ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၈)။ ဘုရင့်နောင် ကျော်ထင်နော်ရထာ

Posted: July 2, 2011 in သမိုင်း

သောတရှင် မိတ်ဆွေများခင်ဗျား

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ မြန်မာ့ လူ့အဖွဲ့ အစည်းရဲ့ ၁၅ ရာစုကာလ အခြေအနေတွေကို သူက “မင်းသားများနဲ့ ပင်လယ် ဓါးပြများ” ဆိုပြီး နာမယ်ပေးခဲ့ပါတယ်။ ဆိုလို တာကတော့ အဲသည် အချိန် ထီးပြိုင် နန်းပြိုင် ရှိနေကြတဲ့ အင်းဝ၊ ပြည်၊ မိုးမိတ်၊ ပဲခူး၊ မုတ္တမ၊ တောင်ငူ၊ ပုသိမ် စသဖြင့် မင်းပြိုင်တွေ အုပ်ချုပ် နေတဲ့ မြို့ပြ တွေရယ်၊ ပြည်ပက ရောက်လာတဲ့ ပေါ်တူဂီ ပင်လယ်ဓါးပြ အုပ်စုတွေ၊ ကြေးစားစစ်သားတွေကို ဆိုလိုတာဖြစ်ပါတယ်။

အဲသည် ၁၅ ရာစုကာလကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ ဘယ်သူမှငြင်းမရတဲ့ တန်ခိုးသြဇာ အကြီးမားဆုံး ဘုရင်တပါးပေါ် ထွက်ခဲ့ပြီး သူကတော့ ဒီကနေ့ မြန်မာစစ်ဗိုလ်ချုပ်တွေကနေ အားကျလေးစားနေရတဲ့ ဘုရင့် နောင်ခေါ် ဘုရင့်နောင် ကျော်ထင်နော်ရထာပဲ ဖြစ်ပါတယ်။ ဘုရင့်နောင်ဟာ ဘယ်လိုပုံပန်း ရှိတယ်ဆိုတာကို ဘယ်သူမှ အသေအချာ မသိနိုင်ကြ ပါဘူး။ ဒါပေမယ့်လည်း ခမောက်ဆောင်းပြီး ဓါးလွယ်ကိုင်လို့ စီးမိုးကြည့် နေတဲ့ ဘုရင့်နောင် ရုပ်ထုတွေကို ဒီကနေ့ လေဆိပ်တွေမှာ၊ ပြတိုက်မှာ၊ အခြား နယ်စပ်ဂိတ်များမှာ စစ်အစိုးရ က ထုလုပ် ထားကြပါတယ်။ စစ်ဗိုလ်ချုပ်တွေက အားကျမယ်ဆိုရင်လည်း အားကျစရာပါပဲ။ ဘုရင့်နောင်က အင်ပိုင်ယာကို ချဲ့ထွင်နိုင်ခဲ့တာ အိန္ဒိယအရှေ့မြောက်ဒေသ အာသံ၊ မဏိပူရ်ကနေ၊ ကမ်ဘောဒီးယား ဗီယက်နမ် နယ်စပ်ကို ရောက်ခဲ့တဲ့အပြင် မြန်မာနဲ့ အမြဲ တစေ ရန်ဖက်ပြိုင် ဖြစ်နေတဲ့ ဆိုင်ယမ် (ထိုင်း) ကိုလည်း စစ်နိုင်ခဲ့ပါ တယ်။ မြန်မာပြည်ကို အလည်ရောက်လာတဲ့ ဥရောပ တိုက်သား တွေကလည်း ဘုရင့်နောင်ရဲ့ ကမ္ဘောဇသာဒိ နန်းတော် ကြွယ်ဝမှုတွေကိုလည်း ရင်သပ်ရှုမော ဖြစ်ခဲ့ကြရပါတယ်။ ဒါတင်မက ဘုရင့်နောင်ရဲ့ တပ်တော်ထဲမှာ ရှိနေကြတဲ့ အင်အားကြီးမားလှတဲ့ တိုက်ဆင်တွေ၊ ပေါ်တူဂီလူမျိုး ပါရှား အာရပ် လူမျိုး သေနတ်သမားတွေကို လည်း လေးစားခန့်ညားခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဘုရင့်နောင်က တချိန်က မြန်မာပြည်ရဲ့ ထွန်းပြောင်ခဲ့တဲ့ အတိတ်ကို ကိုယ်စားပြုခဲ့တာဖြစ်လို့ ဒီကနေ့ မြန်မာဗိုလ်ချုပ်တွေက ဂုဏ်ယူနေကြတာမျိုး ဖြစ်နိုင်သလို၊ အနည်းဆုံး မြန်မာဆိုတာ တချိန်က နိုင်ငံခြားသား ကမ္ဘာ့လူမျိုးခြားတွေက အထင်အမြင်မသေးခဲ့ကြဘူး ဆိုတာ ပြသလိုလို့ လည်း ဖြစ်နိုင်ပါတယ်။ ဒါတင်မက အကွဲကွဲ အပြားပြားဖြစ်နေတဲ့ နိုင်ငံကို စစ်သားဖြစ်တဲ့ဘုရင်က ပြတ်ပြတ်သားသား ဦးဆောင်လို့ သိမ်းသွင်းခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

