ဝေးသမြေက သူငယ်ချင်းသို့ 

Posted: June 24, 2011 in ရသ

မှတ်မိနေအုန်းမလား သူငယ်ချင်း။

၁၃၇၁-တန်ဆောင်မုန်းလဆန်း-၁၁ရက်

အာရုဏ်ဦးအချိန်မှာပေါ့။ မင်းရန်ကုန်သွားတော့ ငါလိုက်ပို့ ပေးခဲ့တာလေ၊ ကားမထွက်သေးတာနဲ့ ကားပေါ်မှာ အချိန်လုပီး စကားတွေ ပြောကြသေးတယ်နော်။ ကားထွက်ပီဆိုတာနဲ့ ငါကအောက်ကိုဆင်း၊ အမှောင်ထုတွေကြားထဲကနေ ဟိုယိမ်းဒီယိမ်းနဲ့  မောင်းသွားတဲ့ ကားပေါ်မှာ သူငယ်ချင်း မင်း ပါသွားတာကိုကြည့်ရင်း အဲ့ဒီနေရာမှာ ငါတစ်မျိုးပဲခံစားရတယ်၊ မင်းကတော့  ငါတို့ ရပ်ရွာလေးဆီကနေ ထွက်ခွာခဲ့ပြီလေ။ ဒါကတော့ ငါ့အတွက် အထီးကျန်ခြင်းတွေ ထည်ဝါနေတဲ့ တန်ဆောင်မုန်းလပြည့် ညရဲ့ ၁၂ နာရီဝန်းကျင်လောက်က လွမ်းချင်းလေးတစ်ခုပါ။

တောဓလေ့ရဲ့ သဘာဝလို လူတွေရဲ့ စကားဝိုင်းတွေ၊ နောက်ပီး ဟိုဒီသွားလာနဲ့  ခွေးဟောင်သံတွေကြားရစမြဲပါ။ ဆောင်းဦးရာသီပီသစွာ တန်ဆောင်မုန်းရဲ့ လရောင်တွေနဲ့  ဆောင်းဦးမြူနှင်းတွေ ရောယှက်နေတဲ့ ဆောင်းဟေမာန် ညချမ်းကောင်းကင်ဟာလည်း ပြာပြာညိုညိုနဲ့ ပေါ့။ မိုးတိမ်ဆိုတာ ဘာမှန်းမသိအောင် ကင်းစင်လွန်းလှပါတယ်။ အရင်ကဆိုမင်းနဲ့ အတူတူ လပြည့်ညရဲ့ ကောင်းကင်ကြီးအောက်မှာ ရယ်မောရင်အမြဲလိုလိုလျှောက်သွားတတ်တယ်လေ။ ခုတော့  ငါတစ်ယောက်ထဲအတွက် ဆောင်းရာသီရဲ့ ဒီညချမ်းတွေဟာ ဘယ်လောက်ပဲလှပနေပါစေ ငါ့ အတွက်ကဗျာမဆန်တော့ပါဘူးကွာ။

တို့ ကမ္ဘာကြီးဟာလည်း ကိုယ်ရောင်ကိုယ်ဝါ တောက်ပခြင်းတွေကို ပိုင်ဆိုင်ပီး ရှင်သန်ခြင်းတွေနဲ့  အေးမြသာယာလွန်းလှပါတယ်။ အချိန်တွေဟာ သာယာလွန်းလှပီး ပျော်စရာကောင်းနေပေမယ့်၊ တစ်ယောက်ထဲလိုလို အထီးကျန်ဆန်ဖြစ်နေတဲ့ ငါ့အဖို့ တော့ အဖော်တွေဆုံတဲ့ ဟိုတုန်းက တောညတွေကိုသာ သတိရနေဆဲပါ သူငယ်ချင်းရာ။
ခု မင်းမရှိတော့ ငါလည်း မင်းနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ဆီကို လပေါင်းများစွာခွဲဖို့ ကံကြမ္မာကြီးက နှင်လာနေပြီလေ။ ငယ်ငယ်ကလို အချိန်တိုင်းအတူနေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။ ဘ၀ရည်မှန်းချက်တွေက နေရာယူလာခဲ့ ပြီလေ။ မဖြစ်နိုင်တာတွေကိုမှ တောင်းတနေခဲ့တဲ့ ငါ့ အတွက်၊ မင်းနဲ့  အချိန်တိုင်းအတူရှိနေချင်ခဲ့တဲ့ ငါ့အတွက်တော့ ဘယ်နေရာပဲနေနေ၊ ဘယ်ကိုပဲရောက်ရောက် မရေမရာတဲ့မျှော်လင့်ချက်တွေနဲ့  ထာဝရအထီးကျန်နေခဲ့ မှာပါ။ ရာသီတွေပြောင်း၊ နှစ်တွေနှောင်းခဲ့ပေမယ့် ငါစိတ်ကတော့ ပြောင်းမသွားခဲ့ပါဘူး သူငယ်ချင်း။

အပြစ်ကင်းတဲ့ ငါတို့ ရဲ့ပျော်ရွှင်မှုလေးတွေ၊ ကြည်နူးစရာကောင်းတဲ့  လယ်ကွင်းတွေနဲ့  ဟိုအနောက်အလွမ်းတောင်တန်းကြီးတွေ၊ နီလာရောင်ချယ်သထားတဲ့ ကောင်းကင်ကြီးနဲ့ သဘာဝအလှတွေ၊ နေညိုချိန် နေရောင်ဖျော့ ဖျော့ တွေရဲ့အောက်က ထန်းပင်တွေရဲ့အလှနဲ့၊ ငါတို့ တွေ အတူရှိခဲ့ကြတဲ့ နေ၀င်ချိန်တွေ၊ ဒါတွေကိုမမေ့နိုင်ခဲ့ပါဘူးကွာ။ ငါတို့ တွေ တစ်နေ့ ပြန်စုံကြမယ်လေ။ ပျော်ရွင်မှုတွေနဲ့ အတူပေါ့။

အလွမ်းတောင်တန်းကြီးသာ အသက်ဝင်နေခဲ့ရင်၊ အတူရှိခဲ့ဖူးတဲ့လယ်ကွင်းတွေသာ စကားပြောတတ်မယ်ဆိုရင်၊ မင်းကို ငါစောင့်မျှော်နေခဲ့တဲ့ ဒီညတွေထက်မှာ  အိပ်ရေးပျက်ခဲ့တဲ့ ငါ့ရဲ့ ငိုသံတွေကို မင်းကြားနိုင်ခဲ့ရင်………………..

ပြန်လာခဲ့ပါ  သူငယ်ချင်း။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s