ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (၁)

Posted: June 28, 2011 in သမိုင်း

စကားဦး
ကျနော်က RFA ရေဒီယို မြန်မာပိုင်းမှာ “မိတ်ဆွေများအတွက် စာလက်ဆောင်” ကဏ္ဍကို တာဝန်ယူ ရေးနေတယ်။ နား ထောင် ချင်ရင်တော့ အပတ်စဉ် သောကြာနေ့တိုင်း နံနက်ပိုင်း အစီအစဉ်မှာ နားထောင်နိုင်ပါတယ်။ ဒီမှာ ဦးသန့်မြင့်ဦးရဲ့ The River of Lost Footsteps: History of Burma, Thant Myint-U, Farrar, Straus and Giroux, New York, 2006. ကို မိတ်ဆက်ပေးဖြစ်တယ်။ ဒီကဏ္ဍဟာ စာအုပ်ဝေဖန်ရေးမဟုတ်ပါဘူး။ ဖတ်သင့်တယ် ယူဆတဲ့ စာအုပ်တွေကို အခန်းခွဲပြီး မိတ်ဆက်ပေးတဲ့ သဘောပါ။

အရင်ကတော့ ကျနော့်ဘလော့မှာ မတင်ဖြစ်ဘူး။ မူပိုင်ခွင့် ပြဿနာရှိမယ်လို့ ယူဆလို့လည်း ဖြစ်ပါတယ်။ နောက်တော့ RFA ကို တိတိလင်းလင်းဖော်ပြပြီး၊ အကျိုးစီးပွားအတွက် မဟုတ် ဘဲ ပြန်လည်ဖော်ပြရင် ရတယ်ဆိုလို့ ကိုမိုးသီးဇွန်ရဲ့ ဘလော့ (We fight we win) မှာ အခန်း ဆက် ဖော်ပြခဲ့ပါတယ်။ ဝေဖန်စာ၊ မှတ်ချက်တွေလည်း ရခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မှတ်တမ်းတခု အနေနဲ့ ထားနိုင်အောင် ဆိုပြီး ကျနော့်ဘလော့မှာ ပြန်တင်ထားဖို့ နောက်မှ စဉ်းစားမိတာပါ။ ဒါကြောင့် အတော်နောက်ကျမှ ဖော်ပြဖြစ်ပါတယ်။

ဒီစာအုပ်ကို ဖတ်ရစဉ်မှာ ကျနော် အတော်အလုပ်လုပ်ရပါတယ်။ ဦးသန့်မြင့်ဦး စာအုပ်ဖတ်စဉ်မှာ အချို့စာအုပ်တွေကိုလည်း တိုက်ဆိုင် ဖတ်နေရသေးတယ်။ အကြောင်းက ကျနော်ကိုယ်တိုင်က သမိုင်းကို ပိုသိချင်လာတဲ့ကိစ္စရယ်၊ အချို့ အင်္ဂလိပ်လို ဖော်ပြထားတဲ့ အမည်တွေကို မြန်မာလို ဘယ်လိုအတိအကျခေါ်သလဲဆိုတာ သိရအောင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒေါက်တာ သန်းထွန်း အသစ်မြင် မြန်မာ့သမိုင်း အပါအ၀င် သမိုင်းစာအုပ်တွေ၊ စာရေးဆရာတွေ စုရေးထားကြတဲ့ ပုဂံ၊ ဦးညိုမြ ရဲ့ ကုန်းဘောင်ရှာပုံတော်၊ ဆရာ မြသန်းတင့်ရဲ့ “တောင်သမန် ရွှေအင်းက လေညှင်းဆော်တော့” စသဖြင့် စာအုပ် တွေကိုပါ ဖတ်ရတယ်။ တူတဲ့အချက်တွေ တွေ့သလို၊ ကွဲလွဲနေတာတွေလည်း ဖတ်ခဲ့ရတယ်။ ပုဂံခေတ်အကြောင်း မြန်မာ အစဖော်ပြချက် မှာ အချို့ကွဲလွဲနေတာတွေရှိတယ်။ နောက် အချို့ဝေဖန်သူတွေ ထောက်ပြကြသလို၊ ရခိုင်မြို့တော် မြောက်ဦး ကို (Monkey egg) လို့ဖော်ပြတာမျိုး အချို့ကွဲလွဲနေတာတွေလည်း တွေ့ရပါတယ်။

