ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၇)။ ပုဂံနှောင်းပိုင်း

Posted: July 1, 2011 in သမိုင်း

စာဖတ်မိတ်ဆွေများခင်ဗျား

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ ဆက်လက် တင်ပြထားတဲ့ မြန်မာ့ လူ့အဖွဲ့ အစည်းရဲ့ ပုဂံခေတ်ကာလ အခြေခံဖွဲ့စည်းထားပုံ၊ စနစ်တွေကို ဆက်လက်တင်ပြလိုပါတယ်။ လူမှုရေး၊ စီးပွားရေး၊နိုင်ငံရေး ဖွံ့ဖြိုးမှုတွေရှိနေတဲ့ ပုဂံ နန်းတော်က အရေးပါတဲ့ သံတမာန်ရေးကိစ္စတွေကို မေ့မထားခဲ့ပါ ဘူး။ တရုတ်အင်ပိုင်ယာ ပြည့်ရှင် ရဲ့ ကိုင်ဖန်းနန်းတော်ကိုလည်း ၁၁ဝ၆ မှာ သံအဖွဲ့စေလွှတ်ခဲ့တာလည်း ရှိပါတယ်။

အနော်ရထာမင်းနောက်ပိုင်း ဆက်ခံတဲ့ အုပ်ချုပ်သူ ပုဂံမင်းတွေမှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဘုရင်တွေ အတော်များများ လည်း ရှိခဲ့ကြပါတယ်။ ကျနော်တို့သမိုင်းမှာ သိကြတဲ့ ကျန်စစ် သားမင်းတို့၊ အလောင်းစည်သူ တို့ စသဖြင့် ယနေ့ထက်တိုင် နာမည်ထင်ရှားကြပါတယ်။ ဒီမင်းဘုရင်တွေက ပုဂံမှာ ဘုရားပုထိုးရာထောင်ချီ လို့ တည်ဆောက်ခဲ့ကြသလို၊ စာကြည့် တိုက်တွေ၊ ကောလိပ်တွေနဲ့ ဆည်မြောင်းတွေကိုလည်း ပြန်လည်ပြင်ဆင်တာ အသစ်တည်ဆောက်တာ လုပ်ဆောင်ခဲ့ကြ ပါတယ်။ ကျနော်တို့ကြားဖူးတဲ့ မြန်မာ့ဒဏ္ဍာရီထဲက အတိုင်းဆိုရင် အနော်ရထာမင်းရဲ့ မြေးဖြစ်တဲ့ အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရာမှာ မြင့်မိုရ်တောင်ထိပ် ဇဗ္ဗုသပြေပင်က အသီးကို ခူးနိုင်ခဲ့တယ်ဆိုတာမျိုးထိ လွန်လွန်ကဲကဲ တင်စား ပြောကြတာတွေလည်း ရှိခဲ့ပါတယ်။ သေချာတာကတော့ ၁၁ ရာစု၊ ၁၂ ရာစု ကာလတွေမှာ ပုဂံဟာ အင်အားကြီးမားပြီး ဒေသ အတွင်းမှာ ဘုန်းမီးနေလ တောက်ပခဲ့တယ် ဆိုတာပါပဲ။

ဒါပေမယ့် ဘာဖြစ်လို့ ပုဂံနေပြည်တော် ပျက်ခဲ့ရသလဲဆိုတဲ့ အကြောင်းအရင်းကို စာရေးသူက သေချာသုံးသပ် တာတော့ မတွေ့ရပါဘူး။ ဖြစ်နိုင်တာကတော့ နောက်ပိုင်းအုပ်ချုပ်သူမင်းတွေက အရည်အချင်းကျဆင်းလာတဲ့ အချိန်မှာ ကျူးကျော် လာတဲ့ မွန်ဂိုတပ်တွေကြောင့် ပုဂံအင်ပိုင်ယာ အပျက်အစီး မြန်ဆန်ခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။

