ကော်ပီကူးတဲ့ ပညာရေးနှင့် အမွှမ်းတင်မှု

Posted: June 23, 2011 in ဆောင်းပါး

ရှန်ဟိုင်းကျောင်းသားများသည် သိပ္ပံ၊ သင်္ချာနှင့် စာဖတ်ခြင်းစွမ်းရည်တို့တွင် ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး ဖြစ်သည်ဟု ပြီးခဲ့သည့်လက ထုတ်ပြန်ကြေညာချက် အပေါ် ဝေဘန်ပြစ်တင်မှုများ ရှိနေပါသည်။ အထူးသဖြင့် တရုတ် ပညာရေးစနစ်အပေါ် အမွှမ်းတင်မှုကို ဝေဘန်ကြခြင်းဖြစ်သည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ချုပ် OECD အဖွဲ့ဝင် နိုင်ငံများ၏ သုံးနှစ်တကြိမ် ၁၅ နှစ်အရွယ် ကျောင်းသားများအား စစ်ဆေးချက် ရလဒ်များမှာ ကမ္ဘာ့စံချိန်တင် အညွှန်းကိန်းအနေဖြင့် သတ်မှတ်လေ့ရှိကြသည်။ ရှန်ဟိုင်းကျောင်းသားများ၏ ရလဒ်ကောင်းများမှာ မျှော်လင့်ထားသည့် အတိုင်းပင်ဖြစ်ပြီး စည်းကမ်းသေ၀ပ်မှုကို တန်ဖိုးထားသည့် လူ့အဖွဲ့အစည်း၏ ပြယုဂ်လည်းဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။

သို့သော် ပြစ်တင်ဝေဘန်မှုများလည်း ရှိနေပါသည်။ ဤရလဒ်ကောင်းမှာ ဆန်းသစ်တီထွင်ခြင်းနှင့် ဖန်တီးမှုစွမ်းရည်ကို ပျိုးထောင်ပေးရန် ပျက်ကွက်နေဆဲဖြစ်သည့် တရုတ်ပညာရေးစနစ်ကို အပေါ်ယံ မျက်နှာဖုံးတပ်ခြင်း မျှသာဖြစ်သည်ဟု သုံးသပ်လေ့လာသူတို့က ဝေဘန်ကြခြင်းဖြစ်သည်။

“တရုတ်တွေသိပ်ကို ကျွမ်းကျင်ကြတာကတော့ ရေတိုရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်တတ်ကြတာပါ။” ပီကင်းတက္ကသိုလ်နှင့် တွဲဖက်ဖွင့်ထားသည့် အထက၊ ဒုကျောင်းအုပ် ကျင်းဇူကင်းက ပြောပြသည်။ ပီကင်းတက္ကသိုလ်ကို တရုတ်ပြည်၏ ဟားဗတ်ဟု တင်စားထားကြသည်။ “ကော်ပီတွေလိုက်လုပ်တဲ့ နေရာမှာတော့ တော်ကြပါပေတယ်၊ ဆန်းသစ်တီထွင် ဖန်တီးမှုကိုတော့ မလုပ်တတ်ကြဘူး။”

အာရှဒေသတွင်းရှိ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်္ကာပူနှင့် ဂျပန်တို့မှ ကျောင်းသားများမှာလည်း ၂၀၀၉ မှ ၂၀၀၄ ခုနှစ်အတွင်း အိုအီးစီဒီ စာမေးပွဲများတွင် ထိပ်တန်းဝင်ခဲ့ကြသည်။ အဖွဲ့ဝင် ၄၁ နိုင်ငံတို့ကို စစ်ဆေးကြခြင်းဖြစ်သည်။ ဖင်လန်နှင့် ကနေဒါကျောင်းသားများလည်း ထိပ်တန်းဝင်များဖြစ်ကြသည်။ အမေရိကန်ကျောင်းသားများမှာမူ သိပ္ပံနှင် စာဖတ်ခြင်းစွမ်းရည်တို့တွင် သာမန်မျှဖြစ်ပြီး သင်္ချာတွင်မူ သာမန်အောက်နား ရောက်နေသည်။

