ရွှေတံခါးကြီးဖွင့်ပါဦး

Posted: June 22, 2011 in ဆောင်းပါး

“ဆရာများက တံခါးကိုဖွင့်ပေးလိမ့်မည်၊ အထဲကိုဝင်ဖို့ဆိုတာကတော့ ကိုယ့်ဘာသာကိုယ်ဝင်မှဖြစ်မည်”

ဒီတရုတ်စကားပုံလေးကို သတိရလိုက်မိတာနဲ့ စိတ်ထဲမှာလည်း ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေကို လေးမျိုးလေးစား ခွဲထားလိုက်ပြီး ဖြစ်နေပါတော့တယ်။

အဲဒါတွေကတော့ ‘ဆရာတွေက တံခါးဖွင့်ပေးကြသလို တပည့်တွေကလည်း အထဲကိုလှစ်ခနဲလှစ်ခနဲ ၀င်သွားကြတဲ့ နိုင်ငံ’၊ ‘ဆရာတွေက တံခါးဖွင့်ပေးကြပေမယ့် တပည့်တွေက အထဲကိုမ၀င်ကြတဲ့နိုင်ငံ’၊ ‘တပည့်တွေက အထဲဝင်လိုသော်လည်း ဆရာတွေက တံခါးဖွင့်မပေးကြတဲ့ နိုင်ငံ’၊’ဆရာတွေက တံခါးဖွင့်မပေးကြသလို၊ တပည့်တွေကလည်း တံခါးပေါက်ကို နောက်ကျောပေးပြီးထိုင်နေကြတဲ့ နိုင်ငံ’ဆိုပြီး ဖြစ်ကြပါတယ်။

ဒီနေရာမှာ တစ်ဆက်တည်းပဲ ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ကမ္ဘာကျော်စာရေးဆရာ ဒီအိပ်ခ်ျလောရင့်စ် (D.H Lawrence) ရေးတဲ့ The Rainbow ဆိုတဲ့ ၀တ္ထုထဲက စာပိုဒ်လေးတစ်ပိုဒ်ကို သွားသတိရလိုက်မိပါတယ်။ အမေလုပ်သူက သူ့က လေးတွေရဲ့ရှေ့ရေးကို တွေးတောနေတဲ့ အခန်းလေးပါ။

‘လောကမှာ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သတ်မှတ်ပေးစေနိုင်တဲ့ အရာဟာ ရာထူးဌာနန္တရ မဟုတ်သလို ငွေလည်းမဟုတ်ဘူး၊ အဲဒီလူရဲ့ ဘ၀အတွေ့အကြုံနဲ့ ပညာအရည်အချင်းကသာ အဲဒီလူရဲ့ အဆင့်အတန်းကို သတ်မှတ်ပေးစေနိုင်မှာ ဖြစ်တယ်’လို့ အမေလုပ်သူကတွေးမိပြီး သူမရှိတဲ့နောက် ကလေးတွေ လူ့လောကအလယ်မှာ တင့်တောင့်တင့်တယ်နေနိုင်အောင် ပညာကောင်းကောင်းသင်ပေးမှ ဖြစ်မယ်လို့ စဉ်းစားမိတဲ့ အခန်းဖြစ်ပါတယ်။

စာရေးဆရာက အတွေ့အကြုံ နဲ့ပညာကသာ လူ့ဘ၀ရဲ့ အစစ်အမှန် အဆင့်အတန်းကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုလိုချင်ဟန်တူပါတယ်။

တော်တော်ချမ်းသာတဲ့ တချို့လူတွေ စကားပြောရာမှာ ဟိုရောက်ဒီရောက်ဖြစ်နေကြတာတွေ၊ တချို့ရာထူးဌာနန္တရကြီးမားပေမယ့် အတွေးအခေါ်တွေက လူရယ်စရာကြီး ဖြစ်နေကြတာတွေကို တွေ့တွေ့နေရလို့ စာရေးဆရာက သူ့ဇာတ်ကောင်ကို ၀င်ပူးပြီး အဲသလိုပြောခဲ့လေသလားလို့ ထင်မှတ်မှားစရာပါ။

အဲဒီဝတ္ထုထဲက အမေဖြစ်သူ အရေးကြီးတယ်လို့ ထင်မြင်ခဲ့တဲ့ အချက်နှစ်ချက်ထဲက ပထမအတွေ့အကြုံဆိုတဲ့ အချက်ကို ခွဲခြမ်းစိတ်ဖြာကြည့်ချင်မိပါတယ်။

