တံငါရွာသား သန်းကြွယ်သူဌေး

Posted: June 23, 2011 in ဗဟုသုတ

ဂျော်ဒန် ဘတ်ခ်ျ စတီးဝပ်ဟာ ဂျမေကာနိုင်ငံ၊ တံငါရွာကလေးရဲ့ ပင်လယ်ကမ်းခြေမှာ ဖိနပ်မပါ ခြေဗလာနဲ့ ပြေးလွှားဆော့ကစားရင်း ကြီးပြင်းလာခဲ့သူပါ။ အခုအချိန်မှာတော့ သူဟာ စန်ဒဲလ်(စ်) အပန်းဖြေစခန်းကို လာရောက် ကြတဲ့ ဧည့်သည်တွေကို သူရဲ့ပျော်စရာကောင်းတဲ့ အတွေ့အကြုံတွေကို မျှဝေပေးခြင်းဖြင့် သန်းနဲ့ချီပြီး ၀င်ငွေရတဲ့သူ ဖြစ်နေပါပြီ်။

စန်ဒဲလ်(စ်)ဟာ ကရစ်ဘီယံမှာ ဇိမ်ခံပစ္စည်း အပေါဆုံးနဲ့ အကျယ်ဝန်းဆုံး အပန်းဖြေစခန်း တစ်ခုပါ။ စတီးဝပ်ဟာ ပျော်ပျော်ပဲနေတတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပေမဲ့ စီးပွါးရေးလောကထဲ ၀င်ချင်တဲ့ဆန္ဒရှိတယ်ဆိုတာ ဆယ်ကျော်သက်အရွယ်မှာ သူ့ကိုယ်သူသဘောပေါက်ခဲ့တယ်။

“ကျနော့်အမေမှာ အိမ်သုံးပစ္စည်းတွေရောင်းတဲ့ လုပ်ငန်းအသေးစားလေးတစ်ခုရှိတယ်။ လူတွေကို ပေါင်မုန့်ဖုတ် စက်တို့၊ ရေခဲသေတ္တာတို့ ရောင်းရတာကို ကျနော်သဘောကျတယ်။ ကျနော်ကျောင်းပြီးအောင်တောင် ဆက်မတက်ခဲ့ဘူး” လို့ သူကဆိုပါတယ်။

သူဟာ အလုပ်တစ်ခုရခဲ့တယ်။ ဂျမေကာမှာရှိတဲ့ ဒတ်ခ်ျ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီကြီးရဲ့ ကုန်ပစ္စည်းတွေ ကို ရောင်းပေးရတဲ့အလုပ်ပါ။ ပြီးတော့ မကြာခင်ပဲ ရောင်းလို့ရတဲ့ငွေတွေကို ကုမ္ပဏီရဲ့ အကြီးဆုံးဌာနမှာ အစုရှယ်ယာ ထည့်ဝင်ခဲ့တယ်။ ဒါပေမဲ့ သူဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အလွန်စိတ်အားထက်သန်နေတယ်။ သူ့အသက် နှစ်ဆယ့် ခြောက်နှစ်မှာ ဒေါ်လာသုံးထောင်လောက် စုမိနေပြီ။

သူဟာ နယူးယောက်မြို့ကို ခရီးသွားရင်း ဖက်ဒါးစ်ကုမ္ပဏီရဲ့ လေအေးစက်တွေ တွင်ကျယ်နေတာကို သတိပြုမိ ခဲ့တယ်။ အဲဒီအချိန်က နယူးဂျာစီအခြေစိုက် ဖက်ဒါးစ် ကုမ္ပဏီဟာ အခန်းတွင်းသုံးလေအေးစက်တွေ ထုတ်လုပ်ရာမှာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်တယ်။ ဒါပေမဲ့ အဲဒါတွေကို ဂျမေကာမှာ မရောင်းကြဘူး။ စတီးဝပ်ဟာ ဒီအခွင့်အရေးကို တွေ့ခဲ့တယ်။ သူက အဲဒီကုမ္ပဏီရဲ့ ဖြန့်ချီသူလုပ်ဖို့ ကမ်းလှမ်းတဲ့ စာတစ်စောင်ကို ရုံးအဖွဲ့ဆီကို ရေးတယ်။ နောက်ခြောက် ပတ်အကြာမှာ ကုမ္ပဏီက စာပြန်ရေးပါတယ်။

