ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၆)။ ပုဂံရွှေပြည်

Posted: June 30, 2011 in သမိုင်း

သောတရှင် မိတ်ဆွေများခင်ဗျား

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ ဆက်လက် တင်ပြထားတဲ့ မြန်မာ့ လူ့အဖွဲ့ အစည်းရဲ့ ပုဂံခေတ်ကာလ အခြေခံဖွဲ့စည်းထားပုံ၊ စနစ်တွေကို ဆက်လက်တင်ပြလိုပါတယ်။ ပုဂံသမိုင်း ကိုပြောမယ်ဆိုရင် တုတ်ထမ်း၊ ဒါးထမ်း ပြောရတယ် ဆိုတာမျိုး ဆိုရိုး ရှိဖူးပါတယ်။ အငြင်းပွားစရာ များလွန်းလို့ပါပဲ။

ပုဂံကို ဒဏ္ဍာရီဆန်ဆန် ပြူစောထီးဆိုတဲ့ သူရဲကောင်းက ငှက်ကြီး၊ တောဝက်၊ ကျားကြီး၊ ရှုးပျံတွေကို တိုက်ခိုက် အနိုင်ယူ လို့ ထူထောင်ခဲ့တယ်၊ ပြူစောထီးကိုယ်၌က နေနတ်သားနဲ့ နဂါးမက ရတဲ့ဥကနေ ပေါက်ဖွားတယ် ဆိုတဲ့ ပုံပြင်တွေလည်း ကြားခဲ့ကြရဖူးပါတယ်။ ဒါပေ မယ့်မယ့်လည်း သမိုင်းလေ့ လာချက်တွေအရ နန်းချောင် မြင်းသည်တော်ဟောင်းတွေက ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ထဲ ထိုးဆင်းလာပြီးတဲ့ အချိန် ၁၇ နှစ်အကြာမှာ ခံတပ် မြို့ရိုးတွေနဲ့ မြို့ပြတွေကို အေဒီ ၈၄၉ မှာ စတင်တည်ထောင်ခဲ့ကြတယ်လို့ ဦးသန့်မြင့်ဦးက ဖော်ပြပါတယ်။ ဒီကာလမတိုင်မီမှာ နယ်မြေဒေသအတော်များများမှာ အခြေချနေထိုင်ခဲ့တာမျိုး ရှိနိုင်ပြီး၊ နောက်ဆုံး မဟာ ဗျူဟာအရ အရေးပါတဲ့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံနဲ့ နီးတဲ့ ဒေသ မှာ မြို့ပြ နိုင်ငံကို ထူထောင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ နှစ် ၂ဝဝ အကြာအထိ ပုဂံဟာ အင်အားကောင်းတဲ့ ဗုဒ္ဓ ဘာသာ မင်းနိုင်ငံတော် ဖြစ်ခဲ့ပါ တယ်။ တကယ်တော့ ပုဂံဟာ ဧရာဝတီမြစ်ဝှမ်းမှာ ယခင်နေထိုင်ကြတဲ့၊ အရင်ရောက်ရှိ နေတဲ့ အုပ်စု တွေနဲ့ ပေါင်းစပ်ရောနှောလို့ ပေါ်ထွက်လာတဲ့ရလဒ်၊ ယနေ့မြန်မာလူမျိုးတွေရဲ့ ရှေးဦးအစလို့ ပြောရင်ရနိုင် သလို၊ ယဉ်ကျေးမှု တွေ ပေါင်းကူးလို့ ယနေ့မြန်မာခေတ်သစ် ယဉ်ကျေးမှုကို ဖြစ်စေတဲ့ အခြေခံကျောရိုးမဏ္ဍိုင်လည်း ပြော ရင် ဖြစ်နိုင်ပါတယ်။ မြန်မာအုပ်စုတွေ မရောက်မီက ဒီဒေသမှာ ပျူ၊ ကရင်၊ မွန်၊ သက်၊ သော၊ ကန်တူ၊ တောင်သူ၊ လဝ စသဖြင့် အုပ်စုတွေလည်း ရောက်ရှိနေထိုင်ခဲ့ကြပါတယ်။