တစ်ခါတုန်းက သန်းကြွယ်သူဌေးတစ်ယောက်ကို လူတစ်ယောက်က ခင်ဗျားဘယ်လိုလုပ်ပြီး အောင်မြင်လာတာလဲလို့မေးတယ်။ သန်းကြွယ်သူဌေးက အတွေ့အကြုံကြောင့်ပေါ့လို့ ဖြေတယ်။ ဒါနဲ့အတွေ့အကြုံက ဘယ်လိုလုပ်ရလာတာလဲလို့ ဆက်မေးတယ်။ မှန်မှန်ကန်ကန်ဆုံး ဖြတ်နိုင်လို့ပါလို့ ဖြေတယ်။ ဒါနဲ့ ဘာဖြစ်လို့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရတာလဲလို့ ဆက်မေးတော့ အမှားတွေကိုဆုံးဖြတ်မိလို့ပါလို့ သန်းကြွယ်သူဌေးက ဖြေသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကလေးဟာ အမှားလုပ် တတ်တဲ့သဘာဝရှိတဲ့ လူသားတွေအတွက် အားဆေးတစ်ခွက်ပါပဲ။

ဒါ့ကြောင့်လည်း ‘အမှားပြုလုပ်မိခြင်းဟာ အမှန်ရှာဖွေတွေ့ရှိခြင်းရဲ့ မုခ်ဦးပဲဖြစ်တယ်’လို့ အိုင်းရစ်ရှ်ကဗျာဆရာ စာရေးဆရာ ‘ဂျိမ်းစ်ဂျွိုက်စ်’ ( James Jouce) က ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အမှားလုပ်ပြီး စိတ်ဓာတ်ကျကျနဲ့ ဒီအတိုင်းထိုင်နေလို့ ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အမှားတစ်ခုပေါ်ကနေ အမြတ်၊ တစ်နည်းအားဖြင့် သင်ခန်းစာ၊ တစ်နည်းအားဖြင့် ခွန်အား တစ်ခုခု ဖြစ်လာအောင်တော့ လုပ်တတ်ရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် အတွေ့အကြုံပေါ်ကနေ သင်ခန်းစာယူတတ်တဲ့ လူတွေဟာ အောင်မြင်ကြတဲ့အပြင် အမှားလုပ်ခဲ့မိတာတွေလည်းများလို့ နောက်ပိုင်းမှာ ဘာပဲဆုံးဖြတ်ဆုံးဖြတ် မှန်နေတာကိုတွေ့ကြရပါတယ်။

အတွေ့အကြုံပြီးတော့ ဒုတိယအချက်ဖြစ်တဲ့ ပညာရေးနဲ့ပတ်သက်ပြီး စဉ်းစားကြည့်မိတဲ့အခါ လွန်ခဲ့တဲ့ သုံးနှစ်လောက်က Bangkok Post ထဲမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကို သွားသတိရမိပါတယ်။ အိန္ဒိယက အငြိမ်းစားပါမောက္ခကြီး တွေ ဆရာကြီးတွေအကြောင်း ရေးထားတာပါ။ အမေရိကားက ပညာရေးဟာ အာရှကပညာရေးနဲ့ မတူပါဘူး။ ဆရာတပည့် ဆက်ဆံရေးမှာ အာရှက ပိုနွေးထွေးပါတယ်။ အဲဒါကြောင့် အမေရိကားက ကလေးတွေ နေ့ခင်းက ကျောင်းမှာ တက္ကသိုလ်မှာ မရှင်းတဲ့သင်ခန်းစာတွေ၊ မေးခွင့်မရခဲ့တဲ့ သင်ခန်းစာတွေကို ညဦးပိုင်းမှာ အိန္ဒိယက အငြိမ်းစားပါမောက္ခကြီးတွေ ဆရာကြီးတွေဆီမှာ မေးခွင့်ရရင် သိပ်ကောင်းမှာလို့ စဉ်းစားလာကြတယ်။ နောက်တော့ တစ်ယောက်က တစ်ယောက် တစ်ဆင့်က တစ်ဆင့် အဆက်အသွယ်တွေရကုန်ပြီး နောက်ဆုံးကျောင်းချိန်ကုန်တဲ့အခါ အဲဒီ အိန္ဒိယက ဆရာကြီးတွေဆီမှာ စာဆက်သင်တဲ့လူကသင် စာမေးတဲ့ လူကမေး လုပ်လာနိုင်ကြပါတယ်။ အင်တာနက်ပေါ်က မေးကြတာပါ။ ဒီအခါမှာ တစ်ယောက်တစ်ယောက် ချင်းသင်ရတာမို့ သင်ခန်းစာရှင်းပြရတာ သိပ်ထိရောက်ပါတယ်။ နွေးထွေးမှုလည်းရှိတယ်။ ကျောင်းသားက ဆရာကို ယုံကြည်အားကိုးသလို ဆရာလုပ်သူကလည်း တပည့်ဖြစ်သူ နားမလည်မချင်း စိတ်ရှည်လက် ရှည်နဲ့ ရှင်းပြကြတယ်လို့ ဆိုပါတယ်။