တရုတ်နဲ့ မွန်ဂိုအင်ပိုင်ယာကတော့ ပုဂံဒေသကို စင်ပြိုင် အဖြစ်၊ ခြိမ်းခြောက်မှုတခုအဖြစ် မြင်နေမှာ မလွဲပါဘူး။ ၁၃ ရာစု မှာတော့ မွန်ဂိုအင်ပိုင်ယာရဲ့ သြဇာနဲ့ သူတို့ရဲ့ မြင်းတပ်တွေ ဖျက်ဆီးမှုတွေက ဥရောပ၊ အာရှ တလွှားမှာ ကြောက်ရွံ့နေကြ ရပါတယ်။ ပုဂံမင်းနေပြည်တော်ဟာလည်း ချွင်းချက်တခု မဖြစ်နိုင်ပါဘူး။ မွန်ဂိုတပ်တွေရဲ့ ရန်ကို စိုးရွံ့ထိတ်လန့်နေကြရမှာ ဖြစ်ပါတယ်။ ၁၃ ရာစုမှာတော့ ပုဂံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ အကျပိုင်းကို တဖြည်းဖြည်းရောက်လာနေပါပြီ။

ဒီအချိန်မှာ အာရှဒေသမြောက်ဖျားမှာရှိတဲ့ မွန်ဂိုခေါင်းဆောင် ဂျင်ဂျစ်ခန်က မွန်ဂိုလူမျိုးတွေကို စုရုံး သိမ်းသွင်းလို့ အင်ပိုင် ယာချဲ့လာလိုက်တာ ဥရောပ၊ အာရှ ဒေသအတော်များများကို မွန်ဂိုအင်ပိုင်ယာက အုပ်စီးထားမိ နေပါပြီ။ မူစလင်တွေရဲ့ နေရာဒေသတွေဖြစ်တဲ့ ပါရှားဖက်ကိုတောင် ထိုးဖောက်နိုင်ခဲ့သလို၊ ရုရှား၊ တရုတ်ဒေသ အတော်များများ သိမ်းပိုက်ထား နိုင်ပါပြီ။ ဥရောပဆိုရင်လည်း အနောက်ဖက်တံခါးပေါက်သည့်တိုင်အောင် သြဇာချဲ့ထားနိုင်နေပါပြီ။ ဒီအချိန်မှာ မြန်မာပြည် ကိုဖက်ကို မွန်ဂိုတပ်တွေလည်း ခြေဦးလှည့်လာခဲ့ပါတယ်။ ဦးသန့်မြင့်ဦးရဲ့ သုံးသပ်ချက်ကတော့ မွန်ဂိုတပ်တွေ ဟာ တရုတ် ပြည်ရဖို့ ဝိုင်းပတ်တဲ့ စစ်ဆင်ရေးမှာ ပုဂံသိမ်း စစ်ဆင်ရေးက တစိတ်တပိုင်းပါတယ်လို့ သုံးသပ်ပါတယ်။ စစ်ဘုရင် ဂျင်ဂျစ်ခန် ရဲ့ မြေး ကူဘလိုင်ခန်က အဲသည် အချိန်ထိ ရှိနေသေးတဲ့ ယနေ့ယူနန်ဒေသက ဒါလီနန်းတော်ကို သိမ်းပိုက်ပြီးတဲ့ အချိန်မှာတော့ မွန်ဂိုစစ်တပ် တွေက ပုဂံနဲ့ လက်တကမ်းအလို ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ ကူဘလိုင်ခန်က တရုတ်အင်ပိုင်ယာ တခုလုံးရဲ့ ပြည့်ရှင်ဖြစ်လာခဲ့ပါတယ်။ သည်အချိန်မှာ အရင်ရှိထားတဲ့ ရည်ရွယ်ချက် အတိုင်း ပုဂံဒေသဖက် အနောက်တောင် ဒေသ စစ်ဆင်ရေးတွေကို စလာခဲ့ပါတယ်။ ပထမပိုင်းမှာ ပုဂံမင်းနေပြည်တော်က လက်ဆောင် ပဏ္ဏာဆက်ဖို့ တောင်းခဲ့ပါ တယ်။ နောက်ပိုင်းမှာတော့ မွန်ဂိုတပ်တွေထဲက နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ တူရကီစစ်သူကြီး “နာစရူဒင်” ရဲ့ မြင်းတပ် တွေကို စေလွှတ်ခဲ့ပါတယ်။

