန်းမှု သဘောအရ၊ တနည်းအားဖြင့် အတွေးအခေါ်၊ ယဉ်ကျေးမှု၊ သတင်းအချက်အလက်၊ အရင်းအနှီး၊ ကုန်စည်၊ လူမှုဆက်ဆံရေး စတာတွေဟာ ခေတ်ဆက်သွယ်ရေး၊ နည်းပညာ တိုးတက်ဖြစ်ထွန်းမှုနဲ့အတူ မြေကျောရှုံ့ပြီး ကမ္ဘာ့ပထဝီကိုဖြတ်သန်းဆီးစီးလာတဲ့ ဖြစ်စဉ်သဘောကြောင့် ပြောင်းလဲလာတယ်လို့ ဆိုခဲ့ပါတယ်။

ဒီဆောင်းပါးမှာတော့ လူအဖွဲ့အစည်းတွေရဲ့ အစ သမိုင်း၊ ယဉ်ကျေးမှုတွေကို ပြန်လည် လေ့လာရင်လည်း လူ့အဖွဲ့အစည်း အချင်းချင်း ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ နေထိုင်၊ စားသောက်၊ ဝတ်ဆင်မှု ပုံစံတွေဟာ မျက်မှောက်ခေတ်လို မြန်ဆန်၊ ကြီးထွား၊ သိသာမှု မရှိသည့်တိုင်အောင် အပြန်အလှန် ကူးယူ လေ့ရှိတာပါပဲ ဆိုတဲ့ သဘောကို ဆက်လက် ဆွေးနွေးပါမယ်။

အကြိုသမိုင်း (Prehistory)

သမိုင်မတင်မီခေတ် (ဝါ) မြန်မာ့အကြိုသမိုင်းကိုကြည့်ရင် ခုလက်ရှိ မြန်မာပြည် အထက်ပိုင်းမှာ တွေ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထား တွေအရ လွန်ခဲ့တဲ့ နှစ် ၄၀၀,၀၀၀ ခန့်ကစပြီး အညာသားလို့ နာမည်ပေးထားတဲ့ လူလို့ ပြောနိုင်တဲ့ သူတွေ ရှိနေပြီ ဖြစ်တယ်။ ဒီ ရှေးလူ (သို့) အညာသားတွေဟာ ဂျာဗားလူ၊ ဘေဂျင်းလူတွေလိုပဲ မတ်တပ်ရပ်ပြီး သွားနိုင်နေပြီ။ ခေါင်းသေးငယ်၊ မျက်နှာ မလှ၊ ကိုယ်လက် အချိုးမကျပေမယ့် လိင်အပါအဝင် ကိုယ်လက်အင်္ဂါ စုံနေပြီ၊ ယခင်အနှစ် ၄၀,၀၀၀ ခန့် စပြီး မနုဿလူသား စစ်စစ်ဖြစ်နေပြီ ဖြစ်တယ်။

ပထမတော့ အညာသားတွေဟာ ကျောက်ခေတ်လူရိုင်းတွေ (Savages) ဖြစ်တယ်။ အညာသားတွေရဲ့ ယဉ်ကျေးမှု (Anyathian Culture) ကလည်း ကမ္ဘာအနှံ့အပြားက ရှေးဦးလူတွေလိုပဲ ပထဝီ၊ ရာသီဥတု စတဲ့ သဘာဝရဲ့ ပုံသွင်းခြင်းကို ခံရတယ်။ သူတို့ဟာ အဝတ်မဝတ်ဘူး၊ မီးကို အသုံးချတတ်ပြီ၊ သဘာဝဒဏ်နဲ့ သူတို့ထက်ကြီးတဲ့ သတ္တဝါကြီးတွေရဲ့ အန္တရာယ်က လွတ်အောင် ဂူထဲမှာ နေလေ့ရှိတယ်။ အပူပိုင်းသစ်တောတွေက ရတဲ့ အပင်၊ အသီး၊ အရွက်၊ အခေါက်၊ အမြစ်တွေ၊ သူတို့ ဖမ်းနိုင်တဲ့ သူတို့ထက် အင်အားနည်းတဲ့ အကောင်တွေ၊ ငါးတွေကို စားတယ်။ လက်နက်အဖြစ် ကျောက်ခေတ်ဦးမှာ ကျောက်ခဲကြမ်း၊ နောက်ပိုင်း  (လွန်ခဲ့တဲ့နှစ်၂၀၀,၀၀၀ ခန့်) မှာ  ကျောက်ကို လက်နက်အဖြစ် ပီပီပြင်ပြင် လုပ်တတ်လာတဲ့ အပြင် သစ်သား တင်းပုတ်၊ ဝါးချွန်၊ လောက်လွှဲတွေကိုပါ အသုံးပြုလာတယ်။ မုဆိုး၊ တံငါအဖြစ် အသက်မွေးတယ်။ ပုဂ္ဂလိက မိသားစုပုံစံမျိုး မဟုတ်ပေမယ့်လည်း ဘုံ အိမ်ထောင်၊ သားမွေးပြုကြတယ်။ လင်၊ မယား (ဝါ) ယောင်္ကျား၊ မိန်းမ တန်းတူ အိမ်ထောင့် တာဝန် (ဝါ) အုပ်စုတာဝန် စားဝတ်နေရေး၊ လုံခြုံရေးကို ထမ်းတယ်။ အုပ်စု တစ်ခုနဲ့ တစ်ခု ရန်ဖြစ်လေ့ရှိနေပြီ ဖြစ်တဲ့အတွက် လူအင်အားလိုတော့ မျိုးဆက်ပွားမှုမှာ အဓိကျတဲ့ မိန်းမတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍာမှာ နေရာပေးလေ့ရှိတယ်။ ခေတ်မီသားဖွားပညာလို့ မဆိုနိုင်ပေမယ့် သူတို့နည်း၊ သူတို့ဟန်နဲ့ စနစ်တကျ သားဖွားပညာတတ်နေပြီ။ လူဦးရေးပွားစီးပွားမှု တန်ဖိုးကို နားလည်နေပြီ ဖြစ်တဲ့ အတွက် ကလေးအရွယ် အသေအပျောက် ဖြစ်မှုကို အလေးထားတယ်။ အုပ်စုတွေ ရန်ဖြစ်ရင် ရှုံးတဲ့ အုပ်စုက ယောင်္ကျားတွေ အသတ်ခံရလေ့ရှိပြီး၊ မိန်းမတွေ မယားအဖြစ် အသိမ်းခံရတယ်ဆိုတော့ ရှေးလူတွေဟာ အများအားဖြင့် အုပ်စုမတူ (မျိုးကွဲ) တွေကို အိမ်ထောင်ပြုလေ့ရှိတယ်လို့ ဆိုနိုင်တယ်။ သူတို့ အကြောင်းတွေကို ခုခေတ် ရှမ်းပြည်မှာ ရှိတဲ့ ပြဒါလင်းဂူ ယခင်အနှစ် (၁၀,၀၀၀ – ၂၀,၀၀၀) ခန့်က လို လှိုဏ်ဂူတွေမှာ ရေးဆွဲထားတဲ့ ကျောက်နံရံဆေးရေးပန်းချီတွေကတဆင့် သိရတယ်။

ကျောက်ခေတ်သစ် တော်လှန်ရေးစပြီးတော့ အညာသားတွေဟာ လူရိုင်းကနေ လူကြမ်းတွေ (Barbarians) အဖြစ် ပြောင်းလဲတိုးတက်လာတယ်။ ကျောက်ခေတ်သစ် (ယခင်အနှစ် ၉,၀၀၀ – ၃,၀၀၀) မှာ ယဉ်ကျေးမှုလည်း တိုးတက်လာပြီ။ အဝတ်ကို အရှက်လုံရုံ ဝတ်တတ်ပြီ၊ မုဆိုး၊ တံငါ ဘဝကို လုံးလုံး မစွန့်ပေမယ့် စိုက်ပျိုးရေး နဲ့ မွေးမြူရေး စလုပ်လာ ပြီဖြစ်တယ်။ အညာသားတွေဟာ သဘာဝက ရတဲ့ ထန်းရည်၊ ထန်းလျက် တို့ကို လွန်ခဲ့တဲ့နှစ် ၁၀၀,၀၀ ခန့်က စားသုံးတတ်နေပေမယ့် လူက စိုက်ရတဲ့ ဆန် (စပါး) ကိုတော့ လွန်ခဲ့တဲ့နှစ် ၈,၀၀၀ ခန့်က စစိုက်ပြီး စားကြတယ်။ လွန်ခဲ့တဲ့ အနှစ် (၃,၀၀၀) ခန့်က စပြီး ဆည်ရေသောက် စပါး စိုက်တတ် ပြီ ဖြစ်တယ်။ ကွမ်းရွက်ကို သိနေပြီဖြစ်ပေမယ့် ကွမ်းစားတဲ့ ဓလေ့မရှိသေးပါ။

မြေပြန့် တွေမှာ အိမ်ဆောက်၊ ရွာတည် နေထိုင်လာကြပြီ၊ အိုးထိန်းစက် မလုပ်တတ်သေးပေမယ့် လက်လုပ်အိုးတွေ လုပ်ပြီး ချက်ပြုတ် စားသောက်တတ်နေပြီ၊ လက်နက်အတတ်မှာလည်း လေးနဲ့မြား လုပ်တတ်ပြီ ဖြစ်တယ်။ ဝန်တင်လှည်းလုပ်တတ်ပြီး လှည်းနဲ့ နွားတွဲ သုံးတတ်ပြီ ဖြစ်တယ်။  အစားအစာ ရှာဖွေစုဆောင်းရတဲ့ ဘဝကနေ အစားအစာ (အသီးအနှံ၊ အသား) ကို ထုတ်လုပ်နိုင်ပြီ၊ စုပေါင်းထုတ်လုပ်၊ စုပေါင်းစားသောက်ကြတဲ့ သမိုင်းဦးဘုံမြေစနစ် အစပြုပြီလို့ ဆိုနိုင်တယ်။