အမြင်ရှင်းစေရန်ဤသို့ တင်ပြထား၏။ အမေရိကန်၏ ကြိုးစားမှုကို ၂ ဆအထိ တိုးလိုက်လျှင် ဟောင်ကောင်ကျောင်းသားများ၏ သင်္ချာစွမ်းရည်ကို လိုက်မီရန်အတွက် ဆယ်နှစ်ကြာဦးမည်ဖြစ်သည်ဟု အမေရိကန် အမျိုးသားသင်္ချာနှင့် သိပ္ပံဆန်းသစ်မှု ဌာန အရာရှိချုပ် ဂျွန်ဝင်းက ရှင်းပြခဲ့သည်။

ပြီးခဲ့သည့်အပတ်က အလုပ်သမားသမဂ္ဂ မိန့်ခွန်းတွင် သမ္မတအိုဘားမားက အမေရိကန် ပညာရေးစနစ်တွင်း ချွတ်ချော်နေမှုများကို ပြင်ဆင်ရန်အတွက် သုတေသနနှင့် နည်းပညာတို့တွင် ယှဉ်ပြိုင် အားထုတ်မှု ရှိရန် လိုအပ်ကြောင်းကို ထည့်သွင်းပြောဆိုခဲ့သည်။ သင်္ချာနှင့် သိပ္ပံပညာရေးမှာ အခြားတိုင်းပြည်များနောက် ရောက်နေသည်ဟုလည်း တင်ပြခဲ့သည်။

“အနာဂတ်မှာ အောင်မြင်နိုင်ဖို့ဆိုရင်၊ နိုင်ငံခြားမှာ မဟုတ်ဘဲ အမေရိကန်ပြည်တွင်းမှာပဲ အလုပ်အကိုင်တွေကို ဆန်းသစ်ဖန်တီးပေးဖို့ဆိုရင် ကျွန်တော်တို့ ကလေးငယ်တွေကို ပညာသင်ပေးနေတဲ့ ပြိုင်ပွဲမှာ နိုင်မှဖြစ်တော့မယ်။” သမ္မတက ပြောခဲ့သည်။

သို့သော် တရုတ်ကျောင်းသား အမြောက်အများပင် ပညာသင်ကြားရန် အမေရိကန်နိုင်ငံသို့ ၀င်လာမစဲ တသဲသဲရှိနေတုန်း။ အများစုမှာ ကောလိပ်ကျောင်းတက်ရန်ဖြစ်ပြီး ကလေးအချို့ကမူ အထက်တန်းတက်ရန် လာကြခြင်းဖြစ်သည်။

၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် တရုတ် ပညာတော်သင် ကျောင်းသား ၁၂၈၀၀၀ (တသိန်းနှစ်သောင်း ရှစ်ထောင်) ရှိခဲ့သည်။ ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်ဟု Institute of international education IIE စာရင်းများရ သိရသည်။

“အမေရိကန်ကိုလာကြတဲ့ တရုတ်ကျောင်းသားတွေက ရမှတ်ကောင်းကောင်းရဖို့မျှသာဖြစ်တဲ့ ပညာရေးစနစ်မှာ စာဆက်မသင်ချင်ကြတော့တာပါ။” နိုင်ငံတကာပညာရေးဌာန IIE အရာရှိချုပ် ပက်ဂီဘလူးမန်သယ်က ဆိုသည်။ “ဝေဘန်ပိုင်းခြား စဉ်းစားတွေးခေါ်ခြင်း စွမ်းရည်ကို အားပေးတဲ့အတန်းတွေကို တက်ချင်ကြတယ်။ အာဏာပိုင်တွေ၊ ဆရာသခင်တွေကို စိန်ခေါ် မေးခွန်းထုတ်ချင်ကြတယ်၊ ပညာရပ်နယ်ပယ် အမျိုးမျိုးထဲမှာ ဆန်းသစ်မှု ရှိမယ့် သုတေသနလေ့လာမှုတွေ လုပ်ချင်ကြတယ်။”