ပုဂံပျက်ပြီးနောက်ပိုင်း ၁၃ ရာစုကနေ ၁၅ ရာစုအတွင်းမှာ မင်းပြိုင်နိုင်ငံတွေက ပြင်ပနဲ့ အဆက်အဆံ နည်းခဲ့ ကြပါတယ်။ ဘင်္ဂါလီဒေသနဲ့ အိန္ဒိယတောင်ပိုင်းဒေသလောက်ပဲ အဆက်အဆံ ရှိလိမ့်မယ် စာရေးသူက ဖော်ပြပါတယ်။ ဒီကာလအတွင်း မှာပဲ မြန်မာတို့ရဲ့ယဉ်ကျေးမှုက ပြင်ပသြဇာကနေ ကင်းလွတ်လာပြီး ကိုယ့်ပုံစံနဲ့ လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ စာပေ အရေးအသား၊ ဗိသုကာပညာ၊ အနုပညာတွေလည်း မြန်မာ့ဟန်နဲ့ တမျိုးဆန်းသစ်လာခဲ့ပါတယ်။ ပုဂံခေတ်က စတင်တီထွင်ရေးသားဆဲဖြစ်တဲ့ မြန်မာစာပေဟာလည်း အထိုင်ကျလို့ ကျောင်းသင်စာဖြစ်လာခဲ့ပါပြီ။ ဒါတင် မက ဒီကနေ့တိုင် တန်ဖိုးထားနေကြရတဲ့ ကဗျာတွေ၊ သဒ္ဒါကျမ်းတွေ၊ ဥပဒေဖြတ်ထုံးကျမ်းတွေဟာလည်း ဒီခေတ် ကာလထဲမှာ ဖွံ့ဖြိုးလာခဲ့ကြပါတယ်။

၁၅ ရာစုကာလ မင်းပြိုင်နိုင်ငံတွေအထဲမှာ ပဲခူးက အင်အားအတောင့်တင်းဆုံး ဖြစ်နေခဲ့ပါတယ်။ ပဲခူးဒေသမှာ မွန်ဘာသာ စကား ပြောဆိုကြပြီး အဲသည်အချိန်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတခုလုံးဟာလည်း မွန်စကား ပြောဆိုနေကြတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ သို့သော်လည်း ဟံသာဝတီပြည့်ရှင်ဖြစ်ခဲ့တဲ့ ဘုရင့်နောင်ကတော့ မွန်စကားပြောသူ မဟုတ်ဘဲ ဗမာ လူမျိုးတယောက်ဖြစ်နေသလို၊ သူက တောင်ငူဒေသဖက်က လာတဲ့သူ ဖြစ်နေ ပါတယ်။ အဲသည်အချိန်က ပင်လယ်ဆိပ် ကမ်းမြို့ ဖြစ်ခဲ့တဲ့ ပဲခူးဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်လို့သွားနေ တဲ့ ပင်လယ်ရေကြောင်း ဆက်သွယ်ရေးကြောင့် ရွှေခေတ်သဖွယ် ဖွံ့ဖြိုးတိုးတက်နေခဲ့မှာ သေချာပါတယ်။ ပဲခူး သားတွေဟာလည်း အိန္ဒိယသမုဒ္ဒရာကို ဖြတ်လို့သွားခဲ့ ကြသလို ဘင်္ဂလီ၊ တမီလ်၊ ဂရိ၊ ဗင်းနစ်၊ ဂျူး၊ အာရပ်၊ အာမေးနီးယန်းတွေကလည်း ပဲခူးကို ကုန်သွယ်လာခဲ့ကြတယ်လို့ စာရေးသူက ဆိုပါတယ်။

ဒီလိုပဲခူးက ကြွယ်ဝ နေတာကို တောင်ငူဘုရင်တွေက မနာလို ဖြစ်နေနိုင်သလို၊ နိုင်ငံရေးနဲ့ သြဇာချဲ့ထွင်ရေး ရည်မှန်းချက်တွေ အတွက်ဆိုရင် ပင်လယ်ဆိပ်ကမ်း ပဲခူးကို သိမ်းမှရမယ်ဆိုတာမျိုးလည်း ဗျူဟာကျကျ တွက်ချက်နေမှုမျိုး ရှိနိုင်ပါတယ်။