ကျောက်ခေတ်တလျောက်လုံးကို ကြည့်ရင် ကိုးကွယ်ယုံကြည်မှု အနေနဲ့ ညောင်ပင်ကြီးတွေ၊ ကျောက်တုံး၊ကျောက်တောင် အကြီးကြီးတွေကို ကိုးကွယ်တာတွေ ရှိတယ်။  တမလွန်ဘဝယုံကြည်တယ်လို့ ယှုဆရတယ်။ အုပ်စုမတူတဲ့ သူတွေကို ဖမ်းပြီး ယစ်ပူဇော်တယ်၊ လူသားစားတယ်လို့တော့ တထစ်ချ မဆိုနိုင်၊ စားတဲ့ အုပ်စုတွေ ရှိကောင်းရှိမယ်၊ ပျော်ရွှင်မှု အနေနဲ့ ယစ်ပူဇော်ပွဲတွေမှာ ယောင်္ကျား၊ မိန်းမ သေရည်၊ သေရက် သောက်ကြတယ်။ ကျောက်ခေတ်သစ်မှာ ပန်းချီ၊ ပုံဆွဲ၊ အနုပညာ ကို ခံစားဖန်တီးတတ်ပြီလို့ ယူဆနိုင်တယ်။

သူတို့တွေဟာ လက်ရှိ လူမျိုးအခေါ်နဲ့ ဘာလူမျိုးတွေလည်းလို့ သေချာမပြောနိုင်၊ တိဗက်မြန်မာ၊ ပျူ၊ မွန်ခမာ၊ ထိုင်းရှမ်း တွေ ဖြစ်စရာ ရှိတယ်။ လက်ရှိ မြန်မာပြည်အနှံ့အပြား မှာ နေပြီးတော့ မနုဿဗေဒ အခေါ်အရတော့ မွန်ဂိုလွိုက်၊ နီဂရွိုက်၊ သြစတြေလွိုက် စတဲ့ အမျိုးတွေ ဖြစ်တယ်။

မြန်မာအပါအဝင် အရှေ့တောင်အာရှ၊ တရုတ်၊ အာရှအလယ်ပိုင်း ကျောက်ခေတ် လူ့အဖွဲ့အစည်းတွေမှာ လူဦးရေစီးကြောင်းတွေရှိပြီး ယဉ်ကျေးမှု၊ ဓလေ့၊ အတတ်ပညာ ဖလှယ်တာတွေရှိနေပြီ ဖြစ်တယ် ဆိုတာကို  အဆိုပါ ဒေသတွေမှာ တူးဖော်တွေ့ရတဲ့ ပုံသဏ္ဍာန်တူညီတဲ့ ကျောက်ခေတ်လက်နက်တွေက သက်သေပြုတယ်။ အနောက်ဘက် အိန္ဒိယ နဲ့တော့ အဲ့အချိန်အထိ ထိစပ်မှု မရှိသေးပါ။

ခု အထက်မှာ တင်ပြခဲ့တာတွေ အများစု ဟာ  မြေထဲမှ တူးဖေါ်ရရှိတဲ့မြေထဲသမိုင်း (Archaeology)၊ အထောက်အထေားအပေါ် အခြေခံတယ်။ ကျောက်နံရံ အရုပ်တွေက တဆင့်သိရတဲ့ အစသမိုင်း (Protohistory ) မှ အချက်တွေလည်း ပါတယ်။

အစသမိုင်း (Protohistory)

လွန်ခဲ့တဲ့ နှစ် ၃,၀၀၀ ခန့် လက်ရှိ မြန်မာတွေနေတဲ့ နေရာမှာ လူတွေစုစည်းနေထိုင်မှု၊ လူမှုအဖွဲ့အစည်း ကျယ့်ပြန့်လာပြီး  မြို့တွေ စပေါ်လာပြီ ဖြစ်တယ်။ လက်ရှိ တူးဖော်တွေ့ရှိချက်အရ အစောဆုံး ဟု ယူဆနိုင်တဲ့ မြို့မှာ ကူမဲမြို့ အနီးရှိ ပျူမြို့ဟောင်း မိုင်းမော (ယခင်နှစ် ၂,၁၀၀) ဖြစ်တယ်။ တွေ့ရှိပြီး ကနဦး ရှေးမြို့ဟောင်းတွေကတော့ ပျူလူမျိုးတွေပဲ တည်တဲ့ တောင်တွင်းကြီးမြို့ အနီးရှိ ဗိဿနိုး (ယခင်နှစ် ၂,၀၀၀)၊ ဝက်လက်မြို့အနီးရှိ ဟန်လင်း (ယခင်နှစ် ၁,၇၀၀)၊ မော်ဇာအနီးရှိ  သရေခေတ္တရာ (ယခင်နှစ် ၂,၁၀၀) တို့ ဖြစ်တယ်။  ကုန်ဘောင်ခေတ် ဘကြီးတော် (၁၈၁၉-၁၈၃၇) လက်ထက် မှန်နန်းရာဇဝင် (The Glass Palace Chronicle of the Kings of Burma) (၁၈၂၉) မှာ ဘုရား (ဗုဒ္ဓ)နဲ့ အမျိုးတော်အောင် ကြံဖန်ပြီး “တကောင်း အဘိရာဇာ သာကီမျိုး” လို့ မှတ်တမ်းတင်ခဲ့ရတဲ့ အထက်ဘက် (မြောက်ပိုင်း) က တကောင်းလည်း မြေထဲသမိုင်းတွေ့ရှိချက်အရ ပျူမြို့ပြနိုင်ငံပဲ ဖြစ်တယ်။

အရှေ့မြောက်ကလာတဲ့ ပျူတွေဟာ မြန်မာတွေ လိုပဲ မွန်ဂိုလွိုက်လူမျိုးနွယ်၊ တိဗက်-မြန်မာ (တိဗက်တို-ဘာမင်း) စကားပြော သူတွေ ဖြစ်တယ်။ ပျူခေတ်ရောက်တော့ အိန္ဒိယနဲ့အဆက်အဆံ ရှိတာ တော်တော်ကြာနေပြီ ဖြစ်တဲ့ အတွက် အိန္ဒိယ ယဉ်ကျေးမှု၊ ဟိန္ဒူ၊ ဗြဟ္မဏအယူ (Barhmanism)၊ ဗုဒ္ဓသာသနာ စတာတွေ လွှမ်းမိုးတယ်။ အိန္ဒိယတိုင်းသားတွေဟာ ယဉ်ကျေးမှု၊ ဗိသုကာ၊ နိုင်ငံရေး၊ အတွေးအခေါ်၊ စီးပွားရေး နယ်ပယ်ပေါင်းစုံမှာ အထောက်အပံ့ပေးခဲ့တယ်။ မြန်မာတွေ လက်ရှိမြန်မာတွေနေ နေတဲ့ နေရာတွေကို မဝင်ခင်ကတည်းက သူတို့ဟာ ပင်လယ်ကတဆင့် အောက်မြန်မာနိုင်ငံကို ဝင်လာနေထိုင်နေပြီ ဖြစ်တယ်။ [ပါမောက္ခလုစ့် (G.H.Luce) ၁၉၄၀ မှာ ရေး၊ ဒေါက်တာ သန်းထွန်း ၂၀၀၅ မှာ ပြင်ဆင်၊ ဖြည့်စွက်၊ တည်းဖြတ်၊ ဘာသာပြန် “Economic Life of the Early Burma” စာတမ်း မှ]။

အကြမ်းအားဖြင့် ပျူတွေ လက်ရှိ မြန်မာတွေ နေတဲ့ နေရာမှာ နေသွားတဲ့ကာလက ခရစ်ရာစု (၄) ရာစု မှ (၉) ရာစု အထိလို့ သတ်မှတ်နိုင်တယ်။ ခရစ်နှစ် (၇) ရာစုခန့်မှာ အိန္ဒိယ အက္ခရာကို သုံးပြီး ပျူတွေ စာရေးတတ်လာတယ်။ အဝတ်အစား၊ ဓလေ့၊ ထုံးစံ၊ ယဉ်ကျေးမှု တွေမှာ အိန္ဒိယဟန် တော်တော်လွှမ်းမိုးတယ်။ မြို့နာမည်တွေကိုလည်း ဗိဿနိုး (Vishnu)၊ သရေခေတ္တရာ (Sri Ksetra) အစရှိသဖြင့် အိန္ဒိယကလာတဲ့  ပါဋိ (Pali)၊ သက္ကတ (ရိုက်) (Sanskrit) ဘာသာစကား နာမည်တွေ ပေးတယ်။ အများစုဟာ ထေရဝါဒ ဗုဒ္ဓ (Theravada Buddhism) ဘာသာဝင်တွေဖြစ်တယ်လို့ ယှုဆနိုင်ပေမယ့် မဟာယန (Vajrayāna)၊ ဟိန္ဒူ (Hinduism) ၊ ဗြဟ္မဏအယူ (Barhmanism)၊ လောကနတ်အယူ (Avalokiteśvara)၊ နတ်ကိုးကွယ်မှု စတာတွေလည်း ရှိတယ်။ ကျွဲ၊နွား ယစ်ပူဇော်မှုတွေ၊ အရက်သေစာ သောက်စားမှုတွေလည်း တွင်တွင်ကျယ်ကျယ် ရှိသေးတယ်။

