ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (၄) ။ မြန်မာပြည်အတွက် မေးခွန်းများ

Posted: June 29, 2011 in သမိုင်း

သောတရှင် မိတ်ဆွေများခင်ဗျား
ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ ပထမ အခန်းကို ပါတော်မူခန်း၊ သမိုင်းနဲ့ စခဲ့ပေမယ့် နောက်တခန်းမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုကာလ၊ ၁၉၈၈ ခုနှစ် နှောင်းပိုင်း အခြေအနေတွေနဲ့ သူရဲ့ ပုဂ္ဂိုလ်ရေး အကြောင်း တွေကို တင်ပြလို့ မြန်မာပြည်အရေး စိတ်ဝင်စားဖွယ် မေးခွန်း တွေထုတ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်က စလို့ အခုလို အနှစ် ၂ဝ ကျော်လာတဲ့အထိ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ ထူထူးခြားခြား ဖြစ်ပေါ်လာခဲ့တာ မရှိပါဘူး။ ၁၉၈၈ အပြီးကျောင်းသား တွေရဲ့ လက်နက်စွဲကိုင် တော်လှန်ရေးကြောင့်လည်း အဖြေ မထွက်လာခဲ့သလို၊ တိုင်းပြည် ပြင်ပမှာ နိုင်ငံတကာ ဖိအားပေးမှုတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့်လည်း အပြောင်းအလဲကို မမြင်ကြရသေးပါဘူး။

ဒါပေမယ့် သေချာတဲ့အချက်တခုကတော့ ၁၉၈၈ နောက်ပိုင်းမှာတော့ ယခင်က လူသူအများ စိတ်မဝင်စားဘဲ ရှိနေခဲ့တဲ့ မြန်မာနိုင်ငံအကြောင်းကို ပိုလို့ လူစိတ်ဝင်စားစရာ ဖြစ်လာခဲ့တာပါပဲ။ မြန်မာနိုင်ငံအရေး တက်ကြွ လှုပ်ရှားလာကြသူတွေ ရှိသလို၊ ပညာရပ်ဆိုင်ရာ နယ်ပယ်တွေမှာလည်း ဆွေးနွေးငြင်းခုန်စရာ ကိစ္စတွေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရှိလာခဲ့ပါတယ်။ မြန်မာစစ်အစိုးရဟာ ဘာဖြစ်လို့ နှစ် ၂ဝ ကျော်ကြာ ခြေကုတ်မြဲနေခဲ့ရ တာလဲ။ မြန်မာနိုင်ငံကို အုပ်ချုပ်နေသူ စစ်ဗိုလ်ချုပ်တွေ က ဘယ်လိုစဉ်းစားနေကြတာလဲ။ မြန်မာ့လူမှုအဖွဲ့ အစည်းက အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဘယ်လိုကွာခြားသလဲ။ စသဖြင့် စိတ်ဝင် စားဖွယ် ဖြစ်ခဲ့ကြပါတယ်။ သို့ပေ မယ့်လည်း နိုင်ငံတကာက လေ့လာသူတွေရဲ့ စိတ်ဝင်စားမှုက မြန်မာနိုင်ငံက အဖြစ်အပျက် တွေဟာ လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်းမှာပဲ ဖြစ်ပျက် တည်ရှိခဲ့သယောင် သမိုင်းမရှိခဲ့သလို စိတ်ဝင်စားမှုမျိုး ဖြစ်နေတယ်လို့ စာရေး သူ ဦးသန့်မြင့်ဦးက မြင်ပါတယ်။ ဒါကို စာရေးဆရာက မကျေလည်လှပါဘူး။ မြန်မာနိုင်ငံသမိုင်းက ဖြစ်ခဲ့တဲ့ ကိုလိုနီ ကျွန်ပြုခံခဲ့ ရတဲ့ ကိစ္စတွေ၊ မြန်မာနိုင်ငံက တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ် ပြင်းထန်ပုံ၊ မန္တလေးနန်းတော် ကို တခဏနဲ့ သိမ်းပိုက်နိုင် ခဲ့ပေမယ့် နောက်ပိုင်းမှာ ဗြိတိသျှက စစ်တပ်အင်အား ၃ ဆ အထိတိုးပြီး အင်အားသုံး ချေမှုန်းယူရတဲ့အထိ နိုင်ငံခြားသား လွှမ်းမိုးချယ်လှယ်မှုကို မုန်းတီးပုံတွေ၊ နောက်ပိုင်း လွတ်လပ်ရေးတိုက်ပွဲ၊ လွတ်လပ်ရေး ရပြီးတော့လည်း တိုင်းရင်းသား ရောင်စုံသူပုန် ပုန်ကန် ထကြွမှုနဲ့ စစ်အာဏာရှင် ခြေကုတ်ရလာပုံ စတဲ့ ရှုပ်ထွေးပွေလီလှတဲ့ သမိုင်းနောက်ခံတွေကို လျစ်လျူရှုထားပြီး ပြောနေကြသလို စာရေးသူ ဦးသန့်မြင့်ဦးက မြင်ပါ တယ်။ ဒီတော့လည်း သူ့မှာ မေးခွန်းတွေ ဖြစ်လာရပါတယ်။

