ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၉)။ မြန်မာဘုရင်သစ္စာခံ နိုင်ငံခြားသား အမှုထမ်းများ

Posted: July 3, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ၁၅ ရာစုကာလ အခြေအနေတွေကို သူက “မင်းသားများနဲ့ ပင်လယ် ဓါးပြများ” ဆိုပြီး နာမယ်ပေးခဲ့ပါတယ်။ ဆိုလို တာကတော့ အဲသည်အချိန် ထီးပြိုင်နန်းပြိုင် ရှိနေကြတဲ့ မြန်မာပြည်က မြို့ပြတွေရယ်၊ ပြည်ပက ရောက်လာတဲ့ ပေါ်တူဂီ ပင်လယ်ဓါးပြ အုပ်စုတွေ၊ ကြေးစားစစ်သားတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အဲသည် ကာလ မြန်မာပြည်ရောက် နိုင်ငံခြားသားတွေအကြောင်း တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား

အဲသည် ၁၅ ရာစုကာလနဲ့နှောင်းပိုင်းရာစုများကို ပြန်ကြည့်ရင် ကမ္ဘာနဲ့အတော်ကူးလူး ဆက်ဆံခဲ့ကြတာကို တွေ့နိုင်ပါ တယ်။ အခု ခေတ်စကားနဲ့ ပြောမယ်ဆိုရင်တော့ မြန်မာပြည်ဟာ တော်တော်ကြီး ဂလိုဘယ်လိုက် ဇေးရှင်းထဲကို ဝင်ခဲ့တဲ့ ပုံရပါတယ်။ မြန်မာဘုရင်၊ မွန်ဘုရင်တွေဆီမှာ အမှုထမ်းတဲ့ ပေါ်တူဂီ သေနတ်စစ်သား၊ အမြောက်စစ်သားတွေ ရှိသလို၊ ပါရှားလူမျိုးလေးသည်တော်တွေလည်း ရှိကြပါတယ်။ ဒါ့အပြင် နှစ်ပေါင်း-ရာကျော် မြန်မာမင်းတွေနဲ့ သီးခြား လွတ်လပ် နေခဲ့တဲ့ ထီးနန်းဖြစ်တဲ့ ရခိုင်မြောက်ဦးမှာလည်း ပေါ်တူဂီကုန် သည်တွေ၊ ဒတ်ချကုန်သည်တွေ၊ ဘုရင်ထံ အမှုထမ်းတဲ့ အာဖဂန်၊ ပါရှန်လေးသည်တော်တွေ၊ ရိုနင်လို့ ခေါ်တဲ့ ဆရာအကြီး အမှူး မရှိတဲ့ ဂျပန်ဆာမူရိုင်း ကိုယ်ရံတော်တွေ ရှိခဲ့ကြပါတယ်။ နိုင်ငံခြားခရီးသွားတွေက မြောက်ဦး နန်းတော်ကို ဒုတိယ ဗင်းနစ်မြို့တော်လို့တောင် တင်စား ခေါ်ဝေါ်ခဲ့ ကြပါတယ်။ ကုန်သွယ်ရေးအရဆိုရင်လည်း ပင်လယ်ရေကြောင်းကတဆင့် အတော်ကြီး ရောင်းဝယ် အလုပ်ဖြစ်ခဲ့ ကြတဲ့အပြင် အဲသည်ခေတ်က ကျွန်ကုန် ကူး ရောင်းဝယ်မှုတွေမှာပါ မြန်မာ-ရခိုင် ဘုရင် တွေက ပါဝင်ပတ်သက် နေခဲ့ကြ တယ် ဆိုပါတယ်။

