စင်္ကာပူ

Posted: June 21, 2011 in ကဗျာ

စင်္ကာပူ…

ဟိုးတချိန်ကတော့ ငါတို့ကို တူအောင် တုမယ်ဆိုတဲ့ မြို့…

လေဆိပ်မှာတည်းက စည်းကမ်းကျတဲ့ အလှကိုငေး

နေစရာတွေငေး၊ နားစရာတွေငေး၊

မလိုသူတွေက ပွဲစားမြို့လေးတဲ့..

ဒါပေမယ့်…

သူဟာ ကမ္ဘာလေးတစ်ခုပါ…။

ဒီကမ္ဘာလေးကို အစစ်အတုခွဲပြီး အလှရှာမယ့်

မြန်မာအဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့

ရန်ကုန်ရေး… နင် ဘယ်လောက်ပြတ်ကျန်ခဲ့ပြီလဲ

ငါတို့ မပြောရဲတော့ဘူး… တစ်နေ့ တလှံပေါ့… စင်္ကာပူရယ်….။

သစ်ပင်တွေ ပန်းတွေက စနစ်တကျပွင့်ပြီး

စနစ်တကျချွေရတယ်… လူတွေရော ဒီလိုပဲလား…

တို့အမျိုးတွေအတွက် စိတ်ပူလိုက်တာ…

သုတ်သုတ်သွား သုတ်သုတ်လာ

သုတ်သုတ်စား သုတ်သုတ်နား

အလုပ်တအားလုပ် လူရောင်စုံကြားထဲမှာ

အပြုံးမှာ စေသနာပါတာ မြန်မာ

အမုန်းချင်းပြိုင်နေရင် ရှုံးမှာ မြန်မာ

စင်္ကာပူရေး… ရေကြည်ရာ မြက်နုရာ ဆိုပေမယ့်…

တို့လူမျိုးက ဂျစ်ပစီတော့မဟုတ်ဘူး …။

မြေနဲ့ ရေနဲ့ ဇာတိနဲ့လူမျိုး စင်္ကာပူရဲ့….

ငါတို့ကို မင်း ၀မ်းစာကျွေးထားရပေမယ့်…

မင်း ကျန်းမာရေးမထိခိုက်အောင် မြန်မာတွေ နေတတ်ခဲ့ပါတယ်။

ကမ်းခြေ ချန်ဂီတလက်မှာ အပန်းဖြေတော့…

ပက်လက်လန်ပြီး မှောက်ခုံပျံတဲ့ လေယဉ်ပျံတွေ ကြည့်မိတယ်။

ပိုက်ဆံတွေ တအားထားခဲ့ရပြီး…

ဥာဏ်ပညာတွေ ဘယ်လောက်ယူသွားနိုင်လဲ….