အမေရိကားရဲ့ အရှေ့ဘက်ကမ်းခြေနဲ့ အနောက်ဘက်ကမ်းခြေက အကျယ်ဆုံးနေရာမှာ မိုင်ပေါင်း ၃၄၀၀ တောင်ရှိတာဆိုတော့ စံတော်ချိန်ကလည်း တစ်နိုင်ငံထဲဖြစ်ပေမဲ့ အရှေ့ဘက်ကမ်းခြေနဲ့ အနောက်ဘက်ကမ်းခြေက ၃ နာရီတောင်ကွာတာပါ။

ဆိုလိုချင်တာကတော့ နယူးယော့က ကလေးကျောင်းဆင်းလာပြီး စာစမေးတော့မယ့် ညဦးပိုင်း ၈ နာရီခွဲအချိန်ဟာ နယူးဒေလီမှာ နောက်တစ်နေ့မနက် ၇ နာရီဖြစ်နေပါတယ်။ အငြိမ်းစားကျောင်းဆရာကြီး နံနက်စာစား လက်ဖက်ရည်ပူပူ သောက်ပြီးတော့ ကွန်ပျူတာရှေ့မှာ ထိုင်ပြီးကလေးကို စာပြရုံပါပဲ။ အဲဒီလိုနဲ့ အမေရိကားရဲ့ အရှေ့ဘက်ကမ်းခြေကနေ အနောက်ဘက်ကမ်းခြေဘက်ဆီကို ရွှေ့ရွှေ့ပြီး တစ်မြို့ပြီးတစ်မြို့ တစ်ယောက်ပြီးတစ်ယောက် စာဆက်သင်လာလိုက်တာ ဆန်ဖရန်စစ္စကိုက ကလေးစာစမေးတော့မယ့် ည ၈ နာရီခွဲ အချိန်ရောက်တော့ နယူးဒေလီမှာ နောက်တစ်နေ့မနက် ၁၀ နာရီ ဖြစ်နေပါပြီ။ ဒီကလေးကိုစာပြပြီးရင် ဆရာကြီးလည်း နေ့လည်စာစားပြီး တစ်နေကုန်နားရုံပါပဲ။

အခုတော့ ဒီလုပ်ငန်းကို အာရုံစူးစိုက်လာတဲ့ ကုမ္ပဏီတွေတော်တော်များလာပါပြီ။ မကြာခင်နှစ်တွေအတွင်းမှာ ဒီလုပ်ငန်းဟာ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ကြီးကျယ်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ အိန္ဒိယက အငြိမ်းစားကျောင်းဆရာကြီး တွေ မပင်ပန်းတဲ့အပြင် အိမ်အပြင်မထွက်ရဘဲ ၀မ်းစိုတဲ့အလုပ်မို့ အားလုံးက ၀မ်းသာနေကြပါတယ်။

အဲဒီလို ကမ္ဘာပေါ်က လူငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်တာတွေကို သတင်းရေးကြသလို သူတို့လေးတွေရဲ့ အကျင့်စရိုက် တစ်နည်းအားဖြင့် ဦးတည်ရာလမ်းကြောင်း တစ်နည်းအားဖြင့် သူတို့အတွက် ဖွင့်ပေးသင့်တဲ့တံခါး၊ ပိတ်ထားသင့်တဲ့ တံခါးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားတဲ့ စာရေးဆရာတွေလည်း အများကြီးရှိပါတယ်။