“သူတို့အနေနဲ့ စိတ်ဝင်စားတဲ့အကြောင်း၊ ဒါပေမဲ့ ကျနော့်မှာ အရင်းအနှီး အလုံအလောက်မရှိဘူးလို့ ထင်တဲ့အ ကြောင်း စာထဲမှာရေးထားတယ်။ ကျနော်လည်း လေယာဉ်လက်မှတ်ဝယ်၊ နယူးယောက်ကိုသွား၊ တက္ကစီငှားပြီး သူတို့ဌာနချုပ်ကို သွားတာပေါ့ဗျာ” လို့ စတီးဝပ်က ဆိုတယ်။ သူဟာ ပထမကုန်တင်သင်္ဘောအတွက် စရံငွေပေးခဲ့ရတယ်၊ ကုမ္ပဏီက အရင်းမရှုံးနိုင်တော့ သဘောတူလိုက်တယ်လို့ သူကပြောပါတယ်။

“သင်္ဘောမဆိုက်ခင်မှာ လေအေးစက် နှစ်ဆယ့်ခုနစ်လုံး ရောင်းလိုက်ရတယ်ဗျ” လို့ စတီးဝပ်က ပြန်ပြောပြတယ်။ သုံးလအတွင်းမှာ ရောင်ရငွေ ခန့်မှန်းခြေ ၂၅ ရာခိုင်နှုန်းမြင့်တက်လာတယ်။ ပစ္စည်းအသေးအမွှားလေးပဲမှာမှာ၊ ဘယ်လို တောင်းဆိုမှုမျိုးဖြစ်ဖြစ် ဆောင်ရွက်မပေးဘူးဆိုတာမရှိပါဘူး။

သူငယ်ချင်းက ည(၇)နာရီလောက်မှာ အရေးတကြီး ဖုန်းဆက်ပြီး-

“ကျနော့်ဇနီးရဲ့မွေးနေ့ဗျာ၊ လေအေးစက်ဝယ်ပေးမယ်လို့ ကတိပေးထားတာ ကျနော်မေ့နေတယ်” ဒီလိုပြောကောင်းပြောမယ်။

“ကိစ္စမရှိဘူး ကိုယ့်လူရေ” လို့ စတီးဝပ်က ပြန်ပြောပါလိမ့်မယ်။

“ကျနော်တို့ အဲဒီကို တက်သွားပြီး တံခါးကိုခေါက်လိုက်မယ်၊ ပြီးတော့ လေအေးစက် တပ်ဆင်ပေးလိုက်မယ်။ သန်းခေါင်ချိန်လောက်မှာ တစ်ခန်းလုံးအေးပြီး သူငယ်ချင်းအတွက် ပျော်ရွှင်စရာညပေါ့ဗျာ၊ နောက်နေ့ အိပ်ရာထတဲ့အခါ သူက ‘လေအေးစက်များ လိုချင်လျှင် စတီးဝပ်ကိုသာ ဖုန်းဆက်လိုက်ပါ’ လို့ သူ့ရဲ့သူငယ်ချင်းကိုပြန်ပြောပြလိမ့်မယ’်”။

စတီးဝပ်က သူရဲ့လုပ်ငန်းကို တိုးချဲ့လိုက်ြ့ပီး အဖွဲ့အစည်းသုံးပစ္စည်းတွေနဲ့ ရုံးသုံးပစ္စည်းတွေကိုပါရောင်းတယ်။ အဲဒီနောက် ဂျမေကာမှာ ဟွန်ဒါကုမ္ပဏီရဲ့ ဖြန့်ချီသူဖြစ်လာခဲ့တယ်။ ပြီးတော့ Jamaica observer ဆိုတဲ့ သတင်းစာ တစ်စောင် စတင်ထုတ်ဝေတယ်။ ဒီကနေ့ခေတ်မှာ အဲဒီသတင်းစာဟာ ဂျမေကာကျွန်းမှာ နေ့စဉ်အရောင်းရဆုံး သတင်းစာတစ် စောင်ဖြစ်ပါတယ်။ “ကျနော်တို့ဟာ မနက်တိုင်း အိပ်ရာထပြီး ဒါတွေကိုလုပ်ခဲ့ကြတယ်၊ စူးစူးစိုက်စိုက်နဲ့ လုပ်တယ်၊ ကျနော်တို့ရဲ့ အစီအစဉ်တွေကို အတတ်နိုင်ဆုံး တီထွင်ကြံဆပြီးလုပ်တယ်”။

ဒါပေမဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု သူကြုံခဲ့ရသေးတယ်။ ဂျမေကာမှာ ရေရှည်အုပ်ချုပ်လာတဲ့ ဆိုရှယ်လစ် အစိုးရကို ၁၉၈၀-ခုနှစ်မှာ မဲဆန္ဒနဲ့
ဖြုတ်ချခဲ့ကြတယ်။

“အဲဒီအစိုးရလက်ထက်မှာ ဟိုတယ်အများစုဟာ အရှုံးပေါ်ကြတယ်။ ဟိုတယ်အတော်များများ ပိတ်ပစ်လိုက် ရတယ်။ စီးပွားရေးတစ်ခုလုံး အခြေအနေ လုံးဝမကောင်းဘူး” လို့ စတီးဝပ်က ဆိုတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့အတွင်း ပြောင်းလဲလာတာနဲ့အမျှ “လောလောဆယ်မှာတော့ စိတ်လှုပ်ရှားစရာပါပဲ၊ အခြေအနေကောင်းတွေ ပေါ်လာနိုင်တယ်လို့ ကျနော်ထင်တယ်”။

စတီးဝပ်ရဲ့ သူငယ်ချင်းတစ်ယောက်က မွန်တေဂူး ပင်လယ်အော် ကမ်းခြေက ပျက်စီးနေတဲ့ အပန်းဖြေစခန်း တစ်ခုကို သွားကြည့်ဖို့ သူ့ကို  တိုက်တွန်းတယ်။ “ပွင့်ပွင့်လင်းလင်းပြောရရင်ဗျာ၊ အခြေအနေဘယ်လောက်ဆိုးဝါးတယ် ဆိုတာကိုသာသိရင် အဲဒါကို ကျနော်တို့ ဘယ်လုပ်မလဲဗျာ” လို့
စတီးဝပ်ကပြောပါတယ်။

ဒါဟာ စန်ဒဲလ်(စ်)အင်ပါယာရဲ့ နိဒါန်းအစအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဒါပေမဲ့ ပထမနှစ်အနည်းငယ်ကြာတဲ့အခါ အဲဒါဟာ ငွေတွင်းတစ်တွင်း ဖြစ်လာခဲ့တယ်။ သူဟာ မနိုင်ဝန်ကို သွားထမ်းတယ်လို့ သူ့ရဲ့ သူငယ်ချင်းတွေကထင်ကြတယ်။ စတီးဝပ်ကတော့ လေအေးစက်တွေရောင်းစဉ်က သူရခဲ့တဲ့ အတွေ့အကြုံက ပေါက်ဖွားလာတဲ့ အဆိုအမိန့်တစ်ခုကို
လက်ကိုင်ပြုထားတယ်။အဲဒါကတော့ “ဈေးဝယ်သူတွေ မျှော်လင့်ထားတာထက် ပိုပေးပါ”တဲ့။

“အမှန်ပဲဗျ၊ လူအများစုက ဉာဏ်ရှိရှိတွေးပြီး လောလောလောလောနဲ့လုပ်ကြရတယ်။ ကျနော်တို့ကတော့ အာရုံစူးစိုက်ထားပြီး လုပ်တယ်၊ နောက်အတော်ကြာလာတော့ ဟိုတယ်စီးပွါးရေးဟာ ဘယ်လောက်အလုပ်ဖြစ်တယ်ဆိုတာ သဘောပေါက်လာတယ်။ ပြီးတော တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာဖို့ ဂရုစိုက်လုပ်တယ်။ အဲဒီနောက်တော့ အဆင်ပြေချောမွေ့လာတာပါပဲ” လို့ စတီးဝပ်က ဆိုပါတယ်။

အခုတော့ သန်းထောင်ပေါင်းများစွာ တန်ဖိုးရှိတဲ့ အပန်းဖြေစခန်း (၁၈)ခု ရှိတယ်။ ဒါတွေဟာ ကရစ်ဘီယံ ကမ်းခြေတစ်လျောက် တိုးချဲ့တည်ဆောက်ထားတဲ့ သူတစ်ဦးတည်းပိုင် စန်ဒဲလ်(စ်) အင်ပါယာ ပါပဲ။

အပန်းဖြေစခန်း စီးပွါးရေး စတင်တီထွင်သူလဲဖြစ်၊ ဦးဆောင်နေသူတစ်ယောက်လဲဖြစ်တဲ့ စတီးဝပ်က အောင်မြင်မှုရဖို့ ကျိုးစားနေသူအားလုံအတွက် ဒီလိုအကြံပြုထားပါတယ်။