ဘာဖြစ်လို့ စစ်အာဏာရှင်တွေက ဒီလောက် သက်ဆိုးရှည်နေခဲ့ရတာလဲ။ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ နိုင်ငံရေး လွတ်လပ် ခွင့်တွေ ပြန်ရအောင် ဘယ်လို နည်းနဲ့ ဆောင်ကျဉ်းနိုင်မှာလဲ။ ရန်ကုန်အစိုးရနဲ့ တိုင်းရင်းသား တွေကြားက ပြည်တွင်းစစ်ကို ကျနော်တို့က ဘယ်လို ကြည့်မြင် သဘောထားကြမှာလဲ။ သဘာဝသယံဇာတ ကြွယ်ဝလွန်းပြီး အာဆီယံနိုင်ငံတွေ ရှေ့ကို တချိန်က ရောက်ခဲ့ရတဲ့ နိုင်ငံတခုက ဘာဖြစ်လို့ အခုလို အောက် ကျနောက်ကျ ဖြစ်နေရသလဲ။ ပို အရေးကြီး တာက ကျနော်တို့ ဘာဆက်လုပ်ကြမှာလဲ… စသဖြင့် အတော မသတ်နိုင်တဲ့ မေးခွန်းတွေ ထုတ်ခဲ့ပါတယ်။ တချိန်တည်းမှာ ဒါတွေဟာ သမိုင်းနဲ့ ဆက်နွယ်နေတယ်လို့လည်း သူက ယုံကြည်ပါတယ်။ ဖော်ပြခဲ့ခဲ့မေးခွန်းတွေကို ဖြေဖို့အတွက် မြန်မာ့သမိုင်းကို ပြန် ဆန်းစစ်ဖို့ လိုလာပါတယ်။

ဒီလိုနဲ့ သူက မြန်မာ လူ့အဖွဲ့အစည်းရဲ့ သမိုင်းအခြေခံဖွဲ့စည်းထားခဲ့ပုံ စနစ်တွေ၊ ဖောင်ဒေးရှင်းကို စာအုပ်အခန်း (၃) မှာ ပြန်လို့ ကြည့်ခဲ့ပြန်ပါတယ်။

ဆိုပါတော့။ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ ကြည့်ရမယ်ဆိုရင်လည်း နိုင်ငံတခုအဖြစ် ဖွဲ့တည်နေမှုက ရှင်းရှင်း လင်း လင်း ရှိနေပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် လွင်ပြင်ဒေသကို တောင်တန်းတွေ ပတ်လည်ဝိုင်းထားတဲ့ ပထဝီ တည်ဆောက် ထားပုံမျိုးပါ။ နိုင်ငံရဲ့ မြေဧရိယာ တဝက်ကျော်ကျော် (တနည်းပြောရရင်) နေရာ အများစုက ဧရာဝတီမြစ်ဝှမ်း လွင်ပြင် ဒေသဖြစ်ပါတယ်။ တကယ်တော့ ဧရာဝတီမြစ်ဆိုတာ မြန်မာနိုင်ငံနဲ့ ခွဲခြားဖော်ပြလို့ ရတာတော့ မဟုတ်ပါဘူး။ ပထဝီ အနေ အထားအရ မြန်မာနိုင်ငံက တောင်တန်းတွေနဲ့ ပတ်လည်ဝိုင်းပြီး အိမ်နီး ချင်းနိုင်ငံတွေနဲ့ သီးခြားကင်းကွာ တည်ရှိနေတယ်လို့ မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း တခါတရံ လက်တွေ့ အသုံးမဝင်လှတဲ့ ခေါင်းမာတာမျိုး၊ သီးခြား ခွဲခြားနေချင်တာမျိုး ကိုယ်ကိုယ်၌က အခြားနဲ့မတူဘူး ဆိုပြီး သီးသန့်ထင်နေတာမျိုး သမိုင်းမှာ ဖြစ်လေ့ရှိတယ်လို့လည်း စာရေးသူက ဆိုပါတယ်။