၁၉၃၈ ခုနှစ်မှာ ကမ္ဘာ့စတုတ္ထအမျိုးသမီး စာပေနိုဘဲလ်ဆုကိုရခဲ့တဲ့ အမေရိကန်စာရေးဆရာမကြီး ‘ပါးလ်အက်စ်ဘတ်'(Pearl S.Buck) က ”အမေရိကန်လူနေမှုစနစ်ဟာ ကလေးတွေကိုပျက်စီးစေတယ်ဆိုရင် တစ်နိုင်ငံလုံးကို ပျက်စီးစေတာနဲ့ ဘာမှ မထူးဘူး”လို့ ပြောခဲ့ဖူးပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ လူနေမှုစနစ် အကျင့်စရိုက်နဲ့ထုံးတမ်းစဉ်လာတွေဟာ ကလေးတွေရဲ့ အတွေးအခေါ်ကို အဆိပ်သင့်မနေစေသင့်ဘူးလို့ ဆရာမကြီးက ထောက်ပြခဲ့တာပါ။ ကလေးတွေရဲ့ အတွေးအခေါ်နဲ့ အမူအကျင့်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အ သက်သွေးကြောပါပဲ။ ဒါ့ကြောင့် ဒီကလေးတွေ မ၀င်သင့်တဲ့ တံခါးတွေကို သံနဲ့အသေရိုက်ပိတ်ပြီး ဒီကလေးတွေ ၀င်သင့်တဲ့တံခါးတွေကျတော့ ငွေဘယ်လောက်ကုန်ကုန် ဘာအခဲအခဲရှိရှိ ဒိုးယိုပေါက်ပွင့်နေအောင် ဖွင့်ထားပေးရမှာပါ။ ဒါတစ် နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားအားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါမလုပ်နိုင်ရင် ပါးလ်အက်စ်ဘတ်ပြောသလို တစ်နိုင်ငံလုံးပျက်စီးမှာပါပဲ။

ဆရာမကြီးရဲ့ ပြောစကားကို သတိရနေတဲ့အချိန်မှာပဲ ဟိုတစ်နေ့က တိုက်တိုက်ဆိုင်ဆိုင် အိမ်ကို စင်ကာပူမိတ်ဆွေတစ်ယောက် ရောက်လာပါတယ်။

အဲဒီမိတ်ဆွေရဲ့အသက်က ငါးဆယ်ကျော်လောက်ရှိပါပြီ။ သူ့သား အိမ်ကထွက်သွားလို့ ဘယ်ရောက်နေသလဲဆိုတာ ကူပြီးစုံစမ်းပေးပါဦးလို့ လာပြောတာဖြစ်တယ်။ လူမျိုးခြား စင်ကာပူနိုင်ငံသားတစ်ယောက်က ကိုယ့်နိုင်ငံမှာ သားပျောက်တယ် ဆိုတော့ စိတ်ပူရှာမှာပါပဲ။ ကလေးအသက်ကလည်း ၁၆ နှစ်ကျော်ကျော်လောက်ပဲ ရှိသေးတာကိုး။

”သားကဗျာ..ကျုပ်ပြောရင် ဘယ်တော့မှ အကောင်းမထင်ဘူး။ ကျုပ်ငယ်ငယ်တုန်းက ကျုပ်အဖေက ဟိတ်..ဆိုတာနဲ့ တစ်အိမ်လုံး အကုန်ငြိမ်ပဲ ..ဘာဆိုဘာမှ ပြန်မပြောရဲကြဘူး။ သူ့ကျတော့ ကျွန်တော့်ကိုများ ဖုတ်လေတဲ့ငပိပဲ။ ပိုက်ဆံကလည်း သုံးသလားမမေးနဲ့၊ ဘာပစ္စည်းကိုမှလည်း တန်ဘိုးမထားတတ်ဘူး။ ကျွန်တော်ငယ်ငယ်တုန်းက နာရီအပေါစားတစ်လုံးဝယ်ဖို့ ရှစ်တန်းကတည်းကစပြီး ပိုက်ဆံစုလာလိုက်တာ ဆယ်တန်းဖြေခါနီးကျမှပဲ ၀ယ်နိုင်တော့တယ်။ အခု ဒီကောင် ဘာအသုံးကျသလဲ၊ နာရီတစ်လုံးပြီးတစ်လုံး ဖျောက်ပစ်တာ အခုဆို သုံးလုံးရှိနေပြီ”ဆိုပြီး တော်တော်စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ လေသံနဲ့ပြောပါတယ်။

