ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၃)

Posted: June 28, 2011 in သမိုင်း

သောတရှင်မိတ်ဆွေများခင်ဗျား

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် The River of Lost Footsteps စာအုပ်မှာ ပထမအခန်း ကို ပါတော်မူခန်း၊ အင်္ဂလိပ် စစ်တပ်တွေက မြန်မာနိုင်ငံကို သိမ်းပိုက် ကိုလိုနီပြုခဲ့တဲ့အခန်းနဲ့ စခဲ့ပါတယ်။ အင်္ဂလိပ်စစ်ဗိုလ်ချုပ် ဟယ်ရီ ပရင်ဒါဂတ်စ် ဦးဆောင်တဲ့ အင်္ဂလိပ်တပ်တွေက လွယ်လွယ်နဲ့ မန္တလေး နန်းတော်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အကြောင်းကို အရင်တပတ်က ကျနော် တင်ပြခဲ့ပါတယ်။

အဲသည်အချိန်မှာ အင်းဝရွှေနန်းတော်ထဲက အခြေအနေကို ကြည့်ကြရအောင်ပါ။ အသက် ၂၈ နှစ်အရွယ် သီပေါဘုရင်က မမွေးရသေးတဲ့ ရင်သွေးနဲ့ မိဘုရား ခေါင်ကြီးရဲ့ ကျန်းမာရေး ကို စိုးရိမ်လို့နေပါတယ်။ နန်းတော်ထဲက မှူးမတ် အချို့ကတော့ သူ့ကို စစ်ဘေးရန် ကနေ ရှောင်တိမ်းဖို့ တိုက်တွန်းကြသူလည်း ရှိပါတယ်။ ဒါပေမယ့် အချို့ တပ်မှူးတွေကတော့ ဧရာဝတီ မြစ်ကြောင်းတလျှောက်မှာ ခံတပ်တွေလည်း ပိုမိုခိုင်မာအောင် ပြင်ဆင်ဆောက် လုပ်ထားပြီးပြီ၊ ရွှေနန်းယဉ်သာ ရေယာဉ် တော်နဲ့ လှေငယ်တွေကို ရေမှာ မြုပ်လို့ မြစ်ကြောင်းကိုလည်း ပိတ်ဆို့ထားမယ်၊ ရွှေနန်းတော်ရဲ့ အင်ဂျင်နီယာတွေကလည်း ရေမြုပ်မိုင်းတွေကို မကြာခင်မှာ ထုတ်လုပ်နိုင်တော့မယ်၊ အောင်ပွဲရစေရမယ်လို့ ကတိပေးကြသူတွေလည်း ရှိနေပါတယ်။ အမှန်မှာတော့ အင်းဝရွှေနန်း တော် က တပ်တွေက ရှမ်းပြည်နယ်က ပုန်ကန်ထကြွနေတဲ့ နယ်စားမြို့စားတွေကို နှိမ်နင်းဖို့ အရေး တပ်တွေပို့လွှတ်ထားရတာနဲ့ အတော်ဝန်ပိနေပါပြီ။ ကင်းဝန်မင်းကြီး အပါအဝင် အချို့သော အမတ်တွေကတော့ အင်္ဂလိပ်တွေကို စေ့စပ်ညှိနှိုင်းပြီး ကျေအေး နိုင်တာ အကောင်းဆုံးလို့ ဖြောင်းဖြနေကြပါတယ်။ ဒါပေမယ့် ဘုရင်က ဒီလို အမတ်ကြီးတွေရော ယုံကြည့်လို့ ရပါ့မလား ဝေခွဲ မရဖြစ်နေခဲ့ပါတယ်။ အင်္ဂလိပ်တပ် တွေရဲ့ မီးသင်္ဘောတွေနဲ့အတူ မြင်းကွန်းမင်းသားပါလာတယ် ဆိုတဲ့ သတင်းတွေက လည်း ဖြစ်နေပါတယ်။ ရွေးချယ်စရာ လမ်းကတော့ သိပ်များများ စားစား မရှိလှပါဘူး။