နိုင်ငံတကာအနေနဲ့ကလည်း တောင်တွေ ဝန်းရံနေတဲ့ လွင်ပြင်ငယ်ကလေး၊ အင်ပိုင်ယာ ချဲ့ထွင်ရေးနဲ့ ကုန်သွယ်ရေးကိစ္စ စိတ်ဝင်စားမှုတွေ အတွက် အဓိက ပင်မလမ်းကြောင်းပေါ် မှာလည်း မရှိနေတော့ အလွယ်တကူနဲ့ မေ့ထားခဲ့ကြတတ်တဲ့ ဒေသ လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်ရင် နိုင်ငံတကာနဲ့ ကုန်ကူးသန်းဆက်သွယ်မှုတွေ၊ အခြား ဆက်ဆံ ရေးလမ်းကြောင်းတွေက ဖွံ့òဖိးတည် ရှိခဲ့တာကိုလည်း တွေ့ကြရပါတယ်။ ဒီလို ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်နိုင်ဖို့ဆိုရင် မြန်မာ နိုင်ငံက မိမိဘာသာ ကိုယ့် အတွင်းကိုကြည့်ပြီး ကျေနပ် ရောင့်ရဲနေတဲ့စိတ်၊ ကိုယ့်အတွင်းမှာသာ သာယာနေတဲ့စိတ် ကို ကျော်လွန်ပြီး ပြင်ပကမ္ဘာကို ချိတ်ဆက်နိုင်ဖို့ စဉ်ဆက်မပြန် óကိးပမ်းမှုတွေတော့ လိုအပ်လိမ့်မယ်လို့လည်း စာရေးသူ က ရေးခဲ့ပါတယ်။

မြန်မာနိုင်ငံသမိုင်းမှာ ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်လို့၊ ပြင်ပကနေ လေ့လာသင်ယူလို့ ကမ္ဘာကြီးကောင်းကျိုးကို ဖြည့်ဆီးပေး နိုင်ခဲ့တဲ့ ကာလတွေ ရှိခဲ့သလို၊ အခု မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေသလို တိုးတက်ဖွံ့ဖြိုးဖို့နဲ့၊ တီထွင်ဖန်တီးမှုဆိုတာ ဝေလာဝေး၊ ချောက်အစွန်းနားမှာ သူများတွေက ရင်တမမ ဖြစ်နေရလောက်အောင် ရပ်လို့နေတဲ့ အခြေအနေ၊ ကာလတွေလည်း ရှိခဲ့ပါတယ်။

ဒီလိုနဲ့ စာရေးသူက မြန်မာ့လူ့အဖွဲ့အစည်းရဲ့ သမိုင်းအခြေခံဖွဲ့စည်းထားခဲ့ပုံ စနစ်တွေကို ပြန်ကြည့်ခဲ့ပါတယ်။ ပထမဆုံး အနေနဲ့ မြန်မာတွေရဲ့ အစကို သူက ခြေရာကောက်ပါတယ်။