အဲဒီမိတ်ဆွေရဲ့ နိုင်ငံစင်ကာပူဟာ ၁၉၆၅ ခု သြဂုတ်လ ၉ ရက်နေ့ မှာ မလေးရှားကနေ ခွဲထွက်ခဲ့ပါတယ်။ ခွဲထွက်တယ်ဆိုတာထက် ကန်ထုတ်ခံရတာလို့ပြောမှ ပိုမှန်မှာပါ။ ”နင်တို့ကို ငါတို့ဆက်ကျွေး မထားနိုင်တော့ဘူး၊ သွားကြပေတော့” ဆိုပြီး မလေးရှားပါလီမန်မှာ ထောက်ခံမဲ ၁၂၆ မဲ ကန့်ကွက်မဲမရှိနဲ့ စင်ကာပူကိုမလေးရှားကနေ ထုတ်ခဲ့တာပါ။

လီကွမ်ယုဟာ ဒီအကြောင်း တိုင်းပြည်ကို အသိပေးတဲ့အခါ –

”ကျွန်တော်တို့ နိုင်ငံကတော့ ဒီနေ့ မလေးရှားနိုင်ငံကနေ ခွဲထွက်ခဲ့ပါပြီ၊ လူမှန်းသိတတ်စ အရွယ်ကတည်းက ဒီနိုင်ငံနှစ်နိုင်ငံ ဘယ်တော့မှမခွဲဘဲ အမြဲပေါင်းစည်းနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တာပါ။ အခုတော့ ကျွန်တော့်ရင်ထဲမှာ ခံစားနေရတဲ့ မချိတင် ကဲဝေဒနာကို လူတွေနားလည်အောင် ဘယ်လိုထုတ်ဖော်ပြောရမှန်းတောင် မသိတော့ပါဘူး”ဆိုပြီး မျက်ရည်လည်ရွှဲနဲ့ ကြေငြာခဲ့တာကို ကမ္ဘာက ဒီကနေ့အထိ သတိရနေကြဆဲပါ။

သယံဇာတဆိုလို့ ဘာသတ္တုမှလည်း မထွက်၊ ဘာသစ်တောမှလည်း မရှိ၊ ရေတောင်သောက်စရာ မရှိတဲ့ဘ၀မှာ လူတွေကလည်း စာမတတ်ကြရုံသာမက ဘိန်းကလည်း စွဲနေကြသေးတာဆိုတော့ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ရှေ့ဆက်စခန်းသွားရမယ့် အရေးကို လီကွမ်ယု တွေးပူမိတာဟာ သိပ်ဆန်းလှတယ်လို့တော့ မဆိုနိုင်တော့ပါဘူး။

အဲဒီအချိန်ကစပြီး စင်ကာပူကို ဆင်းရဲတွင်းထဲက ဆွဲတင်နိုင်တဲ့ အရာဟာတစ်ခုတည်းသာရှိပြီး အဲဒါဟာ ပညာရေးပဲဖြစ်တယ်လို့ စင်ကာပူနိုင်ငံသားတွေ သဘောပေါက်လာခဲ့ကြတာပါ။ ပညာရေးကို မြှင့်တင်ပြီး အင်္ဂလိပ်စာကို အထူးကျိုး စားသင်ယူခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ၁၂ နှစ်သား ၁၃ နှစ်သား စင်ကာပူနိုင်ငံသားတွေဟာ အမှန်တကယ် ဒုက္ခရောက်ခဲ့ကြရသလို၊ တကယ်လည်း ခါးကျိုးအောင်ကြိုးစားခဲ့ကြရတာပါ။ အဲဒီလူတွေ အခုငါးဆယ်ကျော် ခြောက်ဆယ်တန်းထဲဝင်ခဲ့ ကြပါပြီ။ ငါတို့တုန်းက ဒီလောက်ဆင်းရဲတာ၊ ငါတို့သားသမီးတွေကျတော့ ငါတို့လို အဖြစ်မခံတော့ဘူးဆိုပြီး လွဲမှားတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ ကလေးတွေကို ညွန့်နေအောင် ထားခဲ့ကြတာပါ။ ဒါ့ကြောင့် သူတို့ကလေးတွေကျတော့ ဘာဒုက္ခမှမခံခဲ့ကြရပါဘူး။ အားလုံး ရေကန်အသင့် ကြာအသင့် ခြေမွေးမီးမလောင် လက်မွေးမီးမလောင်နဲ့ ကြီးပြင်းလာခဲ့ကြတာပါ။အဲဒီမှာ ကလေးတွေအားလုံးလိုလို အောက်ခြေလွတ်ပြီး ပျက်စီးကုန်ကြတော့တာပါပဲ။