ကိုမိုးသီးဘလော့မှာ တင်စဉ်မှာ ဝေဖန်ချက်မှာ ရေးကြသလို ကျနော့် လစ်ဟာတဲ့ အကွက်တွေလည်း ရှိနိုင်ပါတယ်။ အကြောင်း ကတော့ ရေဒီယိုပရိုဂရမ်ဟာ အကန့်အသတ် ရှိပါတယ်။ မိုနိုတုန်း (Monotone) ဆိုရင် လူတွေက ပျင်းလာလို့ တခါကို ၆-၇ မိနစ်မျှသာပဲ ပြောခွင့်ရှိပါတယ်။ အဲသည်တော့ တခါတလေ စာအုပ်တခန်းကို ၆ မိနစ်အတွင်း ပြောရပါတယ်။ တခါတလေ ရာစုနှစ်တခုလုံးကို ၆ မိနစ်ပဲ ပြောရပါတယ်။ အဲသည်တော့ ထင်ရှားတဲ့အကွက်မျှ၊ ပရိသတ်စိတ်ဝင်စားမယ့် အကွက်မျှကိုပဲ ရွေးပြောရပါတယ်။ ကြိုရှင်းချင်တာကတော့ ကျနော်ဟာ မြန်မာ့သမိုင်းကို ရေးနေတာလည်း မဟုတ်ပါ။ သူရေးထားတာကို ပြန်မိတ်ဆက်တာသာ ဖြစ်ပါတယ်။ ဘာသာပြန်နေတာလည်း မဟုတ်ပါ။ (အကြောင်းက လုံးစေ့ပတ်စေ့ ပြန်ထားတာ မဟုတ် ပါ။) မြန်မာလူမျိုးကြီးဝါဒကို တင်နေတာလည်း မဟုတ်ပါ။ အချို့လူမျိုးတွေ/ အချို့အုပ်စုတွေ သမိုင်းကို ဖျောက်ဖျက်နေ တာ လည်း မဟုတ်ပါ။ အကယ်၍ စာရေးသူ ပြောချင်တာနဲ့ ကျနော် ထုတ်နှုတ်တာတောင် ကွဲလွဲချက်ရှိချင် ရှိနိုင်ပါတယ်။ ဒီလို အားနည်းချက်ရှိခဲ့မယ် ဆိုရင်တော့ ကျနော့်အားနည်းချက်ပဲ ဖြစ်ပါတယ်။ နောက်တခုက မြန်မာ-ဗမာ အသုံးအနှုံးရောထွေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း အကြံပေးခဲ့ကြတာ ရှိပါတယ်။ ဟုတ်ပါတယ်။ ကျနော် အားနည်းချက် ရှိခဲ့ပါတယ်။ (ဒါပေမယ့် ရေဒီယိုက လွှင့်ပြီးသွားခဲ့ပါပြီ)။

ဘာပဲဖြစ်ဖြစ် ဖတ်သင့်တဲ့ စာအုပ်တအုပ်လို့ ထင်ပါတယ်။ ကျနော်တို့က အရင် သမိုင်းကို မြန်မာ/ တနည်း ဗမာဆိုတဲ့ မျက်မှန် အောက်ကပဲ ကြည့်ခဲ့ကြတယ်။ ဒီစာအုပ်ကတော့ ကမ္ဘာ့အခြေအနေ၊ ဒေသ၀န်းကျင် အခြေအနေကိုပါ ထွက်ကြည့် ထားလို့ပါ။ အတွေးပွားစရာတွေလည်း ရခဲ့ပါတယ်။ သူက သမိုင်းကနေပြီး ပြန်ဆန်းစစ် သင်ခန်းစာထုတ်ယူနိုင်ဖို့ ပြောပါ တယ်။ လိုလည်း လိုအပ်ပါတယ်။ ဒါပေမယ့်လည်း အချို့ဝေဖန်သူတွေကတော့ သမိုင်းကနေပြီး သင်ခန်းယူရုံနဲ့ မလုံ လောက်တော့ဘူး။ ကမ္ဘာ ကြီးက ပြောင်းနေတာ မြန်လွန်းတော့ (ဥပမာ-ဂလိုဘယ်လိုက်ဇေးရှင်း လိုမျိုး၊ ယခု စီးပွားပျက် ကပ်လိုမျိုး) အနာဂတ်ကိုပါ ကြိုမျှော်ကြည့်ရမယ် ပြောပါတယ်။ ပြောရရင်တော့ ကျနော့်ဆီက မိတ်ဆွေများအတွက် စာ လက်ဆောင်လို့ပဲ မှတ်ယူပါ ခင်ဗျား။ လိုတာ ယူပါ။ မလိုလည်း လွှင့်ပစ်လိုက်ပါ ခင်ဗျား။

……………….