ဒီနေ့ကာလအထိ ကျန်ခဲ့တဲ့ ပုဂံမြို့ဟောင်းက အပျက်အစီးတွေကို ပြန်ကြည့်ရင် ပုဂံဟာ ဒေသအတွင်း ခန့်ညား ရလောက် အောင် အင်အားဘယ်လောက် ကောင်းခဲ့မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အရှေ့တောင်အာရှရဲ့ ဗဟို ချက်မဆိုတာမျိုး ဖြစ်နိုင် သလို၊ ပုဂံအင်ပိုင်ယာရဲ့ သြဇာဟာ ဒီနေ့တိဘက်ဒေသကနေ မလက်ကာ ရေလက် ကြားထိတောင် ပျံ့နှံ့နိုင်တယ်လို့ ခန့်မှန်း ခဲ့ကြပါတယ်။ ပုဂံမင်းဆက် ၄၂ ခုမြောက်လို့ ဆိုကြတဲ့၊ အနှစ် ၂ဝဝ အကြာမှာအခြေကျလာတဲ့ ပုဂံမှာ ဒီကနေ့ မြန်မာတွေ သိထားကြတဲ့ ဘုန်းတန်ခိုးကြီးလှတဲ့ အနော်ရထာလို့ ခေါ်တဲ့ ဘုရင် အနုရုဒ္ဓာက အေဒီ ၁ဝ၄၄ မှာ နန်းတက် လာခဲ့ပါတယ်။ အနုရုဒ္ဓာရဲ့ အဓိပ္ပါယ်က “ရန်အပေါင်းကို အောင်မြင်တဲ့မင်း” လို့ အဓိပ္ပါယ်ရသလို စစ်သူကြီး ၄ ဦးရဲ့ အကူအညီနဲ့ ဒေသတလွှား ကို ဆင်တပ်၊ မြင်းတပ် တွေနဲ့ အရပ်ရပ် မျက်နှာပေါင်းစုံကို နယ်မြေချဲ့ထွင်ခဲ့တယ် ဆိုပါတယ်။

ပုဂံဟာ လူမှုရေး၊ စီးပွားရေး၊ စစ်ရေးအရလည်း အင်အား တောင့်တင်းခန့်ညားခဲ့ပါတယ်။ ပုဂံရဲ့ ဖွံ့ဖြိုးမှု အထွဋ် အထိပ်အချိန် ၁၂ ရာစုမှာ ပုဂံဟာ အင်အားတလျှမ်းလျှမ်းနဲ့ တီထွင်ဖန်တီးမှု အမြင့်ဆုံးအချိန် ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြီးကို မေးတင် ထားတဲ့ ပုဂံမှာ အိန္ဒိယတိုက်နယ်က ပေါင်းကူးအတုယူလာတဲ့ ဗိသုကာပညာ၊ အနုပညာတွေကို တမျိုးဆန်းသစ် တည်ဆောက်ခဲ့ကြပါ တယ်။ ပန်းချီ၊ ပန်းပု၊ ပန်းရံ၊ ပန်းပဲ လက်မှုအစွမ်းပြခဲ့ကြပါ တယ်။ ဘုရင်အပါအဝင် မင်းအမှုထမ်း တွေကလည်း မွန်၊ ပျူ၊ ပါဠိ၊ သသင်္ကရိုက်၊ သက္ကတစာပေတွေကနေ အမျိုး မျိုးအဖုံဖုံ စမ်းသပ်လို့ စာပေရေးသားဖို့ ကြံဆနေခဲ့ကြပါတယ်။ အိန္ဒိယ တောင်ပိုင်း ဒေသက စာလုံးအက္ခရာတွေ ကို လွယ်အောင်ပြင်လို့ မြန်မာစာပေ ကနဦးအဖြစ် ဖန်တီးခဲ့ကြပါတယ်။

ဒါတင်မက စီးပွားရေးအရလည်း ပုဂံဟာတောင့်တင်းခဲ့ပါတယ်။ ဒဏ္ဍာရီထဲက ဖော်ပြသလို ရှင်အဇ္စဂေါဏကြောင့် သံသေ တပြည်ဝတယ်ပဲ ဆိုဆို ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသမှာ ပန်းပဲအတတ်၊ သံရည်ကြိုအတတ်က ဖွံ့ဖြိုးနေနှင့်ပါပြီ။ ဒါ့အပြင် မူလကတည်းက ဖွံ့ဖြိုးတည်ရှိနေနှင့်တဲ့ ကမ်းရိုးတမ်း ပင်လယ်ရေကြောင်းသွားလာ ရေးနဲ့ ကူးသန်းရောင်းဝယ်မှု တွေကြောင့် လည်း စီးပွားရေးတောင့်တင်းခဲ့မှာ အသေအချာဖြစ်ပါတယ်။ သီဟိုဠ်၊ အိန္ဒိယတောင်ပိုင်းဒေသ၊ တောင်တရုတ် ပင်လယ် သွားလာနေကြတဲ့ လှေတွေက တနင်္သာရီကမ်းရိုးတန်းကို ဖြတ်သန်းနေခဲ့ကြရမှာ ဖြစ်ပါတယ်။ အဲသည်အချိန်က ပင်လယ် ကမ်းစပ်မြို့ဖြစ်တဲ့ သထုံမြို့သာမက မလေးကျွန်းဆွယ်အထိ ဆိပ်ကမ်းမြို့တွေကိုလည်း အနော်ရထားအပါအဝင် ကျန် ပုဂံမင်းတွေက တိုက်ခိုက် သိမ်းပိုက် ခဲ့ပါတယ်။ စာရေးသူ ဦးသန့်မြင့်ဦးကတော့ ဒီလိုသိမ်းပိုက်တာဟာ ပင်လယ် ဆိပ်ကမ်း တွေကတဆင့် ကမ္ဘာ့ ကုန်သွယ်ရေးကို ဆက်စပ်ပြီး၊ အကျိုးအမြတ်ကို မျှော်မြင်လို့ စီးပွားရေးရည်ရွယ်ချက်အရပါ ဆောင် ရွက်ခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။