အမေရိကန်ပညာရေးမှာ အားနည်းချက်များရှိနေသော်လည်း အောင်မြင်မှုတစ်ခုမှာ “တက္ကသိုလ်အဆင့် ပညာရေးတွင် အောင်မြင်နိုင်စွမ်း ရှိသူများကို ပျိုးထောင်ပေးသည့် အခြေခံပညာရေး” ဟု ပက်ဂီက ဆိုသည်။ “သူတို့ဟာ အခြေခံပညာရေးမှာ ရမှတ်ကောင်းတဲ့သူတွေတော့ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ အမေရိကန် ကောလိပ်ဝင်ခွင့်မှာတော့ ရမှတ်တစ်ခုတည်းကိုသာ ကြည့်တာမဟုတ်ဘူးလေ။”

စင်္ကာပူမှ အထက်တန်းရူပဗေဒဆရာဟောင်းတစ်ဦးဖြစ်သူ ချုအာချင်ဝေက အာရှကျောင်းသားများမှာ စာသင်ခန်းတွင်း၌ သီးသန့်နေလိုကြပြီး မေးခွန်းများမေးမြန်းရန် ရှက်ကြောက်နေကြသည်ဟု ဆို၏။

“အခြေခံပညာရေး ရလဒ်တွေမှာတော့ ကျွန်တော်တို့ အာရှက အမှတ်ကောင်းကြပါတယ်။ ဒါပေမဲ့ အဲဒီထက်ကို ကျော်လွန်ပြီး ဖန်တီးတီထွင်တတ်မှုနဲ့ ဆန်းသစ်လိုစိတ်ကိုလည်း ပျိုးထောင်ပေးဖို့လိုသေးတယ်။” ချုအာကထောက်ပြခဲ့သည်။

ဤသို့ဖြစ်ရသည်မှာ “လူကြီးမိဘများအပေါ် အလွန်အမင်း နက်နက်ရှိုင်းရှိုင်း လေးစားသမှုရှိတဲ့ ယဉ်ကျေးမှုကြောင့်ဖြစ်ပြီး ဝေဘန်ပိုင်းခြား စဉ်းစားတွေးခေါ်မှုအပေါ် ဖုံးလွှမ်းနေတတ်ကြောင်း” ဟု ဟောင်ကောင် စာမေးပွဲနှင့် စာစစ်အာဏာပိုင်အဖွဲ့ အတွင်းရေးမှူးဟောင်းဖြစ်သူ ပီတာဟေးက ပြောသည်။

သို့ရာတွင် အာရှကျောင်းသားများ၏ ပညာရေးထူးချွန်မှုမှာ အချက်အလက်များကို အလွတ် ကျက်မှတ်ခြင်းကြောင့်သာ ဖြစ်သည်ဟူသော ထင်မြင် သုံးသပ်ချက်မှာလည်း မှားယွင်းနေကြောင်း သူက ယုံကြည်ထားသည်။ ရှုတ်ထွေးနက်နဲသည့် သင်္ချာပုစ္ဆာများကို ဖြေရှင်းရာဝယ် ၁၅ နှစ် အရွယ် ဟောင်ကောင်ကျောင်းသား ၂၅ ရာခိုင်နှုန်းကျော်က ဖြေဆိုနိုင်ခဲ့ကြသည်။ အိုအီးစီဒီနိုင်ငံများတွင်မူ ပျှမ်းမျှ ၃ ရာခိုင်နှုန်းသာ ရှိနေသည်။

“ဖန်တီးတတ်မှုနဲ့ စွန့်ဦးတီထွင် ဆန်းသစ်တတ်မှုကိုသာ ပြောလို့မရပါဘူး။” ယခုအခါအတွင် သြစတြေးလျနိုင်ငံ သင်ရိုးညွှန်းတမ်း၊ စစ်ဆေးမှုနှင့် အစီရင်ခံဌာန၏ စီအီးအိုတစ်ဦးဖြစ်နေသူ ဟေးက ပြောပြခဲ့သည်။ “အဲဒါတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ခွင့်ကော တကယ်ရှိကြပါရဲ့လား။”

မောက္ခနိုင်ငံတကာပညာရေးသတင်း

Source: USA today

http://maukkha.org/index.php?option=com_content&view=article&id=1393%3A2011-02-26-03-16-35&catid=120%3A2010-10-11-07-37-22&Itemid=374

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s