“အောက်ခြေမလွတ်ပါနဲ့၊ ဉာဏ်ရှိရှိ စဉ်းစားပါ၊ စူးစူးစိုက်စိုက်လုပ်ပါ၊ ဈေးဝယ်သူတွေ လုံးဝစိတ်အနှောင့်အယှက် မဖြစ်အောင် ဂရုစိုက်ပါ၊ ပြီးတော့ သင့်ရဲ့ဝန်ထမ်းတွေကိုလဲ ဒီအတိုင်းလုပ်ပါ။ ဘယ်အရာမှ သူ့အလိုလိုဖြစ်မလာဘူး။ လူတွေဆီမှာ စနည်းနာပါ၊ စွန့်စား လုပ်ဖို့ မကြောက်ပါနဲ့၊ ကျနော် နေ့စဉ် အဲဒီလို လုပ်နေတယ်။ ကျနော်ပြောတာကို မယုံရင် စန်ဒဲလ်(စ်) ကိုလာပြီး ကျနော်ကိုရှာကြည့်ပါ”

ဘတ်ခ်ျ စတီးဝပ်နဲ့ စကားလက်ဆုံ

ခင်ဗျားအောင်မြင်လာဖို့ ဘာတွေက တွန်းအား ပေးခဲ့သလဲ။

ကျနော်က အောင်မြင်မှုကို တကယ် မြတ်နိုးတယ်ဗျ၊ ကျနော် လုပ်ငန်းစလို့ ပထမခြောက်လ၊ ရှစ်လလောက်မှာ ၀န်ထမ်းလစာ မပေးနိုင်မှာကို အတော်ကို စိုးရိမ်ခဲ့ရတယ်။ ဒီအချက်ကပဲ ရှေ့ကို ဆက်လှမ်းဖို့ တွန်းအားပေးခဲ့တာ။ ဥပမာ ဆိုပါစို့ဗျာ- နွေအခါမှာဆိုရင် လေအေးစက်တွေ ရောင်းအားကောင်းတယ်ဗျာ၊ ဒါပေမဲ့ ဆောင်းခါရောက်တော့ ရောင်းအားက လုံးဝကျသွားရော။ အင်း— နိုဝင်ဘာလလောက် ရောက်လာရင် ဂိုဒေါင်ထဲမှာ လေအေးစက်တွေကပြည့် နေတော့ ကျနော် အမြန်ဆုံး လှုပ်ရှားရတယ်။ ဈေးညှိပေးရတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ပေးစရာရှိတာတွေပေးဖို့ ငွေလိုတာကိုးဗျ။ ဆုံးရှုံးရမှာကို ကြောက်လန့်တာဟာ တကယ့်ကို အစွမ်းထက်တဲ့ တွန်းအားပဲဗျ။

ခင်ဗျား လုပ်ငန်းရဲ့ အခက်ခဲဆုံး အပိုင်းက ဘာလဲ။

ခက်ခဲတဲ့ အပိုင်းဆိုတာ မရှိပါဘူး။ ကျနော် ဘ၀မှာ တစ်ရက်ကလေးလောက်တောင်မှ အလုပ်လုပ်ခဲ့ရတယ်လို့ကို မထင်မိဘူး။ ဒါတွေကို လုပ်နိုင်ဖို့ ကျနော့်ရဲ့ ကံတရားရယ်၊ ပါရမီရယ် ရှိထားတာကို ကျနော် တကယ်ကျေနပ်တယ်ဗျာ။ ခွန်အားတွေ အများကြီး ပိုင်ဆိုင်ထားလို့ ကံကောင်းတယ်ဗျာ။ (ကျနော် ၆၆ နှစ်ပါ) ဒီအသက်အရွယ်မှာတောင် ကျနော် မောတယ်လို့ မခံစားရဘူးဗျို့။

လူတစ်ဦးတစ်ယောက်နဲ့ ပတ်သက်လို့ပေါ့ဗျာ ဘယ်အရာတွေကို ခင်ဗျား သဘောကျသလဲ။

သူတို့ရဲ့ တည်ကြည်မှု၊ ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်နဲ့ ဘ၀မှာ ပျော်ရွှင်နိုင်တဲ့ သူတို့ရဲ့စွမ်းရည်သတ္တိ။ အဲဒီထက်ပြောရရင် သူတို့လဲ လူကြီးတွေပါပဲ၊ အဲဒီတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ကြတယ်။ ကိုယ့်တာဝန် ကိုယ်ယူနိုင်ကြတယ်။ ပြီးတော့ ကိုယ်မှန်တယ်လို့ ယုံကြည်တာကို လုပ်နိုင်ကြတဲ့သူတွေပါ။ ဒါဟာ လူသားရဲ့ အံဖွယ် စွမ်းရည်ပါပဲ။ ဒီလို လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ ကျနော်အတွက် ကံကောင်းတာပဲ။