ကျောက်ခေတ်ကနေ ကြေးခေတ်ကို ပြောင်းသွားပြီ၊ နိုင်ငံရေး၊ စီးပွးရေး အရဆိုလည်း သမိုင်းဦးဘုံမြေစနစ် ကနေ အိန္ဒိယက ရတဲ့ မြေရှင် ပဒေသရာဇ်စနစ်ကို စပြောင်းပြီ ဖြစ်တယ်။  လူမလိုင်အလွှာ (Elite) ပဒေသရာဇ်တွေ၊ အုပ်စိုးသူလူတန်းစာ၊ ကုန်သည်၊ သာသနာ့ဝန်ထမ်း၊ အုပ်ချုပ်ခံ သူဆင်းရဲ၊  စတဲ့ လူတန်းစားတွေ ပေါ်လာပြီ ဖြစ်တယ်။ ကျွန်စနစ်လည်း ရှိတယ်။  နိုင်ငံခြားကုန်သွယ်မှု၊  ငွေကြေးစနစ် (ပျူ ငွေဒင်္ဂါး) စတဲ့ ခိုင်မာတဲ့ စီးပွားရေးစနစ်လည်း ရှိပြီ ဖြစ်တယ်။ ပျူမြို့ပြနိုင်ငံတွေဟာ တရုတ် နဲ့ အိန္ဒိယ ကြား ကုန်သွယ်မှု လမ်းကြောင်းပေါ်မှာ ရှိတော့ စီပွားဖွံ့ဖြိုး၊ ကြွယ်ဝချမ်းသာတယ်။ ရောမသံအဖွဲ့တွေတောင် ဒီလမ်းကြောင်းကို ဖြတ်ဖူးတယ်လို့ တရုတ်မှတ်တမ်းတွေမှာ ပါတယ်။ အဓိကကုန်သွယ်မှုကတော့ တနင်္သာရီကမ်းရိုးတန်းမှတဆင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု ဖြစ်တယ်။

ပျူဟာ အိန္ဒိယမှ ကိုးကွယ်ယုံကြည်မှုတွေ၊ ယဉ်ကျေးမှု၊ စာပေ စတာတွေ ရပြီး ဖြစ်လို့ ယဉ်ကျေးမှုအဆင့်တန်းမြင့်ပြီး အင်မတန် ယဉ်ကျေးကြတယ်။ နောက်ပိုင်းခေတ်တွေလို မိန်းမခွဲခြားခံရမှုလည်း မရှိဘူး။ မိန်းမတွေလည်း ယောင်္ကျားတွေနဲ့ အတူ စာတတ်မြောက် ကြတယ်။ အနုပညာ၊ လက်မှုပညာ၊ ဗိသုကာပညာ အင်မတန်ထွန်းကားတယ်၊ အံ့သြဘွယ်ကောင်းလောက်အောင် လက်ရာမြောက်ကြတယ်။ တရုတ်မှတ်တမ်းတချို့က ပျူတွေဟာ အလွန်ယဉ်ကျေးသိမ်မွေ့ပြီး ငြိမ်းချမ်းရေးကို လိုလားတယ်၊ စစ်ပွဲကို မကြိုက်ဘူး၊ အဝတ်မှာ ပိုးထည်ဝတ်ရင် ပိုးကောင်လေးတွေကို သတ်တယ်ဖြစ်မှာစိုးလို့ ချည်ပဲဝတ်တယ်လို့တောင် ရေးကြတယ်။

ခုလက်ရှိ မြန်မာတွေ နေတဲ့ နေရာမှာ ပျူလိုပဲ အရင်နေ နေတာက ယခု ကမ်ပူချာ၊ ဗီယက်နမ်ရှိ လူမျိုးတွေနဲ့ အမျိုးတူ၊ သြစတြိုအေရှားတစ်အနွယ်ဝင် မွန်ခမာ မျိုးနွယ် မွန်တွေဖြစ်တယ်။ မွန်တွေဟာ မြန်မာပြည် အောင်ပိုင်း မြစ်ဝကျွန်းပေါ်မှာ အဓိကနေတယ်ဆိုပေမယ့်လည်း မြန်မာပြည်အလယ်ပိုင်းကိုလည်း ရောက်တယ်။ သူတို့ဟာ ပျူလိုပဲ အိန္ဒိယ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စာပေ၊ အက္ခရာ ကို လက်ခံတော့ ဗြဟ္မဏ ဘာသာဝင်၊ ဗုဒ္ဓ ဘာသာဝင်တွေဖြစ်လာပြီး ခရစ်နှစ် (၈) ရာစုလောက်မှာ စာရေးတတ်လာတယ်။

ပျူ နဲ့ မွန် တွေ ထိတွေ့မှု ရှိကြတော့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူမှုရေး၊ စီးပွားရေး အပြန်အလှန် ဖလှယ်၊ အကျိုးပြုတယ်၊ ပိုအားကောင်းတဲ့ အိန္ဒိယ ယဉ်ကျေးမှု ကို နှစ်စုစလုံးရတော့လည်း ယုံကြည်မှုကိုးကွယ်မှု၊ စာပေ စတဲ့ ယဉ်ကျေးမှုတိုးတက်ပြောင်းလဲမှုတွေ ရှိလာတယ်။ ပျူမြို့ပြနိုင်ငံ တည်ဆောက်မှုပုံစံတွေရဲ့ သြာဇာဟာ နောက်ပိုင်း မြန်မာမြို့ပြတည်ထောင်မှုတွင်သာမက ယိုးဒယား (Siamese) အထိပါ သက်ရောက်တယ်။ မြန်မာတွေ ခုလက်ရှိ မြန်မာအများစုနေထိုင်တဲ့ အလယ်ပိုင်းကို ဝင်လာတဲ့ အချိန်မှာ အိန္ဒိယ၊ ပျူ၊ မွန်၊ တို့ဆီက ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဓလေ့၊ ဗိသုကာ၊ စာပေ စတာတွေ ရလို့ တောင်ပေါ်သား လူကြမ်း၊ လူရိုးကြီးတွေ အဖြစ်ကနေ နောက်ပိုင်း ပုဂံလက်နက်အင်ပါယာကြီး ထူထောင်နိုင်တဲ့အထိ တိုးတက်ဖြစ်ထွန်းခဲ့ရတယ်။

ပျူ နဲ့ မွန် တွေ တန်ခိုးကျဆင်းတဲ့အချိန် မြန်မာတွေ မြေပြန့်ဆင်းလာပြီး အခြေချပုံ နဲ့ ယဉ်ကျေးမှု ဆက်လက်ဖြစ်ထွန်းပုံတွေကို နောက်ဆောင်းပါးမှာ ဆက်လက်တင်ပြပါမယ်။

ငြိမ်းချမ်းအေး

၁၉၊ ဧပြီ၊ ၂၀၁၂

ကိုးကား။    ။

ဗိုလ်မှူးဘရှင်၊ အနော်ရထာအရင်က မြန်မာနိုင်ငံ၊ ဆွေဆွေမော် စာအုပ်တိုက်၊ ဒုတိယအကြိမ်၊ ၁၉၇၅။

ဒေါက်တာသန်းထွန်း၊ မြန်မာ့သမိုင်းမြေပုံများ၊ မုံရွေးစာအုပ်တိုက်၊ ၂၀၀၄။

ဒေါက်တာသန်းထွန်း၊ ပုဂံခေတ် လူမှုရေး၊ “ရှေးမြန်မာတို့ ဝမ်းစာရှာပုံ” အခန်း၊ ရာစုသစ်စာအုပ်တိုက်၊ ၂၀၀၅။ (မူရင်း –  “Economic Life of the   Early Burma” by G. H. Luce၊ JBRS၊ တွဲ ၃၀၊ ပိုင်း ၁၊ ဧပြီ ၁၉၄၀ ပါ သုတေသန စာတမ်းကို ဒေါက်တာ သန်းထွန်း ပြင်ဆင်၊ ဖြည့်စွက်၊ တည်းဖြတ်၊ ဘာသာပြန် သည်။)

ဒေါက်တာသန်းထွန်း၊ “မြန်မာ့ဓလေ့” ဆောင်းပါး၊ The Waves မဂ္ဂဇင်း၊ အတွဲ ၄၊ စင်တင်ဘာ၊ ၂၀၀၆။

Janice Stargardt, “The Ancient Pyu of Burma: Early Pyu cities in a man-made landscape”, Illustrated Edition, 1990.

လူတစ်ယောက်ရဲ့ အဝတ်အစားကို ကြည့်ပြီး ယဉ်ကျေးမှု မရှိဘူးလို့ တသမတ်တည်းကောက်ချက်ဆွဲလို့ မရပါ။ ယဉ်ကျေးမှုရဲ့ သဘောက ကျယ်ပြန့်ပါတယ်။

လူတစ်ဦချင်းအရ ယဉ်ကျေးမှုကို တိုင်းတာရင် ယဉ်ကျေးတဲ့လူမှာ ရှိသင့်ရှိထိုက်တဲ့ ဗဟုသုတ၊ လူမှုဆက်ဆံရေး အပြုအမူ၊ ယုံကြည်မှု (သို့) ကိုးကွယ်မှု စတာတွေနဲ့ တိုင်းတာနိုင်တယ်။

လူ့အဖွဲ့အစည်းအလိုက်ဆိုလည်း အနုပညာ၊ စာပေ၊ ဘာသာစကား၊ ကိုယ်ကွယ် ယုံကြည်မှု၊ သမိုင်း စတာတွေကို ကြည့်ပြီး ယဉ်ကျေးမှုမြင့်တယ်၊ နိမ့်တယ် ဆိုပြီး သတ်မှတ်လေ့ရှိတယ်။ ဘုံတူညီတဲ့ တန်ဖိုး၊ ရည်မှန်းချက်၊ လူမှုဆက်ဆံရေး အပြုအမူ၊ လူမှုဆက်ဆံရေး လုပ်ထုံးလုပ်နည်း၊ ဓလေ့ စတာတွေကို အခြေခံပြီး လူအဖွဲ့အစည်းတစ်ခုရဲ့ ယဉ်ကျေးမှုလို့ သတ်မှတ်ကြတာပါ။

လူတစ်ယောက်ရဲ့ အဝတ်အစားကို ကြည့်ပြီး ပိုပြီး တသမတ်တည်းကောက်ချက်ဆွဲလို့မရတာက အကျင့်စာရိတ္တပါ။ အကျင့်စာရိတ္တဟာ လူတစ်ယောက်ရဲ့ လူပီသတဲ့ အကျင့်၊ စရိုက်၊ အပြုအမူ နဲ့ လူအဖွဲ့အစည်းမှာ ရှိတဲ့ ကျင့်ဝတ်၊ စည်းကမ်းတွေကို လေးစားလိုက်နာမှုနဲ့ ပိုသက်ဆိုင်ပါတယ်။