တကယ်တော့ အသက် ၂၁ နှစ်အရွယ်မှာ သီပေါမင်းကို နန်းတင်ခဲ့တာက ကင်းဝန်မင်းကြီး ဦးကောင်းနဲ့ ပြုပြင် ပြောင်းလဲ လိုစိတ် ရှိကြတဲ့ ဥရောပ အနောက်နိုင်ငံတွေမှာ ပညာသင်လာဖူးကြတဲ့ မှူးမတ်တွေ ဖြစ်ပါတယ်။ သီပေါဘုရင်က အားနည်း ပျော့ညံ့တဲ့ ဘုရင် ဖြစ်နိုင်ပြီး၊ သူကို ဘုရင်တင်ထားတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ လုပ်နိုင်ကောင်းရဲ့ အမြင်နဲ့ တင်ခဲ့တာပါ၊ မြန်မာနိုင်ငံအတွက် ကမ္ဘာ့အခြေအနေအရ အချိန်က မရှိလှ တော့ဘူး။ ပြုပြင်ပြောင်းလဲရေးလုပ်နိုင်ရင် မြန်မာ နိုင်ငံအတွက် တနည်းတဖုံ ကယ်တင်နိုင်ကောင်းရဲ့လို့ တွေး ထင်ခဲ့ကြသူ အုပ်စုပါ။ သို့သော်လည်း ဘုရင့် အနွယ်တော် တွေဖက်က တင်းမာတဲ့သဘောထားတွေနဲ့ ပြုပြင် ပြောင်းလဲရေးကို ခုခံဆန့်ကျင်ကြတာကို သူတို့ လျှော့တွက်မိကြပါတယ်။ နောက်တော့ သူတို့အုပ်စုလည်း စိတ်ပျက်လက်ပျက် ဖြစ်နေကြရတဲ့ အခြေအနေပါ။

စစ်ပွဲကတော့ လာနေပါပြီ။ စစ်ပွဲမှာ ဘယ်လိုရလဒ်ဖြစ်လာမယ်ဆိုတာ ဘယ်သူကမှ စိတ်ကူးယဉ်မနေကြပါဘူး။ ကောင်း ကောင်းသိနေကြပါတယ်။ ဒါပေမယ့် ရှိတာနဲ့ အကောင်းဆုံး ပြင်ဆင်မယ်လို့သာ ဆုံးဖြတ်ထားကြတာ ပါ။ ခုခံစစ်အတွက် စစ်ကြောင်း ၃ ခု ခွဲထားခဲ့ပါတယ်။ မြန်မာစစ်သူကြီးတွေနဲ့အတူ စစ်သား တစ်သောင်းခွဲ လောက်၊ သူတို့နဲ့အတူ ဥရောပ တိုက်သား စစ်အကြံပေးနဲ့ သင်တန်းဆရာ တချို့လည်း ရှိနေကြပါတယ်။ ပထမဦးဆုံးစစ်ပွဲ ထိတွေ့မှု ကတော့ အင်္ဂလိပ်တွေ သိမ်းပိုက်ထားတဲ့ အောက်မြန်မာပြည်က ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် စအထွက်မှာပဲ ကြုံရပါတယ်။ သီပေါမင်းရဲ့ စစ် မင်းကြီး တိုင်းတားမင်းကြီးရဲ့ သမက် ဦးဆောင်တဲ့ တပ်တွေနဲ့ အင်္ဂလိပ် ဖက်က ဗိုလ်မှူးချုပ် ဂျော့ဝှိုက်ဦးဆောင်တဲ့ တပ်တွေ တွေ့ကြပါတယ်။ ပထမ ခံတပ်က ခဏနဲ့ပဲ ကျသွားခဲ့ပါတယ်။ ဒုတိယခံတပ်မှာတော့ အပြင်းအထန်တိုက်ပွဲဖြစ်ကြပြီး မြန်မာ စစ်သား တရာကျော်ကျသလို၊ အင်္ဂလိပ်ဖက်ကလည်း လူငယ်ဒုဗိုလ်တယောက် ကျခဲ့ပါတယ်။ ဗိုလ်ချုပ် ပရင်ဒါဂတ်စ် က မြန်မာတွေ ဒီလောက် ပြင်းပြင်းထန်ထန် ခုခံတာတွေ့တော့ အံ့သြခဲ့ရတယ် ဆိုပါတယ်။ သို့သော်လည်း သိမ်းပိုက်ရ လိုက်တဲ့ ခံတပ်မှာ မြန်မာဘုရင်ဖက်က အီတလီစစ်အကြံပေးတွေ ကျန်ခဲ့တဲ့ မြေပုံတွေအရ နောက် ထပ်ခံတပ်တွေ တည်ထားပုံ မြေပုံစနစ်တွေကို ရသွားခဲ့ပါတယ်။