ပုဂံဟာ ကိုးကွယ်မှု ဘာသာပေါင်းစုံ ထွန်းကားဖွံ့ဖြိုးခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။ ထေရဝါဒနဲ့ မဟာယာန ဗုဒ္ဓ ဘာသာ၊ ဗြဟ္မဏ၊ တန္တရဂိုဏ်း၊ ဟိန္ဒူနဲ့ နဂါးစတဲ့ နတ်ကိုးကွယ်မှုတွေလည်း ရှိနေခဲ့ပါတယ်။ သမိုင်းအလယ် ခေတ်ကာလက အခြား ဘုရင်များလိုပဲ အနော်ရထာအပါအဝင် အခြားဘုရင်များဟာလည်း ဘာသာရေး လေးလေးနက်နက် ယုံကြည် ကိုးကွယ်ခဲ့ကြတဲ့ ဘုရင်တွေ ဖြစ်ခဲ့ကြပါတယ်။ အနော်ရထာဘုရင်က အခြားဘာသာ ရေးတွေကို နှိပ်ကွပ်ခဲ့တယ်လို့ စွပ်စွဲချက်တွေ ရှိပေမယ့် လည်း သူကိုယ်တိုင်က မြန်မာပြည်က ၃၇-မင်းနတ်အပါ အဝင် နတ်ကိုးကွယ်မှုပွဲတော်တွေကို စတင်ပေးခဲ့သူ ဖြစ်နေတာကို စာရေးသူက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ထွန်းကားခဲ့တဲ့ ဗုဒ္ဓဘာသာရဲ့ ထူးခြားချက်ကို ကမ္ဘာ့အခြေအနေ ဆက်စပ်လို့လည်း စာရေးသူ က ဖြစ်နိုင်ချေကို မှန်းဆပြခဲ့ပါတယ်။ ပုဂံသြဇာကြီးနေတဲ့ အချိန်မှာ ဒေသတလွှားမှာ မတည်ငြိမ်မှု တွေနဲ့ ရင် ဆိုင်နေရပါတယ်။ ဗုဒ္ဓဘာသာအယူ ကျဆင်းလာချိန်ကာလ ဖြစ်နေပါ တယ်။ ဂါဇနီဒေသက မာမွတ်ဘုရင်နဲ့ သူရဲ့ တူရကီ၊ အာဖဂန်မြင်းတပ်တွေက ဂင်္ဂါလွင်ပြင်ကို ထိုးဆင်းလာတဲ့အချိန်ပါ။ အိန္ဒိယ ဘီဟာပြည်နယ်က ဗုဒ္ဓ မွေးဖွားသန့်စင်ရာ၊ တချိန်က ဗုဒ္ဓစာပေ တက္ကသိုလ်တွေဖြစ်တဲ့ နာလိန္ဒ၊ ဝိကရာ မာဆီလတို့ဟာလည်း အကျပိုင်းရောက်လာနေပြီး နောက်ပိုင်း အစ္စလမ်အင်ပိုင်ယာပြည့်ရှင်ရဲ့ တပ်တွေက လာသိမ်းလုလု အခြေအနေပါ။ တရုတ်နိုင်ငံက ဆွန်မင်းဆက် ကလည်း ဗုဒ္ဓဘာသာ ကိုးကွယ်မှုအပေါ် ထောက်ခံမှုကျဆင်းလာပြီး၊ ကွန်ဖြူးရှပ် အယူသစ်က ရေပန်းစားလာချိန်၊ အိန္ဒိယတောင်ပိုင်း ကိုလားစ် တို့ဒေသမှာလည်း ဟိန္ဒူနတ်ဘုရား သျှီဝကို ကိုးကွယ်မှုက သီဟိုဠ်၊ ဆူမတြာအထိ ခြေဆန့်လာတဲ့အချိန်ပါ။ သည်အချိန်မှာ အစ္စလမ် အာဏာစက် ရောက်လာ တော့မယ့် ဗုဒ္ဓတက္ကသိုလ်တွေရှိရာ က ပညာရှင်ရဟန်းတွေက တိဘက်ဒေသမှာ သွားရောက်ခိုလှုံ တာမျိုး ရှိနိုင်သလို၊ အများအပြားဟာလည်း ပုဂံဒေသကို ခိုလှုံ သာသနာပြုဖို့ ရောက်လာနိုင်ကြပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံ၊ ပုဂံမှာ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာက အန္တရာယ်ခြိမ်းခြောက်မှုကို ခုခံဖို့ ပိုလို့ပြင်းထန်တဲ့ ယုံကြည် ကိုးကွယ်မှုမျိုး ဖြစ်နေနိုင်သလို၊ ပိုလို့ ရှေးရိုးစွဲဆန်နေတာမျိုး ဖြစ်နိုင်တယ်လို့ စာရေးသူ ဦးသန့်မြင့် ဦးက သုံးသပ်ပါတယ်။