ဗုဒ္ဓဟောတဲ့

သဒ္ဒါ – ကိုးကွယ်ယုံကြည်မှုရှိခြင်း၊
သီလ – ကိုယ်၊ နှုတ်၊ စိတ်နှလုံး စောင့်ထိန်းခြင်း၊
စာဂ – ပေးကန်းစွန့်ကြဲခြင်း၊
သုတ – အကြားအမြင် ဗဟုသုတများခြင်း၊
ပညာ – အမှန်ကိုသိခြင်း၊
ဟီရိ – မကောင်းမှုပြုရမှာကို ရှက်ခြင်း၊
သြတ္တပ – မကောင်းမှုပြုရမှာကို ကြောက်ရွံ့ခြင်း ဆိုတဲ့

သူတော်ကောင်းဥစ္စာ ခုနှစ်ပါးတရားနဲ့လည်း ယဉ်ကျေးမှု၊ အကျင့်စာရိတ္တကို ဖော်ညွှန်းနိုင်ပါတယ်။

ကိုယ်၊ စိတ်၊ နှလုံး စောင့်ထိန်းခြင်းမှာ အဝတ်အစားဆင်ယင်မှုပါတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘုရားသွား၊ ကျောင်းတက် လုပ်တဲ့နေရာမှာ ဝတ်ဆင်တဲ့ ဆင်ယင်မှုနဲ့ ပျော်ပွဲ၊ ရွှင်ပွဲ သွားတဲ့နေရာမှာ ဆင်ယင် ထုံးဖွဲ့မှုဟာ မတူညီနိုင်ပါ။ လူတွေဟာ နေရာ၊ဌာန၊ ရာသီဥတု အပေါ်မူတည်ပြီး လိုက်လျောညီထွေ ပြောင်းလဲ ဝတ်စားဆင်ယင်လေ့ရှိကြတာ သဘာဝ ပါ။

ပျော်ပွဲ၊ ရွှင်ပွဲမှာ အပျော်ကနေ အပျက်မဖြစ်အောင် ထိန်းသိမ်းတည့်မတ်ပေးဖို့က အဝတ်အစားတစ်ခုတည်းချည်း ဇောင်းပေးလို့မရပါ။ ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ အရက်သေစာ ရောင်းဝယ်ဖောက်ကားမှု၊ မူးရစ်ရမ်းကားမှု စတာတွေကို ဖြောင့်မတ် မှန်ကန်တိကျတဲ့၊ တပြေးညီဖြစ်တဲ့ တရားဥပဒေနဲ့ ထိန်းချုပ်နိုင်မှု၊ ကောင်းမွန် မှန်ကန်တဲ့ အသိပညာပေးနိုင်မှု၊ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်း စတဲ့ တိုင်းပြည်အတွက် ပိုမိုအရေးကြီးတဲ့ အခန်းကဏ္ဍတွေကို ထိထိရောက်ရောက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ဝေဖန်ထောက်ပြတာက ပိုသင့်လျော်မယ် ထင်ပါတယ်။

ခေတ်ရဲ့ ဝတ်စားဆင်ယင်မှုဟာ ခန္ဓာကိုယ်ဖော်ပြမှု အသားပေးပြီးလျှပ်ပေါ်လော်လည် (လီ) လာနေတယ်လို့လည်း ဆိုမရပါ။ ရင်သား၊ပေါင်တံ စတဲ့ ကိုယ်ခန္ဓာကို လှစ်ဟာ ဖော်ပြတဲ့ စွဲဆောင်မှုရှိစေတဲ့ ဝတ်စားဆင်ယင်မှုတွေဟာ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်း စရှိကတည်းက (ဗမာပြည်နဲ့ ပြောရင် ပျူခေတ်၊ ပုဂံ ခေတ်လို ခေတ်တွေကတည်းက) ခေတ်အလိုက် ပုံစံ ကွဲပြားပေမယ့် ကိုယ်ခန္ဓာအလှ ပေါ်လွင်စေတယ်ဆိုတဲ့ သဘောက ခေတ်အဆက်ဆက် ထွန်းကားတဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပုံစံတွေမှာ ပါမြဲ ဖြစ်တယ်။

လူတစ်ယောက်ရဲ့ အဝတ်အစားဝတ်ဆင်မှုနဲ့ ဘယ်လိုမှ မပတ်သက်ဆုံး ကိစ္စကတော့ လူတစ်ဦးချင်းရဲ့ လွတ်လပ်ပိုင်ခွင့်၊ အခွင့်အရေးကို အာမခံတဲ့ ဒီမိုကရေစီ စနစ်ပါ။ ဒီမိုကရေစီ စနစ်က အာမခံတဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်မှာ တရား၊ ဥပဒေကို လေးစားလိုက်နာမှု၊ လူတစ်ဦးချင်းစီရဲ့ တာဝန်ယူမှုက တွဲပါရပါတယ်။ ကိုယ်ရဲ့ ဝတ်စားဆင်ယင်မှု (အပြောအဆို၊ အနေအထိုင်၊ အပြုအမူ အားလုံးပါ ပါတယ်) က လူတစ်ဘက်သားကို အနှောင့်အယှက်မဖြစ်စေရ၊ မထိခိုက်စေရ ဆိုတာ ဒီမိုကရေစီ လူဘောင်အဖွဲ့အစည်းမှာ ရှိတဲ့ လူတိုင်းက လိုက်နာရတဲ့ လူ့ကျင့်ဝတ်ဖြစ်သလို မဖြစ်မနေလုပ်ဆောင်ရတဲ့ တာဝန်၊ ဝတ္တရားလည်း ဖြစ်တယ်။ ဝတ်စုံပြည့်ဝတ်ရမယ်လို့ သတ်မှတ်ထားတဲ့ စားသောက်ဆိုင်မှာ သတ်မှတ်ထားတဲ့ ဝတ်စုံနဲ့မှ စားသောက်ခွင့် ရှိသလို၊ အဝတ်ဗလာ တွေပဲ လာရောက်ခွင့် ရှိတဲ့ ကမ်းခြေမျိုးမှာလည်း အဝတ်အစားမပါ၊ အဝတ်မဲ့ နေနိုင်မှ ဝင်ရောက်ခွင့်ရသလိုမျိုးပါ။

ခေတ်သစ် ကမ္ဘာရဲ့ နည်းပညာ၊ ဆက်သွယ်ရေး တိုးတက်ဖြစ်ထွန်းမှုလာမှုနဲ့ အတူ ကမ္ဘာတစ်ခုလုံးရဲ့ ကူးလူးဆက်ဆံ၊ စီပွားလုပ် စတဲ့ ထိတွေမှုတွေဟာ လျင်မြန် မြန်ဆန်၊ ကျယ်ပြန့် လာရုံမက တစ်နေ့ထက် တစ်နေ့လည်း ပိုများလာနေတယ်။  လူ့အဖွဲ့အစည်း အသီးသီးမှာ ရှိနေတဲ့ လူတွေရဲ့ အတွေးခေါ်၊ ဓလေ့ထုံစံ၊ အပြုအမှု၊ အစားအသောက် တွေဟာ ကူးလူးစပ်ယှက် ပြောင်းလဲလာတာများသလို ဝတ်စားဆင်ယင်မှု ဓလေ့တွေကလည်း ပြောင်းလဲလာပြီး လူအဖွဲ့အစည်းတစ်ခုတည်းရဲ့ ဝတ်ဆင်မှု ဓလေ့၊ ယဉ်ကျေးမှုအတိုင်း မဟုတ်တော့ဘဲ၊ ယဉ်ကျေးမှုပေါင်းစုံရဲ့ ဝတ်ဆင်မှုအဖြစ်ပြောင်းလဲလာတာ၊ တနည်းအားဖြင့် ကမ္ဘာပိုဆန်လာတယ် ဆိုတာ သဘာဝ ပါလို့ လက်ခံနိုင်ရပါမယ်။

လူအဖွဲ့အစည်းတစ်ခုရဲ့ အပေါ်ယံ ဝတ်စားဆင်ယင်မှု ပြောင်းလဲလာတာကို ပြစ်တင်ဝေဖန်နေမယ့်အစား လူအဖွဲ့အစည်းပေါင်းစုံက လက်ခံနိုင်တဲ့ (လက်ခံထားတဲ့) ယဉ်ကျေးမှု ရှိသူ၊ လူယဉ်ကျေးလို့ သတ်မှတ်စေတဲ့၊ ဘုရားဟောနဲ့လည်းညီတဲ့ မကောင်းမှု ဒုစရိုက်ပြုရမှာကို ရှက်ကြောက်လာစေခြင်း၊ တရားဥပဒေ၊ ကျင့်ဝတ် စည်းကမ်း ကို လေးစာလိုက်နာလာစေခြင်း၊ အကြားအမြင် ဗဟုသုတများ၊ အကျိုးအကြောင်း ပညာကြီးပြီး အမှန်ကို သိလာစေခြင်း၊ လူ့ကျင့်ဝတ်ကို သိတဲ့၊ လူပီသတဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ ဓလေ့စရိုက် တို့ကို ထွန်းကားစေခြင်း၊ စတဲ့ အတွင်း စိတ် သဏ္ဍာန် ရိုးသား၊ စင်ကြယ်၊ ဖြောင့်မတ်၊ မှန်ကန်မှုကို ဦးစားပေးပြီး စာရိတ္တ မဏ္ဍိုင် တိုးတက်ဖွံ့ဖြိုးဖို့စေဖို့ မိမိကိုယ်တိုင်က (တစ်ဦးချင်း) နေထိုင်ကျင့်ကြံသွားနိုင်မှ မိမိ ယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းတဲ့၊ ယဉ်ကျေးမှုပေါင်းစုံကိုလည်း လေးစားလက်ခံနိုင်တဲ့ ပိုမိုကောင်းမွန်လှပတဲ့ အနာဂတ်ရှိတဲ့ လူအဖွဲ့အစည်းတစ်ခု ဖြစ်လာမှာပါ။