သောတရှင် မိတ်ဆွေများခင်ဗျား

” မိတ်ဆွေများအတွက် စာလက်ဆောင်” ကဏ္ဍမှာ ဒီတပတ်ကစပြီး စာအုပ်သစ်တအုပ်ကို စတင်မိတ်ဆက်ပေး သွားဖို့ စဉ်းစား ထားပါတယ်။ စာအုပ်နာမည်ကတော့ (The River of Lost Footsteps) ဖြစ်ပြီး ပျောက်ဆုံး သွားလေတဲ့ ခြေရာတွေ နဲ့ မြစ် တစင်းလို့ ဘာသာပြန်ရင် ရနိုင်ပါလိမ့်မယ်။ ရေးတဲ့သူကတော့ ဦးသန့်မြင့်ဦး ဖြစ်ပါတယ်။

ဒီစာအုပ်ကတော့ သမိုင်းကိစ္စလို့ ပြောရင်ရသလို ဖတ်ချင်စဖွယ်ဖြစ်အောင် ပုဂ္ဂိုလ်ရေး၊ မိသားစုအကြောင်းတွေနဲ့ ယှဉ်လို့ စိတ်ဝင်စားဖွယ် ရေးချယ်ထားပါတယ်။ ဒီစာအုပ်အကြောင်းကို လူပြောသူပြောလည်း များလှပါတယ်။ လူပြောများရတဲ့ အကြောင်းကတော့ အရေးအသားကြောင့် တကြောင်းဖြစ်နိုင်သလို၊ တင်ပြရေးသားတဲ့ စာရေးသူနဲ့လည်း သက်ဆိုင်နိုင် ပါတယ်။ သူရဲ့ နောက်ဆုံး မြန်မာနိုင်ငံ ရှေ့အလားအလာတွေကို ခန့်မှန်းသုံး သပ်ဖော်ပြတဲ့အပေါ်မှာ မကျေလည်တာ တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖတ်သင့်တဲ့ စာအုပ်တအုပ်မိုလို့ ရွေးချယ် မိတ်ဆက် တင်ပြပါရစေ။

စာအုပ်နာမည်ကို စလို့ ညွှန်းပါရစေ။ ဒီစာအုပ်ရဲ့ နာမည်က ပျောက်ဆုံးသွားတဲ့ ခြေရာတွေရဲ့ မြစ်တစင်း၊ တနည်း ပြောရရင် ခြေရာဖျောက်မြစ် ဆိုတာက စာရေးဆရာကြီး ရုဒယပ် ကစ်ပလင် (Rydyard Kipling) ရဲ့ စာသားတပိုဒ်က ယူလာခဲ့တာပါ။ ၁၈၈၉ ခုနှစ်မှာ စာရေးဆရာကြီး ကစ်ပလင်က ဧရာဝတီမြစ်မကြီးကို စတွေ့ပါတယ်။ သည်တော့ သူက မြစ်ကြီးကို တမ်းတမ်း တတ ငေးမောလို့ သူ့ရဲ့ အမှတ်ရစရာ ကိစ္စတွေနဲ့ စာဖွဲ့ပါတယ်။ “ခြေရာဖျောက်မြစ် တစင်းကို ကြည့်နေရတယ်လို့ ကျနော် ထင်လာတယ်။ လွန်ခဲ့တဲ့ သုံး-လေးနှစ်က ကျနော် နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့သူ လူတွေ ဒီမြစ်ကြောင်းအတိုင်း ခရီးသွားခဲ့ကြတယ်။ ဒါပေမယ့် ဘယ်တော့မှ သူတို့ ပြန်လာကြတော့မှာ မဟုတ်ဘူး” လို့ ရေးခဲ့ပါတယ်။ ဒီအရေးအသား ခြေရာဖျောက်မြစ်ဆိုတဲ့ စာသားကနေပဲ ယခုစာအုပ်ခေါင်းစဉ် ဖြစ်လာသလို၊ မြန်မာနိုင်ငံအကြောင်း၊ တနည်းပြောရရင် မြန်မာနိုင်ငံရဲ့ အသက်သွေး ကြောကြီးလို ဖြစ်နေတဲ့ ဧရာဝတီအကြောင်းကို ညွှန်းဖွဲ့ဆိုတာလို့လည်း ပြောနိုင်ပါတယ်။