အခု ကိုယ့်နိုင်ငံမှာလည်း ဒီလိုပါပဲ၊ သိပ်ထူးခြားလှတယ် မထင်ပါဘူး။ ရန်ကုန်မြို့မှာ အောင်မြင်ကြီးပွားနေတဲ့ လူတစ်ယောက်က ပြောဖူးပါတယ်၊ ”ကျွန်တော်ငယ်ငယ် အလယ်တန်းကျောင်းသား ဘ၀လောက်တုန်းက ကျောင်းကိုနေ့စဉ်နှစ်မိုင်လောက် လမ်းလျောက်ပြီး တက်ခဲ့ရတာဗျ။ အခု ကျွန်တော့်မိန်းမက ကျွန်တော့်ကလေးတွေကို ကားအမျိုးမျိုးနဲ့ ကျောင်းကိုပို့တယ်။ ကားကောင်းကောင်းနဲ့ ကျောင်းပို့ရင် ကလေးစာတော်လာမယ်လို့များ ထင်နေသလားမသိတော့ပါဘူး။ နောက်ပြီး ကျွန်တော့်ကလေးတွေအတွက် သူတို့အမေရဲ့ပိုက်ဆံအိတ်ကလည်း တိမ်လွန်းပါတယ်။ ‘အမေ့’ဆိုပြီး တစ်ချက်လေးလောက် မချွဲလိုက်ခင်ကတည်းက ကျုပ်မိန်းမလက်က ပိုက်ဆံအိတ်ထဲနှိုက်ပြီး ဖြစ်နေပြီ၊ မင့်ပိုက်ဆံအိတ်ကို ရေတွင်းပျက်ထဲ တစ်ရက်တလေလောက်များ ချထားစမ်းပါလားကွာလို့ ပြောမလား စဉ်းစား မိပါသေးတယ်။ ပြောရင်လည်း ရန်ပဲဖြစ်ရမှာမို့ မပြောတော့ပါဘူး”ဆိုပြီး ညည်းတွားရှာပါတယ်။

စင်ကာပူမိတ်ဆွေနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ အဖြစ်အပျက်တွေဟာ ဘာမှကွာခြားလှတယ် မထင်ပါဘူး။ သူတို့နှစ်ယောက် ပြောတာတွေကို နားထောင်ပြီး ကိုယ့်ငယ်စဉ်ဘ၀ကိုလည်း ကိုယ်ပြန်သတိရမိပါတယ်။

ငယ်စဉ်ဘ၀တုန်းက ကိုးတန်းမှာ မုန့်ဘိုးတစ်မတ်ပဲ ရပါတယ်။ ၉ တန်းအောင်လို့ ဆယ်တန်းရောက်တော့ ‘အမေရာ ဆယ်တန်းကျောင်းသားကြီးဖြစ်ပြီး အိတ်ထောင်ထဲမှာ ပိုက်ဆံတစ်မတ်တည်းထည့်ပြီး ကျောင်းတက်ရတာ ရှက်စရာကောင်း လိုက်တာဗျာ’လို့ အမေ့ရှေ့မှာ ညည်းတွားလိုက်တဲ့အခါ၊ အမေက ‘ဟုတ်တယ်ဟဲ့’လို့ ပြန်ပြောလိုက်ပါတယ်။ ရင်ထဲမှာ ဘယ်လိုပျော်သွားမှန်းမသိဘူး။ အမေ့ဆီက မုန့်ဖိုးတွေ ပိုရတော့မှာကိုး။