ဒီနောက်ပိုင်း စစ်ပွဲတွေကတော့ အင်္ဂလိပ်တွေအတွက် အလွယ်တကူ ဖြစ်သွားခဲ့ပါတယ်။ အင်္ဂလိပ်သင်္ဘောတွေ ပုဂံကို ကျော်လာပြီ ကြားတော့ သီပေါဘုရင်က အဆိုးဆုံးကို တွက်ထားပါပြီ။ စစ်ဝန်ကြီး တိုင်းတားမင်းကြီးကို ဆင်အစီး ၅ဝ နဲ့ နတ်ရှင်ရွေး ကိုယ်ရံတော် တပ်တွေကို ပြင်ခိုင်းပါတယ်။ ကင်းဝန်မင်းကြီးက မန္တလေးမှာရှိနေတဲ့ ပြင်သစ်သံကိုယ်စားလှယ် ကို ချဉ်းကပ်တော့လည်း အင်္ဂလိပ်တွေ ဘာတောင်းတောင်း လိုက်လျောလိုက်ပါတော့ လို့ အကြောင်းပြန်ခဲ့ပါတယ်။ အင်္ဂလိပ်ရေတပ်သင်္ဘောတွေ အင်းဝခံတပ်ရောက်လာတဲ့ အချိန်မှာတော့ မြန်မာ ဘုရင်ရဲ့ မီးသင်္ဘော ရတနာရည်မွန် ဒေါင်းအလံနဲ့ အလံဖြူလွှင့်လို့ ထွက်ပေါ်လာခဲ့ပါတယ်။

ကျောက်မြောင်းမြို့စားနဲ့ ဝက်မစွတ်မြို့စားက ဘုရင့်ကိုယ်စား အပစ်အခတ်ရပ်စဲရေးနဲ့ အင်္ဂလိပ်တွေ တောင်းဆို ချက်ကို လိုက် လျောပါမယ့် အကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ဗိုလ်ချုပ်ပရင်ဒါဂတ်စ်က မြန်မာသံအဖွဲ့ကို ကောင်းကောင်းမွန်မွန် လက်ခံ တွေ့သော်လည်း အပစ်အခတ်ရပ်စဲရေးကို ပယ်ချပါတယ်။ သီပေါဘုရင် ကိုယ်တိုင် လက်နက်ချ ကိုယ့်ကိုယ်ကို အပ်နှင်း လာဖို့ သာ တောင်းဆိုခဲ့ပါတယ်။ သူက နိုဝင်ဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီကို နောက်ဆုံး ရာဇသံ ပေးခဲ့ပါတယ်။