စာရေးတဲ့သူကလည်း မိတ်ဆွေတို့နဲ့ စိမ်းမယ် မထင်ပါဘူး။ သူက ၁၉၆ဝ ခုနှစ် ပတ်ဝန်းကျင်မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့သူ မြန်မာနိုင်ငံက ဦးသန့်ရဲ့ မြေးတဦးပါ။ စာရေးတဲ့သူက ၁၉၆၆ ခုနှစ်မှာ မွေးဖွားပြီး ဟားဗတ်၊ ကင်းဗရစ် စတဲ့ နာမည်ကြီး တက္ကသိုလ်တွေမှာ စာသင်ကြားလေ့လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ မြန်မာ့အရေး လှုပ်ရှားမှုတွေမှာလည်း ကာလ တစုံကြာ ဝင်ရောက်လှုပ်ရှားခဲ့ပါသေးတယ်။ နောက်တော့ ကုလသမဂ္ဂ အရာရှိတဦးအဖြစ် ဆက်လက်အသက် မွေး ဝမ်းကျောင်းမှု ပြုနေသူ ဖြစ်ပါတယ်။ ကမ်ဘော ဒီးယား မှာ ကုလသမဂ္ဂက ဦးဆောင်ပြီး ရွေးကောက်ပွဲတွေ ကျင်းပတော့ ဒီငြိမ်းချမ်းရေး မစ်ရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဖြစ်၊ နောက် ပိုင်း ဆရာဂျေဗို၊ ဘော့စနီးယားက ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်တွေမှာ သွားရောက်တာဝန်ယူ ခဲ့တဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သမိုင်းဘာသာနဲ့ ပါရဂူဘွဲ့ယူဖို့ ကျမ်းပြုခဲ့ပါတယ်။ သူအဓိကရေးခဲ့တဲ့ စာတမ်းကတော့ မြန်မာ နိုင်ငံသမိုင်းရဲ့ ၁၉ ရာစုအလယ်ပိုင်း ကာလတွေ အကြောင်း ဖြစ်ပါတယ်။ အခု စာအုပ်မတိုင်မီက ၂ဝဝ၁ ခုနှစ်မှာ “ခေတ်မီ မြန်မာ နိုင်ငံကို တည်ဆောက်ခြင်း” ဆိုတဲ့ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ပါသေးတယ်။

စာရေးသူက အခုအချိန်ကျမှ ဘာဖြစ်လို့ မြန်မာနိုင်ငံသမိုင်းကို ပြန်ရေးရတာလဲ မေးခွန်းတွေ ဖြစ်ဖွယ် ရှိပါတယ်။ ဒီလိုရေးဖြစ် တဲ့ အာသီသကိုလည်း စာရေးသူက စာအုပ်နိဒါန်းပိုင်းမှာ ရှင်းပြခဲ့ပါတယ်။ ယခင်က မြန်မာ နိုင်ငံအကြောင်းကို သိပ်မသိကြ ပေမယ့် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ လူတွေက မြန်မာနိုင်ငံအကြောင်းကို ပိုလို့ စိတ်ဝင်စားလာခဲ့ကြ ပါတယ်။ တဖက်မှာ ဗုဒ္ဓဘာသာ အယူအဆနဲ့ ၂ဝ ရာစု ဖြစ်ပေါ်တိုးတက်မှုတွေကို စိတ်မပူ ခပ်အေးအေး နှစ်သိမ့် ရောင့်ရဲနိုင်ကြတဲ့ နိုင်ငံဖြစ်ပေမယ့်၊ အခြားတဖက်မှာလည်း အနောက်နိုင်ငံတွေ အမြင်မှာတော့ အာဏာရှင်တွေရဲ့ တလွဲတချော် စီမံခန့်ခွဲမှုတွေကြောင့် ပြိုလဲ ကျဆုံး တော့မယ့် နိုင်ငံတခု၊ နိုင်ငံတကာ မိသားစုမှာ ကြားတဲ့လူတိုင်းကလည်း မြန်မာဆိုရင် စိုးရိမ်ဖွယ် နိုင်ငံတခုလိုလည်း မြင်နေကြပါ တယ်။ အခုအချိန် ၂၁ ရာစု အဝင်ကာလမှာတော့ မြန်မာနိုင်ငံ ပုံရိပ်က ပြင်ပမှာ ကြားလိုက်သိလိုက်ရရင် ဖျားနာ ပိန်လှီနေတဲ့ ပိုစတာထဲက ကလေးလိုမျိုး၊ အရာရာ ပျက်ယွင်းလို့ ကျရှုံးတော့မယ့် နိုင်ငံမျိုး၊ ဖိနှိပ်ချုပ်ချယ်မှု တွေ၊ လူမှုကပ်ဘေး တွေကို ရင်ဆိုင် မဖြေရှင်းနိုင်တော့ဘဲ ချောက်ထဲ ကျရ တော့မယ့် နိုင်ငံလိုမျိုး ပိုလို့ မြင်လာ နေခဲ့ကြတယ်။ ဒါ့အပြင် လက်ရှိ စစ်အစိုးရက လည်း အာဏာကို လျှော့မယ့်ဟန် တပြားသားမှ မမြင်ရသေးပါဘူး။