ကိုယ်က နားပြီး စိတ်က မနားနိုင်ဘူး စလုံးရေး…။

ငါတို့ ဧရာဝတီကိုကျ နာဂစ်ဆိုတဲ့ နာမည်လှလှလေးနဲ့

ဘီလူးစီးသလို ၀င်မွှေသွားတဲ့ ပင်လယ်မက

စလုံးကျမှ စည်းကမ်းတကျ ညင်သာနေတာ

ငါမခံစားနိုင်ဘူး…။

အီကွေတာအောက်က မြို့ကလေး ပွင့်သမျှပန်းတွေ မမွှေးဘူး

မင်းရဲ့ ကောင်းသတင်းကတော့ မွှေးမြပါတယ်…

ငါတို့များကျတော့ ဘယ်တော့မွှေးမလဲ….။

တို့မြေမှာ သာရေး နာရေးတောင် တွေ့ဖို့မလွယ်တဲ့

အမျိုးတွေ သူငယ်ချင်းတွေ ပင်နီဆူလာပလာဇာမှာ အစုံတွေ့ရ…

ပေးဖို့လား… ရဖို့လား… အသာစံဖို့လား… အနာခံဖို့လား…

တို့မြန်မာတွေ အလကားမဟုတ်ဘူးနော်။

စင်္ကာပူ … ခင်ဗျားကြီးအရိပ်မှာ လွတ်လပ်စွာ ကျန်းမာ ချမ်းသာထားပါ…

ပြောစရာရှိလို့ သာပြောရ … ပြောဖို့ မလိုပါဘူး…။

အိမ်သည် ဧည့်သည်ထားပြီးတော့ စင်္ကာပူရေး ကျေးဇူးပါ…။

အဲဒီလို ကျေးဖူး… ကိုယ့်တိုင်းပြည်ကိုလည်း ကျေးဇူးတင်ချင်လိုက်တာ…။

စင်္ကာပူမြန်မာအားလုံး မလွှမ်းဘူးပြောတဲ့သူ မရှိဘူး…

အားလုံး မကြိုက်ဖူး ပြောတဲ့သူချည်းပဲ…

ကျွန်တော်လည်း မကြိုက်ပါဘူး…

ဒါပေမယ့်…

အဲဒါ ရှော့ရှိတယ်။

အမှန်ကိုလည်းပြောမရ၊ အမှားကိုလည်းပြောမရ

သတ္တိရှိလို့ ပြောပြန်ရင်လည်း အမုန်းခံရ

ကြာလာတော့ သတ္တိရှိလာမှာကို ကြောက်ရ…။

ဆရာ အသစ်နဲ့ အဆင်ပြေလားဟင်…

ကျွန်တော်မပြန်နိုင်တာ ၃ နှစ်ရှိပြီ

အိမ်က ပိုက်ဆံ သိန်းတစ်ရာသုံးပြီး ထွက်လာတာ…

အခုထိ မကျေသေးဘူး။

ကျွန်တော်ကွန်ပြူတာနဲ့ ဘွဲ့ရလာတာ။ အခု ဒီဟိုတယ်မှာတော့

Waiter ပေါ့။ သိပ်ပြန်ချင်တာပေါ့။ မိသားစုကို မျက်နှာပူလို့

သင်္ကြန်မှာ ပိတောက်တွေ ပွင့်လားဟင်…။

စလုံးမှာ မေးတဲ့စကား…

မင်းပြန်လာမှာ သိပ်စိုးရိမ်တာပဲ…

အဆင်ပြေလား ဆိုတဲ့ မင်းရဲ့ မေးခွန်းက

သင်္ကြန်မှာ ပိတောက်မပွင့်သလို… ငါ့ရင်ကို ပြာကျစေတယ်…။

ငါတို့က အခုအချိန်ထိ… ငတ်နေကျသေးတာကိုး….

ခွင့်လွတ်ပါ သားလေးရယ်…။

လူကြီးတွေက ပြင်ပနိုင်ငံကို အထင်မကြီးနဲ့တဲ့….

ပြည်ပကိုရောက်နေကြတဲ့ မြန်မာပြည်ဖွားတွေ အားလုံးဟာ

ပြည်ပတိုင်းပြည်ကို အထင်ကြီးလို့ ရောက်နေကြတာ မဟုတ်ဘူး…

ကိုယ့်တိုင်းပြည်မှာ အထင်သေးစရာနဲ့

အဆင်မပြေမှုတွေပဲ နေ့တိုင်းတွေ့နေရလို့…

ပြည်ပရောက်မြန်မာတွေရဲ့ တုံ့ပြန်မှု…။

အဲဒီလိုတော့ မပြောပါနဲ့…

ကျွန်တော်က ပြည်တွင်းမှာပဲ နေသူဆိုတော့… ခံရခတ်တယ်။

တကယ်က ဘာမဆို ခွဲဝေယူကြပါတယ်။

ကိုယ်တွေတော့ လုံးဝ လုံးဝ မပါဘူး။

MRT ရထားပေါ်မှာ iPhone ဖွင့်လိုက်တာနဲ့

ကမ္ဘာကြီးက ကိုယ့်ရှေ့ရောက်လာ….