နောက်ဆုံး ပါတော်မူဖြစ်ရတဲ့ အခြေအနေက ဘယ်လိုအခမ်းအနားမှ မရှိ တိတ်ဆိတ်နေခဲ့ပါတယ်။ ရှေ့ပြေး အင်္ဂလိပ်ဗိုလ် ကာနယ် စလေဒင်ရောက်လာပြီးတဲ့ ညပိုင်းမှာ မြန်မာဘုရင်စနစ် အုပ်ချုပ်ရေးက အဆုံးသတ်ခဲ့ ပါပြီ။ ဘုရင့်ကိုယ်ရံတော် တွေလည်း ထွက်ပြေးကုန်ကြပါပြီ။ ဘုရင့် မိဘုရားရဲ့ မောင်းမကိုယ် လုပ်တော် ၃ဝဝ ထဲကလည်း ၁၇ ဦးသာ ကျန်ပါတော့ တယ်။ နောက်တနေ့မှာတော့ ကျော်မိုးတံခါးက ထွက်လို့ ၃ မိုင်ခရီး လောက်ရှိမယ့် ဂေါဝိန္ဒဆိပ်ကမ်းကို ဘုရင်နဲ့ မိသားစု တွေ၊ ဝန်ကြီး အချို့ကို သာမာန်လှည်းနဲ့ပဲ ခေါ်ဆောင်သွား ခဲ့ပါတယ်။ သီပေါဘုရင်ကတော့ လမ်းတလျှောက်မှာ နှုတ်ဆိတ် နေခဲ့ပါ တယ်။ နောက်ဆုံး သူးရေမီးသင်္ဘော ပေါ်ကို တင်ဆောင်ပြီးခေါ်သွားတဲ့ အချိန်က စလို့ သီပေါမင်းဟာ မြန်မာပြည် ကို ပြန်မရောက်နိုင် တော့ဘဲ အပြီးအပိုင် ခွဲခွါခဲ့ရပါတော့တယ်။

အဲသည်အချိန်ကစလို့ ဆီးဘန်းနီဆရာတော်ရဲ့ ကဗျာတပုဒ်ကလို “ထီးသုဉ်း နန်းသုဉ်း မြို့သုဉ်းသုည သုဉ်းသုံးဝ ဖြင့် သုဉ်းရပြန် လှစ် သုညခေတ်ဝယ် လူဖြစ်ရလေ တို့တတွေသည် သေသော်မတည့် သြော်ကောင်း၏” ဆိုတာမျိုး သူ့ကျွန်ဘဝ ရောက်ခဲ့ရပါ တော့တယ်။ သီပေါဘုရင်ရဲ့ နောက်ဆုံးခရီးကို မြင်လိုက်ရသူ အများအပြားက ငိုယိုကြပါတယ်။ လမ်း တလျှောက်မှာလည်း ဒူးတုပ်လို့ နှုတ်ဆက်ကြပါတယ်။ ဒီလို ပါတော်မူအဖြစ်အပျက်ကို မြင်လိုက်ရသူတွေအထဲမှာ နောက်ပိုင်း လွတ်လပ်ရေး တိုက်ပွဲ ဝင် စာဆိုဖခင်ကြီး ဖြစ်လာမယ့် သခင်ကိုယ်တော်မှိုင်းကလည်း ကလေးဘဝအနေနဲ့ မမေ့နိုင်အောင် မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပါတယ်။ မြန်မာပြည်ကို လွယ်လွယ်သိမ်းပိုက်နိုင်ခဲ့ သော်လည်း နောက်ပိုင်းမှာ မျိုးချစ်တွေရဲ့ ပုန်ကန်ထကြွမှုတွေကို မပြီးမစီးနိုင် ဆက်ကြုံကြရပါတော့တယ်။ ဒီလိုအခြေအနေကို စာရေးဆရာ ဦးသန့်မြင့်ဦးက ယခုခေတ် အီရတ်က အခြေအနေ တွေနဲ့ နှိုင်းယှဉ်ရေးခဲ့ပါ သေးတယ်။ အထက်မြန်မာပြည်ဆိုင်ရာ ဗြိတိသျှ အတွင်းဝန်က ကော်မရှင်နာ မင်းကြီးဆီကို ပို့တဲ့စာ တပိုဒ်ကိုလည်း ညွှန်းလို့ ဖော်ပြထားခဲ့ပါသေးတယ်။ “လူတချို့တွေ တွေးထင်ထားကြသလို ဒီနိုင်ငံက လူတွေက မင်းဆိုး မင်း ညစ်တွေလက်က ကယ်တင်ခဲ့သူတွေဆိုပြီး ကျနော်တို့ကို မကြိုဆိုကြလေဖူး” တဲ့။

နောက်တခန်းမှာတော့ ၁၉၈၈ ခုနှစ်နှောင်းကာလတွေကို သူက ကျော်လွှားဖော်ပြပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စဉ်းစား ဖွယ် မေးခွန်းတွေကို မေးခဲ့ပါတယ်။ ဒီအကြောင်းတွေကို ဆက်လက်ဖော်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ယောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s