ငြိမ်းချမ်းအေး

၁၅၊ ဧပြီ၊ ၂၀၁၂

ပုဂံခေတ် သင်္ကြန်ပွဲ Photo from http://www.ask.com/wiki/Thingyan

တစ်ချက်ကလေးတောင်မှမလပ်

မျက်တောင်မခပ်စတမ်း

နေ့နေ့ညည

အားလျားမှောက်လိုက် ငုတ်တုတ်ထိုင်လိုက်နဲ့

စောင့်ကြပ်ပေးလာတဲ့

အရှေ့ပြုဗ္ဗာ အနောက်ဂေါယာက

ရိုးမညီနောင် …။

 

ငြိမ့်လိုက်သမျှသိမ့်

သိမ့်လိုက်သမျှအေး

အေးလိုက်သမျှမြ

မြလိုက်သမျှကိုလှနေတဲ့

ဥတ္တရာဖြူးချောင်းနဲ့

ဒက္ခိဏာ ဘန်းလောင်ချောင်း

မို့တယ်ဆိုရုံလေး

ကုန်းထွေးထွေးလေးပေါ်

ဖြူဖြူဖွေးဖွေး ဖြူကလေးတစ်ကောင်

ထွေးထွေးပုံ့ပုံ့ထိုင်နေသလို

သမိုင်းဆရာတွေက

ပျူဆာယာလေးတစ်ခုသို့

မှတ်တမ်းပြုသမို့

ငါတို့အတွက် ပျူကလာတဲ့ဖြူး

အကြေအညာက ဆွေသဟာတွေ

လာလာလေသမျှ ဖြူးနေအောင်သွယ်ပြထားတဲ့

လမ်းမကြီးက တစ်စုံ .. နှစ်ခု။

 

လေပြေကလေးတဖြူးဖြူးမှာ

မြေသင်းနံ့တဖြူးဖြူး

ကန်သင်းတွေကဖြူး

စပါးခင်းတွေကဖြူး

ကြံခင်းတွေကဖြူး

ပဲခင်းတွေကဖြူး

စက်ရုံအလုပ်ရုံတွေကဖြူး

ဆည်ကြီးတွေကဖြူး

လမ်း … ရုံး … ဈေးတွေကလည်းဖြူး

ပျော်ရွှင်မြူးကြွနေတဲ့ ဘ၀အလှတွေပါ

ဖြူးဖြူးပြနေတဲ့

ဖြူးကိုဖြူးတဲ့ …. ဖြူး။

 

(မောင်ချောထွေး)

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးနှင့် စက်မှုကဏ္ဍ တိုးတက်မှုအတွက် ရေနက်ဆိပ်ကမ်းဟာ ထောက်ပံ့ရေးဗဟိုချက်အဖြစ် အဓိက အခန်းကဏ္ဍကနေပါဝင်ပါတယ်ဆိုတာငြင်းလို့ မရပါဘူး။

စီးပွားရေးဆိုင်ရာ တိုးတက်မှုကို အထောက်အကူ ပြုပေမဲ့၊ ဆိပ်ကမ်းတည်ဆောက်ရာ ကမ်းခြေတလျှောက် ညစ်ညမ်းမှုကို ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်စေတဲ့အပြင် ဇီဝမျိုးစိတ်တွေ ရှင်သန်နေထိုင်ရာပျောက်ဆုံးမှု၊ ဂေဟစနစ်ပျက်စီးမှု စတဲ့ ရလဒ်ဆိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် လာရောက် ရင်းနှီးမြုပ်နှံသူတွေကလည်း ဒေသရှိ သဘာဝသယံဇာတများကို ဒေသခံတွေရဲ့ အကျိုးစီးပွားအတွက်မဟုတ်ဘဲ  သူတို့ ကိုယ်ကျိုးသက်သက် အမြတ်ထုတ်ဖို့ ရှိနေပါတယ်။

သြစတြေးလျအစိုးရရဲ့ ၂၀၀၆ ခုနှစ်မှာ ထုတ်ပြန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာတစ်ခုအရ သြစတြေးလျ ရေထုအတွင်း စွန့်ပစ်လိုက်တဲ့ ညစ်ညမ်းရေပမာဏရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဆိပ်ကမ်းရှိ သဘောင်္များနဲ့ ကုန်ပစ္စည်းများမှ လာကြောင်း သိရှိရပါတယ် ။ ဒီညစ်ညမ်းတဲ့ရေထုဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမက ဆိပ်ကမ်း အလုပ်သမားများအပါအ၀င် ကမ်းရိုးတန်းတလျှောက်နေထိုင်ကြသူတွေကို ကျန်းမာရေးထိခိုက်စေတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ် ။

မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံအတွက်တော့ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတည်ဆောက်မှုစီမံကိန်းဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမှာ ဖြစ်သလို အဆိုပါ ပြောင်းလဲမှုများဟာလည်း အချင်းချင်း အပြန်အလှန်ဆက်စပ်လျက် ရှိပါတယ် ။

မြန်မာအစိုးရဟာ ၂၀၁၀ ခုနှစ်မှာ လယ်သမား ဥယျာဉ်သမား စတဲ့ မြေယာပေါ် မှီတင်းရှင်သန်ကြတဲ့ ရွာသူရွာသားတွေ များစွာနေထိုင်တဲ့ ကျေးရွာတွေမှာ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံ စီမံကိန်းကို စတင်ခဲ့တာဖြစ်ပါတယ် ။ အဆိုပါ စ်ီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်ကမ်းရိုးတန်းပေါ်မှာရှိပြီး သာယာလှပတဲ့ ထားဝယ်မြို့မှ ၁၈ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။

ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းလို့ အမည်ရတဲ့ အဆိုပါ စီမံကိန်းဟာ ပထ၀ီအနေအထားအရ မြန်မာနိုင်ငံအတွက်သာ မဟုတ်ဘဲ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အလွန်ပင်အရေးပါလှပါတယ် ။ ကပ္ပလီပင်လယ်အတွင်း တည်ဆောက်မယ့် အဆိုပါဆိပ်ကမ်းဟာ ဥရောပ ၊ အရှေ့အလယ်ပိုင်းနှင့် အင်ဒိုချိုင်းနားတွေကြားမှာ တိုတောင်းလွယ်ကူတဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လမ်းကြောင်းတစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

ကီလိုမီတာပေါင်း မြောက်မြားစွားဝေးကွာသည့် မာလက္ကာ ရေလက်ကြားကို ဖြတ်မည့်အစား အဆိုပါလမ်းကြောင်းကို အသုံးပြုခြင်းဖြင့် အချိန်နှင့် လောင်စာကို သက်သာစေတဲ့အပြင် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ် ။

အခုလို စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ရသည့် အတွက် ဖွံဖြိုးတိုးတက်သည်ဟုဆို နိုင်ပါသလား။ အဆိုပါ အကျိုးအမြတ်များကိုရော ဒေသခံ လူထုအပါအ၀င် မြန်မာနိုင်ငံသူနိုင်ငံသားများ ဘယ်လောက် ခံစားခွင့်ရကြပါသလဲ။ ဖွံဖြိုးတိုးတက်မှုဟုဆိုရာတွင် စီးပွားရေးတစ်ခုတည်း ဖွံဖြိုးတိုးတက်ခြင်းကို ဆိုလိုခြင်း မဟုတ်တဲ့ အခြားသော လူမှုရေး၊ နိုင်ငံရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်၊ အကျိုးအမြတ်၊ ထိခိုက်မှု ပြောင်းလဲမှုများကို အသေအချာ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

နိုင်ငံရေးရှုထောင့်

ထားဝယ်ဖွံဖြိုးရေး စီမံကိန်းအနေနဲ့ အရေးကြီးဆုံးနဲ့ အထင်ရှားဆုံး ပြဿနာကတော့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို စီမံဆောင်ရွက်တဲ့နေရာမှာ တိကျတဲ့ဥပဒေ ထုတ်ပြန်နိုင်ခြင်းမရှိသေးတာပါပဲ။ အခုလို ဖွံ့ဖြိုးရေး စီမံကိန်းအကြီးကြီးတွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမပြုမီ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို လေ့လာဆန်းစစ်တဲ့ ထုတ်ပြန်ချက်တွေ၊ လူမှုရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုကို လေ့လာဆန်းစစ်တဲ့ ထုတ်ပြန်ချက်တွေကို အရင်ပြုလုပ်ရမယ်လို့ ဥပဒေကြောင်းအရ ဖော်ပြထားခြင်းမရှိသေးပါဘူး။

ခြုံ၍ပြောရလျှင် ဒေသခံပြည်သူလူထုအတွက် သူတို့မှီတင်းနေထိုင်ရှင်သန်ရာ မြေကိုတောင်မှ ကာကွယ်ပိုင်ခွင့်နှင့် ပိုင်ဆိုင်နိုင်ခွင့်ကို အာမခံနိုင်သည့် ဥပဒေမရှိပါဘူး။ အစိုးရအနေနဲ့ မြေယာတွေကို ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက် သိမ်းဆည်းနိုင်ကြောင်းကို ဥပဒေကြောင်းအရ အခွင့်အရေးပေးထားပါတယ်။ ဒါဟာ ဒေသခံလူထုအတွက် တုံးအောက်က ဖားသူငယ်ပမာပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ဘ၀တွေ လူနေမှုစနစ်တွေကို ပြောင်းပြန်ပြောင်းလဲစေနိုင်တဲ့အပြင် မှီတင်းရာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမယ့် စက်ရုံအကြီးကြီးတွေကို ကော်ပိုရေးရှင်းအကြီးစားတွေ တည်ဆောက်ဖို့ ကြိုးပမ်းလာချိန်မှာ ဒေသခံတွေဟာ သူတို့ရဲ့ဘ၀တွေအတွက် ခုခံပိုင်ခွင့်မရှိပါဘူး ။