မြန်မာတွေ မညံ့ပါဘူး … စင်္ကာပူမှာပေါ့….။

မြန်မာပြည်မှာတော့ ကဗျာဆရာအပါအ၀င်…

အားလုံး… ငတ်နေသေးတယ်။

အမှန်တရားကို ချစ်တယ်၊ သတ္တိမရှိဘူး…

သတ္တိမရှိရင် အမှန်တရား မရနိုင်ဘူး…

လူတချို့က မိုက်ရိုင်းရဲရင်… လိမ်ရဲရင်…

အာဏာရမယ်… ။ အာဏာရရင် ရူးမယ်။

ပိုက်ဆံချမ်းသာမယ်။ ဒါဆို လုပ်ချင်ရာ လုပ်မယ်။

လူများလို့နိုင်ပေမယ့် မမှန်ရင် မနေပါနဲ့

လူနည်းပြီး ရှုံးပေမယ့် မှန်ရင်နေကြပေးပါ…။

ဒီလိုပညာနဲ့ ဒီလို လုပ်ရည်ကိုင်ရည်နဲ့

ဒီလောက်လွှမ်းနေတာ… မလွှမ်းရအောင်

မြန်မာပြည်က သူဌေးတွေဆီမှာ ပြန်လာလုပ်ပါလား ဆိုတော့…

စလုံးရောက်မြန်မာ ဆရာဝန်တစ်ဦးက…

စင်္ကာပူက သူဌေးက လူကို လူလို တန်ဖိုးထားတယ်။

မြန်မာပြည်က သူဌေးက လူ့တန်ဖိုးနားမလည်တဲ့..

ပေါင်းစားတွေချည်းပဲ တဲ့…

ကျွန်တော် ဘာပြန်ပြောရမှန်း မသိဘူး…။

ဘယ်တော့မှ ပြောနိုင်မှန်းလည်း မသိဘူး…။

သေသေချာချာပြောနိုင်တာကတော့ ပြည်ပရောက်မြန်မာတွေအားလုံးကို…

ပြည်တွင်းက မြန်မာတွေ အားလုံးက ရင်တွေ ပြာကျလောက်အောင် လွှမ်းနေကြ…

ဒီထဲမှာ အမေတွေက ပိုဆိုးတာပေါ့…။

ရန်ကုန်မြို့က အင်တာနက်ဆိုင် ဂျီတော့မှာ မျက်ရည်တွေချည်းပဲ…။

အမေတွေကျခဲ့တာလေ…..။

စင်္ကာပူက အညို၊ အမဲ၊ အဖြူ … ဘယ်သူနဲ့ပြောပြော

အလွှမ်းနဲ့ စပြီး အလွှမ်းနဲ့ ဆုံးတော့ …

စင်္ကာပူဆိုတာ…..

အလွှမ်းတွေစုနေတဲ့ အလွှမ်းမြို့ကြီးလား ထင်ရတယ်….။

ဘယ်သူမှတော့ မျက်ရည်မလွယ်ပါဘူး။

မင်းသား မင်းသမီးမှ မဟုတ်တာ…..

အလွှမ်းက တွန်းထုတ်လိုက်တော့ မျက်ဝန်း…

တာကျိုးရတာပေါ့….။

ချစ်သူကိုလည်း ချစ်တယ်။ အဖေ၊ အမေကိုလည်း ချစ်တယ်။

မောင်နှမတွေကိုလည်း ချစ်တယ်။ ဇာတိရပ်ရွာကိုလည်း ချစ်တယ်။

တကယ်ဆို ချစ်ရဲ့သားနဲ့ ဘာလို့ ခွဲရက်တာလဲ…။

သုခနဲ့ ဒုကပေါင်းထားတဲ့ စင်္ကာပူရဲ့ မာယာဟာ…

ငါတို့ အားလုံးနစ်ခဲ့ရပီ….။

တချို့ပျော်ရွင်စွာနဲ့…. တချို့ ၀မ်းနည်းစွာနဲ့….

မြန်မာပြည်ကိုတော့ ချစ်ကြသူတွေချည်းပဲ…။

(ဖြူးမြို့သား ကဗျာဆရာ ကိုစောဝေ)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s