အမေကဆက်ပြီး ”ဒါများ လွယ်လွယ်လေး၊ သားအခုလို နေ့တိုင်းနေ့တိုင်း တစ်မတ်တစ်မတ် တောင်းနေမယ့်အစား တစ်လစာ ခုနစ်ကျပ်ခွဲအပြည့် ကြိုထုတ်ထားလိုက်ပေါ့သားရဲ့၊ ဒါဆို သားအိပ်ကပ်ထဲမှာ ပိုက်ဆံတွေ အများကြီးရှိနေမှာပေါ့”လို့ ပြန်ပြောပါတယ်။ မျှော်လင့်မထားတဲ့ အမေ့စကား ရင်ဝကို ဒိန်းခနဲလာဆောင့်လိုက်တော့ အံ့သြ၀မ်းနည်းလွန်းလို့ ဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။ မချိပြုံးလေးပြုံးပြီး တံတွေးကို ကွတ်ခနဲ မြည်အောင်သာ မြိုချခဲ့ရပါတယ်။ နောက်တက္ကသိုလ်ရောက်ပြီး ကျောင်းခဏပိတ်လို့ မြို့ပြန်ရောက်တော့ အမေ့ဆီက အပိုပိုက်ဆံ ၂၅ ကျပ် တောင်းဖူးတယ်။ ၄၅ မိနစ်တိတိ နည်းမျိုးစုံနဲ့ချွဲပြီး တောင်းတာ တစ်ပြားမှမရခဲ့ပါဘူး။ ဒါတွေကို ပြန်ပြောင်းတွေးမိတိုင်း သားဖြစ်သူ စည်းကမ်းရှိတဲ့ ကမ္ဘာကြီးထဲဝင်တတ် အောင်အသည်းမာမာနဲ့ တံခါးဖွင့်ပေးခဲ့တဲ့ အမေ့ကို ဒီကနေ့ထိ ကျေးဇူးတင်လို့ မဆုံးနိုင်တော့ပါဘူး။

စင်ကာပူမိတ်ဆွေရဲ့သားကို နောက်တစ်နေ့ ပြန်တွေ့ပါတယ်။ ဘယ်မှ ထွက်သွားတာမဟုတ်ပါဘူး။ သူငယ်ချင်းတွေအိမ် တစ်လှည့်စီသွားအိပ်နေပြီး အဖေကိုဆန္ဒပြနေတာပါ။ စင်ကာပူနိုင်ငံဟာ ဆင်းရဲတွင်းထဲက ဘယ်လိုကုန်းရုန်းထခဲ့ရသလဲဆိုတဲ့ တစ်ကမ္ဘာလုံးက လေးစားရတဲ့ အကြောင်းအရာတွေကတော့ သူနဲ့မသက်ဆိုင်တဲ့ ဘာသာရပ်တွေ ဖြစ်ခဲ့ပါပြီ။ အဲဒီလိုတန်ဘိုးကြီးမားတဲ့ သင်ခန်းစာတွေရှိနေတဲ့ အခန်းထဲကို သူ့အဖေဘယ်လို တံခါးဖွင့်ပေးပေး ဒီကလေးကလည်း ဘယ်တော့မှ ၀င်မှာမဟုတ်တော့ပါဘူး။ ဒါကတော့ ဆရာတံခါးဖွင့်ပေးပေမယ့် တပည့်အထဲမ၀င်တော့တဲ့ နိုင်ငံတစ်နိုင်ငံက မိသားစုတစ်စုအကြောင်းပါ။

အခုခေတ် ကိုယ့်နိုင်ငံကကလေးတွေဟာလည်း ၁၉၆၅ ခုနှစ်တုန်းကလိုပဲ တံခါးမကြီးတစ်ချပ်ရဲ့ရှေ့ကို ရောက်နေကြပါပြီ။ အခု ဒီတံခါးက ပွင့်သင့်သလောက်တော့ ပွင့်နေပါပြီ။ ဒါပေမဲ့ မကြာခင်မှာ ပွင့်သထက်ပိုပွင့်လာပြီး ကိုယ့်ကလေးတွေ ညဘက် နိုင်ငံခြားကဆရာတွေဆီမှာ စာမမေးချင်ရင်တောင်မှ ကိုယ့်နိုင်ငံထဲက ဆရာတွေဆီမှာ ရှောရှောရှူရှူ လွယ်လွယ်ကူကူ စာမေးနိုင်ကြတဲ့ အခြေအနေမျိုးကို အမြန်ဆုံးရောက်ပါစေလို့ ဆုတောင်းမိတော့တာပါပဲ။

Ref : “Singapore – Road to Independence”.
U.S. Library of Congress. Retrieved 2006-06-27

Written by နီမင်းဆွေ ( Eleven မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s