ထိုင်းအစိုးရရော မြန်မာအစိုးရပါ အဆိုပါ နောက်ဆက်ထိခိုက်ပျက်စီးမှုတွေကို သိပါလျက်နဲ့ စီးပွားရေးအကျိုးအမြတ် တစ်ခုတည်းကိုသာကြည့်တာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုတွေကို မသိသလို လျစ်လျူရှုထားကြပါတယ် ။

စီးပွားရေး ရှုထောင့်

မူဝါဒရေးရာနှင့် နိုင်ငံရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုမရှိတာဟာလည်း  အခြားသော နိုင်ငံတွေအတွက် မြန်မာနိုင်ငံဟာ ခေါင်းပုံဖြတ်အမြတ်ထုတ်ရာနေရာ တစ်ခုဖြစ်လာအောင် ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ် ။ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတွေက ဒီအချက်ကို အခွင့်ကောင်းယူပြီးတော့ မြန်မာနိုင်ငံအတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်နေကြပါတယ်။

ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ‘အိုင်တီဒီ’ ဟာ မြန်မာ့ဆိပ်ကမ်းမှာ ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံဖို့ ဆောင်ရွက်နေပါပြီ ။အဆိုပါ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံစီမံကိန်းဟာလည်း ထိုင်းနိုင်ငံအတွက် လိုအပ်တဲ့ စွမ်းအင်အပါအ၀င် အခြားစက်မှုကဏ္ဍဆိုင်ရာ အကျိုးအမြတ်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ဒီလို စီမံကိန်းတွေကို ထိုင်းနိုင်ငံမှာ ဆောင်ရွက်မည်ဆိုလျှင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလေ့လာဆန်းစစ်ချက် အပါအ၀င် လေ့လာဆန်းစစ်ချက်တွေကို စီမံကိန်းမတိုင်မီပြုလုပ်ရပါတယ် ။ လေထု ရေထုညစ်ညမ်းမှုအပါအ၀င် ဒေသခံလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ခိုင်ခိုင်မာမာတင်ပြနိုင်ရင် စီမံကိန်းတွေကို လုပ်ပိုင်ခွင့်မရကြပါဘူး။

အခုဆိုရင် အဆိုပါ ထိုင်းကုမ္ပဏီဟာ သူတို့နိုင်ငံမှာ တည်ဆောက်လို့မရတဲ့ ညစ်ညမ်းတဲ့ စက်ရုံတွေပါတဲ့ စီမံကိန်းတွေကို လွတ်လပ်စွာပြောဆိုခွင့်၊ သဘာဝ အရင်းအမြစ်တွေကို စီမံခန့်ခွဲရာမှာ ဒေသခံလူတွေက ပါဝင်ပြောဆို ဆုံးဖြတ်ခွင့် စတဲ့ အခွင့်အရေးတွေ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ လာရောက်တည်ဆောက်တော့မှာဖြစ်ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ အလုပ်အကိုင်အခွင့်အလမ်း မြောက်မြားစွားကို ဖန်တီးပေးမှာမလွဲဧကန် ဖြစ်သလို အဆိုပါဒေသမှာ မှီတင်းနေထိုင်ကြတဲ့ လယ်သမား ဥယျာဉ်သမား ငါးဖမ်းသမားတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို ဖျက်ဆီးပစ်မှာလည်း သေချာနေပါတယ် ။

နိုင်ငံခြားမှ ကျွမ်းကျင်အလုပ်သမားမြောက်မြားစွာ ၀င်ရောက်လာပြီး ဒေသခံတွေအတွက်ကတော့ အလုပ်ကြမ်းနှင့် နေ့စား အလုပ်အကိုင်တွေကို ဈေးပေါပေါနဲ့ လုပ်ကိုင်ကြရပါလိမ့်မယ်။ လိုအပ်တဲ့ စွမ်းရည်နဲ့ အရည်အချင်းမရှိဆိုသော အကြောင်းပြချက်ဖြင့် ဒေသခံများအတွက် အနည်းငယ်သော အလုပ်အကိုင်သာ ရနိုင်ပြီး အများစုအတွက်တော့ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့အခြေချနေထိုင်ရပါလိမ့်မယ်။

လူမှုရေးရှုထောင့်

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် အခုဆိုရင်စီမံကိန်း ဧရိယာအတွင်းနေထိုင်တဲ့ လူတွေပြောင်းရွှေ့နေကြရသလို မကြာမီအချိန်အတွင်းမှာလည်း ထောင်သောင်းချီပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။ ဒေသခံတွေဆီက မြေယာတွေကို အတင်းအဓမ္မသိမ်းယူမှုဟာ ထားဝယ်ဒေသမှဒေသခံထားဝယ်လူမျိုးတွေကို မြန်မာနိုင်ငံအခြားဒေသ (သို့မဟုတ်) ထိုင်း နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ကြအောင် ဖိအားပေးလျက်ရှိပါတယ်။

ဒေသခံတွေရဲ့ သဘောဆန္ဒမပါ လျော်ကြေးတစ်စုံတစ်ရာ ပေးအပ်ခြင်းမရှိတဲ့ မြေယာသိမ်းဆည်းမှု ၊ နေထိုင်မယ့် အိမ်ယာဖန်တီးပေးခြင်းမရှိသေးဘဲ အတင်းအဓမ္မရွှေ့ပြောင်းစေမှုတွေက ဒေသခံတွေကို လူမှုရေးဆိုင်ရာ ပြဿနာတွေကြား နစ်မြုပ်စေပါတယ် ။

မြေယာမဲ့ဖြစ်သွားတဲ့ ဒေသခံတွေအတွက် ရရာအလုပ်အကိုင်ကို လုပ်ခနည်းနည်းဖြင့် ၀င်ရောက်လုပ်ကိုင်ကြရ ပါတော့မယ် ။ ဒါဟာ အစိုးရအတွက် စီမံကိန်းတွေကို ဈေးပေါပေါဖြင့် ပြီးမြောက်အောင် လုပ်ကိုင်လေ့ရှိတဲ့ ဗျူဟာတစ်ခုလည်း ဖြစ်နေပါတယ် ။

အခြားထင်ရှားတဲ့ ဆိုးကျိုးကတော့ စက်မှုဇုံမှ ထွက်ရှိလာတဲ့ ဓာတုပစ္စည်းများကြောင့် ဒေသခံလူထုရဲ့ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေခြင်းဖြစ်ပါတယ် ။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေက ပြုလုပ်ထားတဲ့ EIA , SIA , HIA မရှိတဲ့အတွက် မကြာမီ ဒီစီမံကိန်းရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဒေသခံ ထားဝယ်လူမျိုးတွေ ခံစားကြရတော့မှာ ဖြစ်ပါတယ် ။

ဥပမာအနေနဲ့ ပြောရရင် ထိုင်းနိုင်ငံရှိ Mab Ta Phut စက်မှုဇုံမှာ စက်ရုံတွေကို လည်ပတ်ပြီး ၁၀ နှစ်အကြာမှာ စက်ရုံက ထုတ်လွှတ်တဲ့ အဆိပ်သင့် ဓာတုပစ္စည်းတွေကြောင့် အဆိုပါဒေသရှိ လေထု၊ ရေထုနှင့် မြေဆီလွှာများ အကြီးအကျယ် ထိခိုက်ပျက်စီးညစ်ညမ်းစေပြီး ဒေသခံများမှာလည်း အသက်ရှုလမ်းကြောင်း ၊ အာရုံကြော ၊မျိုးပွားမှု ၊ ကြွက်သားစနစ်စ တာတွေနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို ခံစားနေရပါတယ် ။ အဆိုးဆုံးကတော့ ကင်ဆာဖြစ်ပွားမှုနှုန်းနှင့် စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ပွားသည့်နှုန်း အလွန်သိသာစွာ တိုးပွားလာခြင်းပဲ ဖြစ်ပါတယ် ။

သဘာဝပတ်ဝန်းကျင်ရှုထောင့်

စီးပွားရေး တိုးတက်မှုကို ရှေးရှုရင်းဖြစ်ပေါ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ မရှိသေးတာဟာ မြန်မာနိုင်ငံအတွက် ၀မ်းနည်းစရာကောင်းလှပါတယ် ။ အခုလို ဥပဒေတွေမရှိတဲ့အတွက် ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတည်ဆောက်မှုဟာလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေကို အဆမတန် တိုးပွားစေမှာ ဖြစ်ပါတယ်။

ဆိပ်ကမ်းတည်ဆောက်ရာ သန့်ရှင်းလှပတဲ့ ကမ်းရိုးတန်းတလျှောက်ဟာ အကျည်းတန်ညစ်ညမ်းသွားပါလိမ့်မယ်။ လယ်သမားတွေနဲ့ ငါးဖမ်းသမားတွေ မှီတင်းရာ ဂေဟစနစ်ဟာလည်း ပျက်စီးပါလိမ့်မယ်။ သဘာဝအတိုင်းတည်ရှိနေတဲ့ သန့်စင်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဟာ ညစ်ညမ်းတဲ့ လေတွေထုတ်လွှတ်တဲ့ လောင်စာသန့်စင်တဲ့ စက်ရုံ၊ ကျောက်မီးသွေးစက်ရုံတွေနဲ့ အစားထိုးခံရပါလိမ့်မယ်။

စီမံကိန်း ဧရိယာအတွင်းသာမက ထိုင်းနိုင်ငံသို့ ဖောက်လုပ်နေသော လမ်းတလျှောက် သစ်ပင်အကြီးအကျယ် ခုတ်လှဲခံရပြီး သစ်တောပြုန်းတီးမှုကို အများကြီးဖြစ်ပေါ်စေပါမယ်။ ဒီသစ်တောတွေဟာ ဒေသခံတွေအတွက်သာမက တစ်ကမ္ဘာလုံးအတွက် အလွန်ကို အရေးပါလှပါတယ်။ သစ်တောတွေက မြေဆီလွှာကို ထိန်းသိမ်းပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး လူတွေအတွက် အသုံးဝင်လှတဲ့ အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးပါတယ်။ ရာသီဥတုကို ထိန်းညှိပေးပြီး ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချစေနိုင်ပါတယ်။