ပထမပိုင်းမှာ တောင်ငူဘုရင်က တပင်ရွှေထီးက ဖြစ်ပြီး ဘုရင်နောင်က ဘုရင်ရဲ့ အယုံကြည်ရဆုံး သူငယ်ချင်း လည်းဖြစ်၊ စစ်သူကြီးလည်း ဖြစ်ပါတယ်။ တပင်ရွှေထီးနဲ့ ဘုရင့်နောင်က မြန်မာပြည်ကို ပြန်စုစည်းဖို့ သူတို့ အိမ်မက်ကို အကောင် အထည်ဖော်ခဲ့ကြပါတယ်။ ပဲခူးကို ပထမ၊ နောက်တော့ ပင်လယ်ဆိပ်ကမ်းမြို့တခု ဖြစ်တဲ့ ပေါ်တူဂီ စစ်ကြေးစား ပေါင်လို ဆီဇာစ် (Paolo seixas) ခုခံနေတဲ့ မုတ္တမ စသဖြင့် တနယ်ပြီး တနယ်သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ဒီစစ်ပွဲတွေဟာ ရက်စက် ကြမ်းကြုတ်သလို သတ်ဖြတ်သုတ်သင်တာ၊ လုယက်တာတွေလည်း များလှတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စာရေးသူ ဦးသန့်မြင့်ဦးကတော့ ဒီစစ်ပွဲတွေဟာ အဲသည်အချိန်က နောက်ခံကမ္ဘာမှာ ဖြစ်နေတဲ့ အခြား အင်ပိုင်ယာစစ်ပွဲတွေ ထက် စာရင်တော့ ထူးပြီး ရက်စက်ကြမ်းကြုတ်လှတာတော့ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ဘုရင် တပင်ရွှေထီးက နောက်ပိုင်းမှာ ရထားတဲ့ အာဏာကို ဆက်မထိန်းသိမ်းနိုင်တော့ပဲ ပြဿနာရှိလာခဲ့ပါ တယ်။ သူ့ အရှိန် စော်သြဇာ အမြင့်ဆုံးအချိန်မှာ သူ့အနီးခိုလှုံနေတဲ့ “ဖာရင်ဂီ” ခေါ် ပေါ်တူဂီတွေဆီက တဆင့် ရလာတဲ့ ဝိုင်၊ ဘရန်ဒီ စသဖြင့် နိုင်ငံခြား အရက်သေစာတွေကိုသာ သောက်စားမူးယစ်နေလို့ အုပ်ချုပ်ရေး လစ်ဟင်းတာတွေ ဖြစ်လာခဲ့ပါတယ်။ လက်လွတ် စပယ် စီရင်ဆုံးဖြတ်တာတွေလည်း ရှိလာခဲ့ပါတယ်။ ဘုရင့်နောင်က တိုက်ခိုက်ပေးထားရတဲ့ အင်ပိုင်ယာတောင် ပြန်ပြိုကွဲဖို့ အရေးဆိုက်လာပါတော့တယ်။ မှူးမတ်တွေက ဘုရင့်နောင်ကို နန်းသိမ်းဖို့အကြံပြုပေမယ့် ဘုရင့်နောင်က သစ္စာ ကို စောင့်သိ ပြီး ငြင်းခဲ့ပါတယ်။ ပေါ်တူဂီတွေကိုတော့ ပန်းတနော်ဖက်ကို နှင်ခဲ့ပါတယ်။ နောက်ဆုံးမှာ တပင်ရွှေထီးကို သူ့ နန်းတော်သား တွေကပဲ ပြန်လုပ်ကြံခဲ့ပါတယ်။ တောထဲမှာ ဆင်ဖြူပေါ်တယ် သတင်းရတယ်၊ ဖမ်းကြရအောင်ဆိုပြီး ဘုရင် ကို မြူဆွယ်လို့ လုပ်ကြံခဲ့ တယ်လို့ သမိုင်းတွေက ဆိုကြပါတယ်။