အသစ်အဆန်း လုပ်ဆောင်မှုများရှိရင် အဲဒါဘာတွေပါလဲခင်ဗျာ။

လုပ်စရာ အသစ်အဆန်းရှိတယ်လို့ ကျနော် မထင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အရာရာတိုင်းဟာ သင်္ခန်းစာ ယူစရာတွေချည်ပါပဲ။ ဟုတ်ပါတယ် ကျနော်တို့ဟာ အတိတ်မှာ အမှားတွေ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ တန်ဖိုးတွေ ပေးဆပ်ပြီး အဲဒီအမှားကို ပြုပြင်ခဲ့ကြတယ်။ ပြီးတော့ စမ်းသပ်မှုတွေ ဆက်လုပ်ကြတယ်။ တီထွင်ဆန်းသစ်ခြင်းဆိုတဲ့ စကားနဲ့ပြောရရင် ကျနော်တို့ အပန်းဖြေစခန်းရဲ့ အတွေ့အကြုံဟာ ကြီးမားတဲ့စမ်းသပ်မှုတစ်ခုပါပဲ။
ကျနော်တို့က ဟိုတယ်အခန်းတွေမှာ ဆံပင်အခြောက်ခံစက်တွေ ထားပေးတယ်။ ရေကူးတဲ့နေရာနဲ့ဆက်ထားတဲ့ အခန်းသစ်တွေ လုပ်ပေးတယ်၊ အခန်းထိ ရောက်အောင် ရေကူးသွားနိုင်တာပေါ့။ ဒါမျိုးတွေလုပ်တာ ကရစ်ဘီယံမှာ ကျနော်တို့ ဟိုတယ်တွေက ပထမဆုံးပဲ။ ကျနော်တို့ဟာ အပတ်စဉ်တိုင်း အသစ်အဆန်းများစွာ လုပ်ကြတယ်။

အံသြစရာ အလေ့အကျင့်များရှိပါသလား ခင်ဗျာ

သူငယ်ချင်းတွေနဲ့ ပင်လယ်ပြင်ထွက်ပြီး စားကြမယ်၊ စကားတွေပြောမယ်၊ ကက်ဖဲကစားကြမယ်။ ဒါမှမဟုတ်ရင် ၀ရန်ဒါမှာပဲ လူတွေနဲ့ ဟိုအကြောင်းဒီအကြောင်းတွေပြောမယ်။ ရယ်ရလေ ကောင်းလေပဲဗျ။

လူတွေက ခင်ဗျားကို ငကြောင်လို့ ထင်ကြသလား။

(သူကရယ်ပြီးတော့) သူများတွေက ငကြောင်လို့ ထင်တဲ့လုပ်ရပ်တွေကို လုပ်တဲ့နေရာမှာ ကျနော်က နာမည်ကြီးတယ်ဗျ။ “ဟာ… ဒီကောင် အရူးပဲ၊ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” လို့ သူတို့က ဒီလိုပြောတတ်ကြတယ်။ ဒါပေမဲ့ အဲဒီလိုဟာမျိုးတွေက ကျနော့်ရဲ့ အိမ်မက်ထဲကို ရောက်လာတယ်။ အရာရာကို ရှင်းရှင်းလင်းလင်း ကျနော် မြင်နေရတယ်။ ကျနော်က ဒီအိမ်မက်တွေကို လက်တွေ့နဲ့ ပေါင်းစပ်ပေးချင်တယ်။ ကျနော်လက်လှမ်းမမီတာတွေကို အိမ်မက်မက်တယ်။ ဒါပေမဲ့ အဲဒါတွေဟာ တကယ်ဖြစ်လာလိမ့်မယ်လို့ ကျနော် ယုံကြည်နေတယ်။
မင်းမဟော် (ဘီးလင်း)

၂၀၀၈။
ဖေဖော်ဝါရီလ Reader’s Digest မှ Maria Bartiromo ရဲ့ King Of The Beach
ကို ဘာသာပြန်သည်။

မူရင်းစာ…http://wwww.myochitmyanmar.org/2008-07-25-07-31-58/2008-07-25-08-06-59/5717-2010-06-23-19-28-46

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s