Rayong ခရိုင်ရှိ Mab Ta Phut ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကိုလေ့လာကြည့်ရင် ထားဝယ်မှာလည်း အလားတူ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာမယ်ဆိုတာ သေချာနေပါတယ် ။ စက်ရုံတွေကတရားမ၀င် ထုတ်လွှတ်တဲ့ အညစ်အကြေးတွေကြောင့် မြေဆီလွှာတွေ သုံးလို့မရအောင်ပျက်စီးရသလို ရေတွေလည်း သုံးလို့မရအောင် ညစ်ညမ်းကုန်ပါတယ်။

ဒီရေတွေဟာ မြောင်းတွေ ရေကန်တွေမှတဆင့် မြစ်ချောင်းစနစ်ထဲသို့ ရောက်ရှိပြီး စက်မှုဇုံ ဧရိယာအတွင်း နေထိုင်တဲ့ဒေသခံတွေအတွက် အဆိပ်သင့်ရေတွေ ဖြစ်သွားစေပါတယ် ။ ဒါကြောင့် ဒေသခံတွေဟာ သန့်ရှင်းသောရေကို ဈေးကြီးပေးဝယ်သုံးရပါတယ်။ စက်ရုံတွေက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ အလွန်မြင့်မားမှုကြောင့် အက်ဆစ်မိုးများရွာသွန်းသည့်အပြင် သီးနှံများလည်း စားလို့မရ ရောင်းလို့မရဖြစ်အောင် ပျက်စီးသွားပါတယ်။

ဒါကြောင့် အဆိပ်သင့်စက်မှုဇုံစီမံကိန်းဟာ အခုမျိုးဆက်ကိုသာမက နောက်မျိုးဆက်တွေအတွက်ပါ အဖိုးတန်လှတဲ့ ဂေဟစနစ်ကြီးကို ဖျက်ဆီးလျက်ရှိပါတယ် ။

အချုပ်ဆိုရလျှင် ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းဟာ အစိုးရအတွက် အရေးပါတဲ့ ခြေတစ်လှမ်း ဖြစ်ပါတယ်။ ဒေါ်လာသန်းချီတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ နိုင်ငံရဲ့ဖွံဖြိုးတိုးတက်မှုအတွက် အထောက်အပံ့တစ်ခု ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

သို့သော်ငြားလည်း အစိုးရရဲ့မူဝါဒရေးရာ အားနည်းမှု၊ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းများကို လျစ်လျူရှုမှု၊ ပွင့်လင်းမြင်သာမှု မရှိမှု၊ တာဝန်ယူမှု တာဝန်ခံမှုအားနည်းမှု နဲ့  ၀န်ထမ်းတွေရဲ့ အဂတိလိုက်စားမှုတို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်ပျက်စီးမှုဆိုးကျိုးများဟာ ကောင်းကျိုးထက် ပိုမိုများပြားနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် အဆိုပါ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံစီမံကိန်းဟာ ရေရှည်ဖွံဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မယ့် အစိမ်းရောင် ဖွံဖြိုးရေး စီမံကိန်းတစ်ခု ဖြစ်စေဖို့ အစိုးရအနေနဲ့  ဒေသခံ လူထုအပါအ၀င် အရပ်ဘက်လူ့အဖွဲ့အစည်းများ ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ ၊ ပညာရှင်များရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အသေအချာလေ့လာသုံးသပ်ပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်ရန် သင့်မသင့် ဆုံးဖြတ်စေလိုပါတယ်။

သုခသခင်

(မောက္ခမှ ကူးယူဖော်ပြပါသည်)

၁။သုတိ အကြားအမြင်အတတ်

၂။သုမ္မုတိ ဓမ္မသတ်အတတ်

၃။သင်္ချာ သင်္ချာအရေအတွက်အတတ်

၎။ယောဂါ တံစည်းစူးစောက်လက်သမားအတတ်

၅။နီတိ နီတိကျမ်းအတတ်

၆။ဝိသေသကယာယီ ယတြာအတတ်

၇။ဂန္ဒဗ္ဗာ စောင်းညှင်းဝါဂီနစ်အတတ်

၈။ဂဏိတာ ဂဏန်းတွက်ချက်မငအတတ်

၉။ဓနုဗေဒါ လေးအတတ်

၁၀။ပုရဏာ ရှေးစကားဟောင်းကျမ်းအတတ်

၁၁။တိကိစ္ဆယ ဆေးအတတ်

၁၂။က္ကုတိဟာသ ရယ်ရွှင်ဖွယ်ဟာသအတတ်

၁၃။ဇောတိ ဗေဒင်အတတ်

၁၄။မာယာ လှည့်ပတ်မှုအတတ်

၁၅။ဆန္ဒတိ ဆန်ကျမ်းအတတ်

၁၆။ကေတု သံတမန်အတတ်

၁၇။မန္တာအတတ် မန္တန်အတတ်

၁၈။သဒ္ဒါအတတ် သဒ္ဒါကျမ်းအတတ်တို့ဖြစ်ကြပါတယ်

ကျွန်တော်တို့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး စုပေါင်းနေထိုင်ကြရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို “အမိမြန်မာနိုင်ငံတော်” ဟု မိခင်တစ်ဦးနှင့်ခိုင်းနှိုင်းတင်စားလေ့ရှိကြပါသည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံ တစ်နံတစ်လျား၊ မြို့ပြ၊ ကျေးလက်၊ တောင်ပေါ်မြေပြန့်မကျန် နေထိုင်ကြသော ကျွန်တော်တို့၏ တိုင်းရင်းသားအားလုံးတို့မှာ အမိမြေမှ မွေးဖွားလာသော သွေးရင်းသားရင်း ဆွေမျိုးရင်းချာများသာ ဖြစ်သည်ဆိုလျှင် မှားမည်မထင်ပေ။ အမိမြန်မာနိုင်ငံတော်ကြီးအတွင်း တိုင်းရင်းသားပေါင်းစုံတို့ ရောနှောဖြန့်ကျက် စုဝေးနေထိုင်ရာဒေသများကို တိုင်း (၇)တိုင်း၊ ပြည်နယ် (၇)ခုဖြင့် ခွဲခြားသတ်မှတ်ထားခဲ့ပြီး ထိုတိုင်းနှင့်ပြည်နယ်ကြီးများ တစ်ခုစီတွင် ထပ်မံ၍ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု စသည့်ဖြင့်ပိုင်းခြားသတ်မှတ်ထားလေသည်။

ထိုသို့အဆင့်ဆင့်ပိုင်းခြားသတ်မှတ်ထားရာတွင် တိုင်းနှင့်ပြည်နယ်တို့မှာ ခရိုင်အဆင့်ထက်ပိုမိုကြီးမားသလို ခရိုင်အဆင့်မှာ မြို့နယ်အဆင့်ထက် ပိုမိုကြီးမားလေသည်ကို ကျွန်တော်တို့အားလုံး သိရှိနားလည်ထားကြပြီးဖြစ်သည်။

ကျွန်တော်တို့ နေထိုင်ရာ ဖြူးမြို့လေးမှာ မြို့နယ်အဆင့်ရှိသောမြို့တစ်မြို့ဖြစ်၍၊ ပဲခူးတိုင်း “တောင်ငူခရိုင်” ထဲတွင်ပါဝင်သော မြို့နယ်တစ်ခုဖြစ်ပါသည်။ သို့ဖြစ်၍ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ခွဲခြားသတ်မှတ်ချက်အရ တောင်ငူမြို့သည် ဖြူးမြို့ထက် ကြီးမားသော မြို့ကြီးတစ်မြို့ဖြစ်သလို လက်တွေ့အားဖြင့်လည်း တောင်ငူမြို့ကြီးမှာ အစစ အရာရာ ဖြူးမြို့ထက် ကြီးမားကျယ်ပြန့်လေသည်။ ထို့ကြောင့်ပင် “ဖြူးမြို့” မှာ “တောင်ငူမြို့” ၏  ညီငယ်လေးတစ်ဦးပမာဖြစ်၍ တောင်ငူသည် ဖြူးမြို့၏ အစ်ကိုကြီးတစ်ဦးဟု ဆိုရမည်ဖြစ်သည်။

ကျွန်တော်၏ ပင်ကိုဗီဇ၀ါသနာအရ မြို့တစ်မြို့၏ ဖြစ်တည်မှုသမိုင်းများကို စူးစမ်းလေ့လာရန် စိတ်ဝင်စားလေ့ရှိသူဖြစ်ရာ ကျွန်တော်၏မြို့ဖြစ်သော “ဖြူးမြို့” လေး၏ ဖြစ်တည်မှုသမိုင်းကို စိတ်ဝင်စားစွာ လက်လှမ်းမှီသလောက် စူးစမ်းလေ့လာရှာဖွေကြည့်ခဲ့သလို ကိုယ့်ဒေသ၊ ကိုယ့်ခရိုင်မြို့ဖြစ်သော “တောင်ငူ” မြို့၏ ဖြစ်တည်မှုသမိုင်းကိုလည်း လက်လှမ်းမှီသမျှ ရှာဖွေလေ့လာကြည့်မိခဲ့ပါသည်။