ဒါပေမယ့်လည်း မြန်မာနိုင်ငံ သမိုင်းဟာ အမှန်တကယ် ဖြစ်ခဲ့တဲ့ ကိစ္စပါတဲ့။ ဒီနေ့ဖြစ်နေရတဲ့ ကိစ္စတွေဟာ လည်း သမိုင်းနဲ့ ကင်းကွာပြီး ဖြစ်နေတာ မဟုတ်ဖူးလို့ စာရေးသူက မြင်ပါတယ်။ သူက ဧရာဝတီမြစ်ဝှမ်း လွင်ပြင်မှာ ပေါ်ထွန်းခဲ့တဲ့ လူ့ယဉ်ကျေးမှု ဖြစ်ပေါ်တိုးတက်မှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၅ဝဝ လောက်ကတည်း က စတင်ခဲ့ပြီး ရှေးဟောင်း အီဂျစ်ဘုရင့် နိုင်ငံတော်တွေနဲ့တောင် သက်တမ်းတူတယ်လို့လည်း စာရေးသူက အထောက်အထားတွေနဲ့ ပြောခဲ့ပါတယ်။ ဒီလိုကြီးမြတ်တဲ့ ဧရာဝတီရဲ့သမိုင်းကို တဖက်က ပြန်ဖော်ထုတ် ချင်တာလည်း ပါပါလိမ့်မယ်။ “လောလောလတ်လတ် ပြဿနာတွေနဲ့ မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာက ပိုသိကြနေကြပေမယ့် အရောင်အသွေး စုံလင်စွာနဲ့ လှပကြီးကျယ် ခမ်းနားခဲ့တဲ့ မြန်မာနိုင်ငံ အတိတ်သမိုင်းကို မေ့လျော့နေတဲ့ သူတွေအတွက် ရည်ရွယ် ရေးသားတယ်” လို့ စာရေးဆရာက ပြောခဲ့ပါတယ်။

နောက်တချက် ကတော့ မြန်မာနိုင်ငံရဲ့ အတိတ်တွေက တဆင့် ဒီကနေ့ ပြဿနာတွေကို နားလည်အောင် ကြိုးစားကြည့်တာ လို့လည်း သူက ရေးခဲ့ပါတယ်။ သူက ပြောတာက “တိုင်းပြည်ရဲ့အနာဂတ်ကလည်း မရေမရာ ဖြစ်နေတဲ့အချိန်၊ ပစ္စုပ္ပန်မှာလည်း အကျပ်အတည်း အခက်အခဲ တွေက အလွန်များနေတဲ့ အချိန်မျိုးမှာ အံဝင်ခွင်ကျ လုပ်ရမယ့် အလုပ်က အတိတ်သင်ခန်းစာ တွေကို ပိုပြီး သေသေချာချာ လေ့လာသုံးသပ်ဖို့ လိုပါတယ်” လို့ သူက အစော ပိုင်းမှာ မှတ်ချက်ပေးထားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း စာအုပ်က စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ပုဂ္ဂိုလ်ရေး ဇာတ်လမ်းကလေးတွေနဲ့ ဖော်ပြသလို၊ အတိတ်နဲ့ ပစ္စုပ္ပန်၊ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး၊ ပြည်တွင်းနိုင်ငံရေးနဲ့ ကမ္ဘာ့ဖြစ်စဉ်တွေ အကြား လူးလာ ခေါက်တုံ့ အပြန် အလှန်သုံးသပ်တာ မျိုးတွေ တွေ့ရပါတယ်။ မြန်မာဘုရင်တွေရဲ့ အတက်နဲ့ အကျ၊ မြန်မာ့ သမိုင်းရဲ့ အတက်အကျတွေကို သေသေချာချာ တွေ့ရပါ တယ်။ စာအုပ်ကို ပါတော်မူခန်း ကာလနဲ့ စဖွင့်ထား ပြီး အခန်းပေါင်း ၁၃ ခန်း ပါပါတယ်။

ဒီတပတ်မှာတော့ စာအုပ် အဖွင့်မိတ်ဆက်မျှနဲ့ပဲ ကျေနပ်ပါလို့ ဆိုပါရစေ။ နောက်တပတ်မှာတော့ သီပေါမင်း ပါတော်မူ ကာလ ကို ကမ္ဘာ့အခြေအနေ၊ ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်တင်ပြထားတာကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြ ပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ရောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s