တပင်ရွှေထီး ကွယ်လွန်တဲ့အခါမှာ ဘုရင့်နောင်က ဘုရင်ဖြစ်လာပါတယ်။ ဒါပေမယ့် အချိန်မှာပဲ အခွင့်ကောင်း ယူလို့ နယ် အသီးသီးက ကိုယ့်လွတ်လပ်ရေးကို ပြန်ကြေညာကြပါတယ်။ ပဲခူးကစလို့ တဒေသပြီး တဒေသ ပြန်လို့ ခွဲထွက်ကြ၊ အအုပ် အသင်း ပြေကြရပြန်ပါတယ်။ ဘုရင့်နောင်က တောင်ငူမှာ ရှေ့တန်းကိုရောက်လာပြီး ဘုရင်ဖြစ်လာရတယ် ဆိုပေမယ့်လည်း သူ့မှာကျန်တာဆိုလို့ သူ့သစ္စာခံ နောက်လိုက်အနည်းငယ်ရယ်၊ မုတ်ဆိပ်ထူထူ ဘောင်းဘီပွပွနဲ့ နိုင်ငံခြားသား ပေါ်တူဂီ ကြေးစားစစ်သားတွေ မျှသာရယ်ပဲ ကျန်ခဲ့ပါတယ်။ နောက်ထပ်အနှစ် ၂ဝ တိုင်တိုင် အရင် သူသိမ်းပိုက်ပေးခဲ့တဲ့ အင်ပိုင်ယာကို ပြန်ရနိုင်ဖို့ ဆက်လက် တိုက်ခိုက်ရပြန်ပါ တော့တယ်။ ပဲခူး၊ ပြီးတဲ့အခါ ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ အင်းဝ၊ မိုးမိတ် နောက်တော့ အာသံ၊ မဏိပူ၊ ဇင်းမယ်၊ ထိုင်း စသဖြင့် မဆုံးနိုင်တဲ့ စစ်ပွဲကြီးကို ဆင်နွှဲခဲ့ရပါတယ်။

ကျနော်တို့ မြန်မာ့သမိုင်းသင်ကြရတဲ့အခါ ရာဇဝင်မှာ ဘုရင့်နောင်ဆိုတာ ရောမအင်ပိုင်ယာကို တည်ခဲ့တဲ့ အလက်ဇန္ဒား ပြည့်ရှင် အလား ရေးသားကြပါတယ်။ ဖောင်ဖျက်လို့ တိုက်ခဲ့တဲ့ မုတ္တမချီ နောင်ရိုးတိုက်ပွဲ ဆိုတာကိုလည်း အတော်ဂုဏ်ယူ ညွှန်းလို့ ပြောဆိုကြပါတယ်။ ဒါပေမယ့် ဘုရင့်နောင်အားကိုးခဲ့ရတဲ့ ပေါ်တူဂီ တပ်သားတွေနဲ့ သူတို့ရဲ့ စစ်သေနင်္ဂ အတတ် တွေကိုတော့ ပြောတာကို သိပ်မကြားရပါဘူး။ ဒီတိုက်ပွဲတွေ ကြားထဲမှာ ဘုရင့်နောင်ရဲ့ မိတ်ဆွေလို ဖြစ်နေသလို ရဲဘော် ရဲဘက်လည်း ဖြစ်နေသူကတော့ “ဂါလီစီယန်” (Galician) လို့ခေါ်တဲ့ ပေါ်တူဂီလူမျိုး ဒေဂို ဆိုရာ့ဇ် ဒီ မဲလိုး (Diego Soarez de Mello) ဆိုတဲ့ သူဖြစ်ပါတယ်။ ဒီလူက ၁၅၄ဝ တဝိုက်မှာ မိုဇမ်းဘစ် ဒေသတဝိုက်မှာ ပင်လယ်ဓါးပြ လုပ်ခဲ့ပြီး မင်းအဆက် ဆက်အောက်မှာ ပြောင်းလို့ အမှုထမ်းလာတာ နောက်ဆုံး ဘုရင့်နောင်လက်အောက်မှာ သစ္စာခံ အမှုထမ်း ခဲ့သူလို့လည်း စာရေးသူက ဖော်ပြခဲ့ပါတယ်။

ဂါလီစီင်္ယန်လို ပုဂ္ဂိုလ်မျိုးရှိသလို မြန်မာ့မြေပေါ်မှာ စောစောစီးစီး ခြေချဖို့ ကြိုးပမ်းလာလို့ နှိမ်းနင်းသုတ်သင် လိုက်ရတဲ့ ဒီဘရစ်တို (de Brito) ခေါ် ငဇင်ကာလို ပုဂ္ဂိုလ်မျိုးလည်း ရှိပါသေးတယ်။ နောက်အပတ်မှာတော့ ၁၅ ရာစု ကာလက မြန်မာမြေပေါ်မှာ ရှိနေခဲ့ကြတဲ့ နိုင်ငံခြားသားတွေရဲ့ အကြောင်းကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင် ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ရောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s