ဒီလိုနဲ့ အေဒီ ၁၂၇၁ မှာ ကူဘလိုင်ခန်ပြည့်ရှင်ရဲ့ ညွှန်ကြားချက်နဲ့ ယူနန်နယ်စားက ပုဂံမင်းတွေဆီကို အခွန် ပဏ္ဏာဆက်ဖို့ တောင်းခံလာခဲ့ပါတယ်။ သိပ်မကြာပါဘူး။ သိပ်မကောင်းလှတဲ့ သံတမာန်ဆက်ဆံရေးအခြေ အနေကနေ စစ်ပွဲတွေ ဆက် ဖြစ်လာခဲ့ပါတော့တယ်။ ဒီစစ်ပွဲတွေအကြောင်းကို အီတလီခရီးသွား ဗင်းနစ်မြို့သား မာကိုပိုလို ရဲ့ မှတ်တမ်းမှာ ပုဂံ အကြောင်း နဲ့ ပတ်သက်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ မာကိုပိုလိုက မွန်ဂို အင်ပိုင်ယာပြည့်ရှင်ရဲ့ တရုတ်ဝန်ထမ်း တွေဆီမှာ နန်းတော် အကြံပေး အနေနဲ့ ရှိနေတဲ့ ကာလမိုလို့ ပုဂံတွေ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတဲ့ သတင်းတွေ ကြားသိနေခဲ့ရတယ် ဆိုပါတယ်။

မာကိုပိုလိုရဲ့ ဖော်ပြချက်အရ မွန်ဂိုတွေရဲ့ တူရကီလူမျိုး စစ်သူကြီး နာစရူဒင်က အင်အား ၁၂ဝဝဝ ရှိတဲ့ မြင်းတပ်တွေနဲ့ ချီလာ တယ်လို့ ဆိုပါတယ်။ ပုဂံဖက်မှာလည်း အင်အား ၆ဝဝဝ လောက်ရှိတဲ့ တပ်တွေ၊ တိုက် ဆင် အကောင်ရေ ၂ဝဝဝ လောက်နဲ့ ခုခံခဲ့ကြတယ် ဆိုပါတယ်။ ဆင်တွေပေါ်မှာ သစ်သားတွေနဲ့ ခိုင်ခိုင်ခန့်ခန့် အိမ်ဖွဲ့လို့ ပုဂံစစ်သား ၁၂ ယောက် ကနေ၊ ၁၆ ယောက်အထိ သယ်ဆောင်လာပြီး စစ်ပွဲကို ဆင်နွှဲခဲ့ကြတယ်လို့ သူ့မှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ စစ်ပွဲက တရုတ်ပြည်နယ်စပ် အနီးမှာ စဖြစ်ကြပါတယ်။ တိုက်ပွဲအစပိုင်းမှာ တော့ ဆင်တပ်တွေရဲ့ ထိုးစစ်ကြောင့် တူရကီနဲ့ မွန်ဂို မြင်းတပ်တွေ တုန်လှုပ် ခြောက်ခြား၊ စစ်ပွဲကို ဦးတည်လို့ကို မရနိုင်အောင် ဖြစ်ရတယ်လို့ အခြေအနေကို ရေးခဲ့ပါတယ်။ ဒါပေမယ့် စစ် သူကြီး “နာစရူဒင်” က သွေးအေးအေးနဲ့ နည်းလမ်းကို ရှာပါတယ်။ သူတို့က သစ်တောတွေကို အကာအကွယ် ယူလို့ လေးမြားတွေနဲ့ ဆင်တွေချက် ကောင်းကို ပစ်ခတ်ကြပြီး ပုဂံရဲ့ဆင်တပ်လည်း လန်ဆင်းခဲ့ရတယ်လို့ မှတ်တမ်း တင်ခဲ့ပါတယ်။ နာစရူဒင်က ဧရာဝတီမြစ်ကြောင်း အတိုင်း ဆက်ထိုးဆင်းလာခဲ့ပါတယ်။ မြန်မာတို့ရဲ့ အစပိုင်း နေထိုင်ရာ မြို့တော်လို့ ဆိုကြတဲ့ တကောင်း ကိုလည်း ဖျက်ဆီးခဲ့ ပါတယ်။ တရုတ်ဘုရင်တွေရဲ့ ရာဇဝတ်မှတ်တမ်းမှာတော့ ဒီနေရာကို မြန်မာတွေရဲ့ “ပုန်းကျင်း၊ အသိုက်အအုံ” ဆိုတာမျိုးလည်း ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် မွန်ဂိုတပ်တွေနဲ့ ပုဂံ မြန်မာတွေရဲ့ စစ်ပွဲက နှစ်အတော်ကြာ ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ မွန်ဂိုတပ်တွေကတော့ ပုဂံဒေသက မြန်မာတွေကို ပညာပေး ချင်လို့ စစ်တိုက်နေတာဖြစ်ပြီး၊ မြန်မာတွေကတော့ သေရေးရှင်ရေး ခုခံစစ်ကို ဆင်နေခဲ့ ကြရတာပါ။ နောက်ဆုံးတော့ စစ်ညောင်းလာပြီး ပုဂံကရဟန်း အရှင်ဒိသာပါမောက္ခ ဦးဆောင်လို့ ငြိမ်းချမ်းရေး တမာန်အဖွဲ့ကို မွန်ဂိုအင်ပိုင်ယာပြည့်ရှင် ကူဘလိုင်ခန်ထံ စေလွှတ်ခဲ့ရပါတယ်။ အဓိကကတော့ စစ်ပြေငြိမ်းရေး အတွက် စေလွှတ်ခဲ့ရပြီး ဒီလိုသံတမာန်ရေး မစ်ရှင်ကိုလည်း မြန်မာတွေဖက်က အောင်မြင်မှု တခုအဖြစ် ကျနော်တို့ သမိုင်းတွေမှာ သင်ကြားခဲ့ရပါတယ်။