မြန်မာဆိုတာက ကျနော်တို့ ငယ်ငယ်က သင်ကြားခဲ့ကြရသလို “မြန်မာအစ တကောင်းက” ဆိုပြီး သိခဲ့ကြရ တာပါ။ တကောင်း အရပ်ဆိုတာက ဒီနေ့ပြန်ကြည့်ရင် ကျနော်တို့အတွက် နည်းနည်းမှ စိတ်ဝင်စားဖွယ် မရှိတဲ့ မြန်မာပြည် အထက်ဖက်ပိုင်းက ဖုန်ထူထူ၊ ထန်းပင်တောတန်းတွေနဲ့ မြို့ငယ်ကလေးပါ။ မြန်မာရှေးဘုရင်တွေရဲ့ မှန်နန်းရာဇဝင် အပါအဝင် အခြားသမိုင်း တွေအရတော့ မြန်မာတွေက အိန္ဒိယနိုင်ငံ အလယ်ပိုင်းက စစ်ရှုံးလို့ ရှောင်ပြေးလာတဲ့ သာကီမင်းမျိုးနွယ်ဖြစ်တဲ့ အဘိရာဇနဲ့ နောက်လိုက်နောက်ပါတွေက ထူထောင်ခဲ့ကြတာ၊ မြန်မာဆိုတာ ဒီက ဆင်းသက်လာတဲ့ အနွယ်တွေဆိုတာမျိုး ပုံပြင်တွေကို နှစ်ထောင်ချီလို့ ဖော်ပြရေးသားခဲ့ကြ ပါတယ်။

စာရေးသူ ဦးသန့်မြင့်ဦးကတော့ ဒီလိုသမိုင်းတွေကို ပယ်ချပါတယ်။ အဘိရာဇာက တကယ်ပဲ သမိုင်းမှာ ရှိခဲ့သည်ထားဦး၊ မြန်မာမြေထဲကို ရောက်လာတဲ့ ခရီးသွားတဦးမျှသာပဲ ဖြစ်လိမ့်မယ်လို့ စာရေးသူက ရေးပါတယ်။

တကယ်တော့ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသက လူတွေ အခြေချနေထိုင်ပြီး ဖွံ့òဖိးနှင့်တာ နှစ်ပေါင်း ၃၅ဝဝ လောက်ရှိပြီလို့ ဆိုပါတယ်။ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းကလည်း အဘိရာဇာနဲ့ တကောင်း သမိုင်း တွေကို ပယ်ဖူးပါတယ်။ “တကောင်းက ရှမ်းနာမည်၊ တည်ထောင်သူ အဘိရာဇာက ကုလားနာမည်ဆိုရင် တခုခုတော့ ပယ်ရမယ်” ဆိုတာမျိုး ပြောခဲ့ဖူးပါတယ်။ ဧရာဝတီ မြစ်ဝှမ်းမှာရှိတဲ့ လူတွေရဲ့ယဉ်ကျေးမှုက အီဂျစ် ရှေးဟောင်း ဘုရင်တွေနဲ့ ခေတ်ပြိုင်တည်ရှိခဲ့ပြီး ကြေးသွန်းတာ၊ စပါးစိုက်တာ၊ အိမ်မှာစားဖို့ ကြက်၊ ဝက်မွေး မြူရေးအတတ်တွေ ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ် ၂၅ဝဝ လောက် မှာတော့ အင်းဝနဲ့ မန္တလေးရဲ့ တောင်ဖက်ကျတဲ့ အရပ်တွေမှာ လူနေမြို့ပြတွေ ထူထောင်နေကြပြီး သံထည်အအတ်တွေကို နိုင်နင်းနေကြပါပြီ။ ခရစ်တော်ပေါ်ပြီး ရာစုနှစ် အစောပိုင်းမှာတော့ ရပ်နီး ရပ်ဝေးကုန်သွယ်တာတွေ၊ ရေသွင်းတူးမြောင်း တွေ၊ အင်အားကြီးလာတဲ့ မြို့ပြတွေက အုတ်မြို့ရိုး နံရံတွေ၊ မုတ်ဦးတွေ၊ မင်းဘုရင်တွေ၊ နန်းတော်တွေ ရှိနေခဲ့ကြပါပြီ။

နောက်တပတ်မှာတော့ ဒီကနေ့ လက်တွေ့ပြဿနာတွေနဲ့ ဆက်နွယ်နေတယ်လို့ သူယုံကြည်တဲ့၊ မြန်မာ့သမိုင်း ရှာတော်ပုံ ခရီးအကြောင်းကို ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ရောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s