အမှန်စင်စစ် ကျွန်တော်တို့၏ ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သော “တောင်ငူမြို့” မှာ နယ်နယ်ရရ မြို့တစ်မြို့မဟုတ်ဘဲ မြန်မာ့သမိုင်းရာဇ၀င်တွင် “ဒုတိယမြန်မာနိုင်ငံတော်၊ တောင်ငူခေတ်” ဟူ၍ ခေတ်တစ်ခေတ်ကို မှတ်တမ်းတင်ခံရသည့် သမိုင်းဝင်မြို့ကြီးတစ်မြို့ ဖြစ်သည်။ မျက်မှောက်ကာလ လူအများ၏ ပါးစပ်ဖျားတွင် “ကေတုမတီ တောင်ငူ” ဟု နာမည်နှစ်လုံးကို တွဲစပ်၍ ခေါ်ဆိုကြသော်လည်း ရာဇ၀င်ထဲက တောင်ငူ နှင့် ရာဇ၀င်ထဲက ကေတုမတီကို ခွဲခွဲခြားခြား၊ ကွဲကွဲပြားပြားသိဖို့လိုပါသည်။ ကျွန်တော်တို့မြင်တွေ့နေရသည့် တောင်ငူမြို့ကြီးမှာ ရာဇ၀င်ထဲက တောင်ငူမဟုတ်ပေ ရာဇ၀င်ထဲက “ကေတုမတီမြို့ဟောင်း” နေရာတွင် တည်ထားသည့် “တောင်ငူ” သာဖြစ်လေသည်။

လက်ရှိ တောင်ငူမြို့နေရာတွင် ရှိခဲ့သော ရာဇ၀င်ထဲက ကေတုမတီမြို့ကို သက္ကရာဇ်(၈၇၂)ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် “မင်းကြီးညို” က တည်ခဲ့ခြင်းဖြစ်သည်။ မင်းကြီးညိုမှာ ပုဂံမှနန်းကျဘုရင် ကျော်စွာနှင့် မိုးညှင်းမင်းတရားတို့၏ အနွယ်အဆက်ဖြစ်သည်။ သူသည် ပထမဦးဆုံး မြ၀တီမြို့ကို တည်ထောင်သူဖြစ်ပြီး နောင်တွင် ဒွါရာဝတီမြို့တည်နန်းတည်ဘုရင် မင်းကြီးညို ဖြစ်လာသည်။ (၈၅၃)ခုနှစ်တွင် ဒွါရ၀တီမြို့နေပြည်ကို မွန်တို့ဝိုင်းဝန်းတိုက်ခိုက်ရာ မင်းကြီးညိုက ကောင်းစွာခုခံတွန်းလှန်နိုင်ခဲ့သည်။ ထို့ကြောင့် အင်းဝဘုရင် “ဒုတိယ မင်းခေါင်” က မင်းကြီးညိုကို “မဟာသီရိ ဇေယျသူရ” ဘွဲ့ဖြင့် မင်းမြောက်တန်ဆာငါးပါး ချီးမြှင့်သည်။

ထိုမှတဆင့် အောင်ပွဲအလီလီရခဲ့သော မင်းကြီးညိုသည် လက်ရှိတောင်ငူမြို့တည်နေရာတွင် ကေတုမတီနိုင်ငံတော်ကြီးကို တည်ထောင်လေသည်။ ရာဇ၀င်ထဲက “တောင်ငူ” မှာ “ကေတုမတီ” ထက် များစွာစောလေသည်။ တောင်ငူမြို့ကို သက္ကရာဇ်(၆၄၁) ခုနှစ်တွင် “သ၀ဉ်ကြီး” နှင့် “သ၀ဉ်ငယ်” ညီနောင်တို့က တည်ခဲ့သည်ဟု မှန်နန်းရာဇ၀င်က ဆိုသည်။

အခါတပါး၌ ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီးမှာ အထက်အညာရှိ ရွှေကြက်ယက်နှင့် ရွှေကြက်ကျဘုရား နှစ်ဆူကို ဖူးမြော်ရန် ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေဖောင်တော်ဖြင့် အထက်သို့ ဆန်တတ်လာရာ မိချောင်းကြီးတစ်ကောင်က ဖောင်တော်ကို ကျောကုန်းဖြင့်ထမ်းပိုးပြီး ရန်မူလေသည်။ ထိုမိကျောင်းကြီး၏ ရန်ကို “ရန်မာန်ငထွေး” က ရေထဲဆင်းပြီး တိုက်ခိုက်အောင်နိုင်ကာ ကာကွယ်ပေးခဲ့သဖြင့် နရပတိစည်သူမင်းက အားရတော်မူပြီး သားတော်ဇေယျသိင်္ခ၏ နှမတော်နှင့် ထိမ်းမြားလက်ဆက်စေကာ “အနန္တသူရိယ” ဟူသောဘွဲ့ကို အပ်နှင်းခဲ့သည်။ တစ်ခါတွင် နရပတိစည်သူမင်း တိုင်းခန်းလှည့်လည်ရာမှ ဤဇေယျဝဎုတိုင်းသို့ ရောက်လာပြီး “တရတည်ညီနောင်ဘုရားနှင့် ကျောက်ဆောင်ညီနောင်”ဘုရားများ ပြိုပျက်နေသည်ကို ဖူးမြင်ရလေရာ အနန္တသူရိယအမတ်အား ထိုဘုရားများကို ပြုပြင်ရန် လွှဲအပ်တော်မူပြီး ဆွာချောင်းကမ်းပါးပေါ်ရှိ ကမ်းပါးမြင့်ရွာကို အပိုင်စားပေးလေသည်။

ထိုကမ်းပါးမြင့်ရွာမှာ ဆွာချောင်းအတတ် တောင်ငယ်အငူတစ်ခုတွင်ရှိလေသည်။ အနန္တသူရိယအမတ်၏ ကြင်ရာတော် မင်းသမီးက သားတော် “မင်းလှစော” ကို ဖွားမြင်ပြီး မင်းလှစော အရွယ်ရောက်သောအခါ လက်ထပ်ထိမ်းမြားပြန်သော် “သ၀န်လင်္ကျာ” ကိုဖွားမြင်ပြန်လေသည်။ သ၀န်လင်္ကျာ၏ လုံ့လဥဿဟကြောင့် ကမ်းပါးမြင့်ရွာကြီးမှာ ဆန်ရေစပါး ပေါများကြွယ်ဝပြီး လူနေအိမ်ခြေအများလည်း တိုးပွားလာကာ မင်းနေပြည်တော်ကြီးသဖွယ် စည်ကားလာတော့သည်။ ကမ်းပါးမြင့်ရွာကြီး၏ ဂုဏ်သတင်းကျော်ဇော်မှုကြောင့် မုတ္တမတိုင်းကို အုပ်စိုးသော မွန်မင်း “၀ါရီရှု” မှာ စိုးရွံ့ထိပ်လန့်လာကာ ကမ်းပါးမြင့်ရွာကြီးကို တိုက်ခိုက်သိမ်းယူလေသည်။ ထိုသို့တိုက်ခိုက်သိမ်းယူလေရာတွင် ကမ်းပါမြင့်ရွာ ပတ်ဝန်းကျင်၌ ချုံနွယ်များစေးပျစ်ထူထပ်သောကြောင့် မွန်တို့တိုက်ခိုက်၍ မရဘဲဖြစ်နေရာ ရွာပတ်လည်စေးပျစ်တောကို ရွှေငွေများစွာကြဲချပြီး ထိုရွှေငွေများကို ရွာသားတို့က တောထွင်ယူလေရာ လွင်ပြင်ဖြစ်လေမှ အကြိမ်ကြိမ်တိုက်ခိုက်၍ အောင်တော်မူသည်။

မွန်မင်း ၀ါရီရှုက သ၀န်လင်္ကျာနှင့်အတူ သူ၏သားတော်နှစ်ပါးဖြစ်သော “သ၀န်ကြီး” နှင့် “သ၀န်ငယ်” သ၀န်ညီနောင်နှစ်ပါးတို့ကိုပါ ဆောင်ယူ၍ ရှေးယခင်ကာလက “ပျူရွာ” ဟုခေါ်သော ရွာကြီးတစ်ရွာတွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့လေသည်။

ပျူရွာ (ကာလရွှေ့လျားသောအခါ ဖြူးရွာ) ၌ သ၀န်လင်္ကျာကွယ်လွန်သောအခါ သ၀န်ကြီးနှင့် သ၀န်ငယ်သားတော်နှစ်ပါးတို့မှာ ဖခမည်းတော်မှားကြားသည့်အတိုင်း အခွင့်သာချိန်၌ မွန်တို့လက်မှ ထွက်ပြေးလွတ်မြောက်၍ ပေါင်းလောင်းမြစ်အတိုင်း ဆန်တတ်ကာ ချောင်းတက်တစ်ခုအတိုင်း လိုက်သွားပြီး တောင်ငယ်တစ်ခု၏ အငူရှိသောနေရာတွင် မြို့တည်လေသည်။ ထိုတောင်၏ အငူအစွန်းမှမြို့ကိုပင် တောင်ငူဟု ခေါ်တွင်လေတော့သည်။ အမှန်စင်စစ် ဖခင်ဖြစ်သူ သ၀န်လင်္ကျာမှာကြားသည်မှာ ဆွာချောင်းအတက်မှ တောင်ငယ်အငူတွင် မြို့တည်ရန်ဖြစ်သော်လည်း သ၀န်ညီနောင်မှာ အမှတ်များ၍ ခပေါင်းချောင်းအတက်မှ တောင်ငယ် အငူတွင် မြို့တည်ခဲ့ခြင်းဖြစ်သည်။ ထိုတောင်ငူအရပ်မှာ လက်ရှိတောင်ငူမြို့၏ အနောက်ဘက် (၁) မိုင်ခန့်အကွာ ကြက်ရိုးပင်ရွာအနီး၌ တောဖြစ်နေသော နေရာသာဖြစ်လေသည်။

မွန်မင်း ၀ါရီရှုက သ၀န်လင်္ကျာနှင့် သားတော် နှစ်ပါး သ၀န်ညီနောင်တို့ကို ဖမ်းဆီးချုပ်နှောင်ထားခဲ့သည့် မွန်တို့ကျေးရွာ ပျူရွာဆိုသည်ကား လက်ရှိကျွန်တော်တို့နေထိုင်ရာ ဖြူးမြို့ပင်တည်း။

 

မင်းဒိဗ္ဗ

ရွှေလက်ဆင့်မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။