ဒါပေမယ့်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်က ကြာကြာမခံခဲ့ပါဘူး။ ကူဘလိုင်ခန်ပြည့်ရှင်ရဲ့ မြေးက စစ်သူကြီး အဖြစ် ဦးဆောင်လို့ ပုဂံသိမ်းပိုက်ဖို့ အပြီးသတ်ထိုးစစ်ကို ဆင်ခဲ့ပါတော့တယ်။ ဒီအချိန်မှာ ပုဂံမှာက လည်း ကျနော်တို့ တရုတ်ပြေး မင်းလို့ သိထားကြတဲ့ နရသီဟပတေ့ အုပ်စိုးတဲ့အချိန်ပါ။ ပုဂံကလည်း အကျပိုင်း ကာလ၊ အခုလိုမွန်ဂိုတွေရဲ့ ထိုးစစ်ကြောင့် ပိုလို့အကျမြန်ဆန်ခဲ့ရပါတယ်။ ပုဂံဘုရင် နရသီဟပတေ့က ပြည်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အဲသည်မှာပဲ သူ့သား ကိုယ်တိုင်က လုပ်ကြံတာကို ခံလိုက်ရပါတယ်။ အရင်အင်အား ကြီးခဲ့တဲ့ ပုဂံဟာလည်း နယ်စား၊ ပယ်စားတွေ အုပ်ချုပ်နေတဲ့ စင်ပြိုင်ဒေသငယ်တွေ အဖြစ် ပြိုကွဲခဲ့ရပါတယ်။ ပုဂံဟာ မွန်ဂိုအင်ပိုင်ယာရဲ့ တစိတ်တပိုင်းအဖြစ်တော့ မကျရောက်ခဲ့လေဘူးလို့ စာရေးသူ ဦးသန့်မြင့်ဦးက ရေး ပါတယ်။ ဒါပေမယ့်လည်း အဲသည်အချိန်က မော်စကို၊ ဘက်ဂဒက် စတဲ့ဒေသတွေက မွန်ဂို တရုတ်အင်ပိုင်ယာရဲ့ အခွန်ပဏ္ဏာဆက်ဒေသတွေ ဖြစ်ခဲ့သလို အင်းဝ၊ ပြည်၊ မိုးမိတ်၊ ပဲခူး၊ မုတ္တမ၊ တောင်ငူ၊ ပုသိမ် စသဖြင့် မင်းပြိုင် တွေတည်ရှိတဲ့ မြန်မာပြည်ဟာလည်း ပီကင်း၊ ဇန်နဒူး နန်းတော် တွေဆီကို အခွန်ပဏ္ဏာဆက်ခဲ့ကြရပါတယ်။

ဒီလိုနဲ့ နှစ်အတန်ကြာနေလာပြီးတဲ့နောက်မှာတော့ ၁၅ ရာစုရောက်မှ မြန်မာပြည်ကို ပြန်စုစည်းနိုင်မယ့် ဘုရင့်နောင် ပေါ်ပေါက် လာပါတော့တယ်။ နောက်တပတ်မှာတော့ ဘုရင့်နောင်ကာလ ဟံသာဝတီနိုင်ငံနဲ့ သူရဲ့ လူမှု၊ စီးပွား၊ နိုင်ငံရေး အခြေခံ အကြောင်းတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ရောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s