ဒီထူးခြားချက်ကို ကြည့်ရင်၊ သံဃာတွေရဲ့ ရွှေဝါရောင်တောင်လှန်ရေးကို မဖြစ်ခဲ့လေသယောင် ဖိနှိပ်ထားချင်တဲ့ စစ်အစိုးရရဲ့ ဒီနေ့ဆန္ဒက အောင်မြင်နိုင်ပါ့မလားဆိုတာလည်း ကျနော်တို့ မြန်မာလူမျိုးတွေ ယုံကြည်မှု ပြင်းထန်ပုံနဲ့ ဆက်စပ်လို့ ပြန်တွေးမိ နေပါတယ်။

ပုဂံမှာ ဒီလိုလူမှုရေး ဖွံ့ဖြိုးမှုတွေ သာမက၊ အင်စတီကျူးရှင်း ပိုင်းဆိုင်ရာ ဖြစ်တဲ့ အစိုးရဖွဲ့စည်းပုံစနစ်လည်း များစွာ ဖွံ့ဖြိုးနေခဲ့ပါ တယ်။ ယခင် ပြည်မင်းတွေက ဆက်ခံရယူတာဖြစ်နိုင်သလို၊ နန်ချောင်အင်ပိုင်ယာက ပါလာတဲ့အတွေ့အကြုံ၊ ဒါမှမဟုတ် အိန္ဒိယက ပေါင်းကူးယူတာလည်း ဖြစ်နိုင်ပါတယ်။ ဒါတင်မက အရေးပါတဲ့ သံတမာန်ရေးကိစ္စတွေကို မေ့မထား ခဲ့ပါဘူး။ တရုတ်အင်ပိုင် ယာပြည့်ရှင်ရဲ့ ကိုင်ဖန်းနန်းတော်ကိုလည်း ၁၁ဝ၆ မှာ သံအဖွဲ့စေလွှတ်ခဲ့တာလည်း ရှိပါတယ်။ ဒါပေမယ့် တရုတ်နဲ့ မွန်ဂိုအင်ပိုင်ယာကတော့ ပုဂံဒေသကို စင်ပြိုင် အဖြစ်၊ ခြိမ်းခြောက်မှုတခုအဖြစ် မြင်နေမှာ မလွဲပါဘူး။

နောက်တပတ်မှာတော့ မြန်မာ့လူမှုအဖွဲ့အစည်းရဲ့ အခြေခံတခုဖြစ်တဲ့ ပုဂံနဲ့ တရုတ်၊ မွန်ဂိုတွေ စစ်ပွဲအကြောင်း၊ အီတလီက ခရီးသွား မာကိုပိုလို မြင်ခဲ့ရတဲ့ မြန်မာဆင်တပ်တွေနဲ့ မွန်ဂိုတပ်တွေ တိုက်ပွဲအကြောင်း၊ ပုဂံမင်းဆက် ပျက်စီးခဲ့ရပုံ အကြောင်း တွေကို စာရေးသူ ဦးသန့်မြင့်ဦး သုံးသပ်ထားပုံတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြ ပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ရောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s