ဘုရင့်နောင် အင်ပိုင်ယာကို စတင် စုစည်းစဉ်ကာလ အစောပိုင်းမှာကတည်းက မုတ္တမကို ခံတပ်ပြုနေတဲ့ ပေါ်တူဂီ ကြေးစား စစ်သား ပေါင်လိုဆီဇာကို တိုက်ခိုက်ချေမှုန်းခဲ့ရပါသေးတယ်။ ပေါ်တူဂီတွေထဲကလည်း ကမ္ဘာသစ်ရှာတဲ့သူ၊ ချမ်းသာ ကြွယ်ဝ ချင်သူတွေဟာ ကမ္ဘာအနှံ့ခြေဆန့်နေကြပါတယ်။ ပိုလို့အရေးကြီးတာ ကတော့ ၁၄၉၄ မှာ ပုတ်ရဟန်းမင်းကြီး အလက်ဇန်းဒါး ၄ က သူရဲ့ ကက်သလစ်ဘုရင်တွေအတွက် နယ်မြေ ခွဲဝေပေးတဲ့ အမိန့်ထုတ်ခဲ့ရာမှာ မြန်မာနိုင်ငံ အပါ အဝင် အာရှ၊ အာဖရိက တိုက်တွေကို ပေါ်တူဂီဘုရင် အီမန် နျူယယ်ထံ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲသည်အချိန်မှာ ပေါ်တူဂီတွေက အိန္ဒိယက ဂိုအာ ဆိပ်ကမ်းမြို့ ကို သိမ်းပိုက်ပြီး မလေးကျွန်းက မလက္ကာမှာလည်း ကုန်သွယ်ရေးဌာနခွဲတွေ ဖွင့်ခဲ့ကြပါတယ်။ အဲသည် အချိန်က ကမ္ဘာကြီးရဲ့ ပင်လယ်ရေလမ်းတွေကို ထိန်းချုပ်ထားတဲ့နေရာတွေကို သိမ်းပိုက်ထား ခဲ့သလို၊ ကမ္ဘာကြီးရဲ့ ကြွယ်ဝ နေတဲ့ မင်းနေပြည်တော်အပိုင်းတွေက ဝေစုလာခွဲကြတာလည်း ဖြစ်ပါတယ်။

မြန်မာ ဘုရင်တွေက ပေါ်တူဂီတွေနဲ့ အတော် အကျွမ်းတဝင် ရှိနေခဲ့ကြပြီလို့ ဆိုပါတယ်။ မြန်မာတွေက ပေါ်တူဂီ တွေကို ဖာရင်ဂီ လို့ခေါ်ကြပါတယ်။ အာရပ် စကားကတဆင့် ဆင်းသက်လာပြီး မိတ်ဆွေလို့ အဓိပ္ပါယ်ရပါ တယ်။ အဲသည်အချိန်မှာ တပင်ရွှေထီးကို မူးယစ်သေစာနဲ့ ဖျက်ဆီးခဲ့တဲ့ အမည်မှတ်တမ်းမရှိခဲ့တဲ့ ဖာရင်ဂီ တဦး လည်း ရှိခဲ့ပါသေးတယ်။ သူက ပေါ်တူဂီ မလက္ကာအခြေစိုက်စခန်းကနေ မလေးဆူလတန်စော်ဘွားတွေ အုပ်ချုပ် နေတဲ့ အာချေးဒေသကို တိုက်ဖို့ကြံပါ တယ်။ စစ်သင်္ဘောအများအပြားနဲ့ လူ ၃ဝဝ စေလွှတ်ပြီး သိမ်းစေခဲ့ပေ မယ့်လည်း လောဘကြီးလှတဲ့ သူ့အကြံက အလုပ်မဖြစ်ခဲ့ပါဘူး။ နောက်တော့ သူက မုတ္တမကို ထွက်ပြေးလာခဲ့ ရပါတယ်။ အဲဒီကမှတဆင့် တပင်ရွှေထီးဘုရင်ရဲ့ နန်းတော်ကို ရောက်လာခဲ့တာ ပါ။ တပင်ရွှေထီးက ခေတ်မီ သေနတ်တွေ ကျွမ်းကျင်တဲ့ ဖာရင်ဂီကို အတော်အရေးပေး ခဲ့တယ် ဆိုပါတယ်။ သူကလည်း ဥရောပအစာတွေ ချက်ပြုတ် ကျွေးမွေးသလို၊ ဘုရင်ကလည်း အမဲလိုက်ရာမှာအတူတူ စသဖြင့် မိတ်ဆွေလို အရေးပေး ဆက်ဆံခဲ့ တယ် ဆိုပါတယ်။ ဒီလိုနဲ့ တစတစ ဘုရင်တပင်ရွှေထီးလည်း ဝိုင်အရက်တွေ၊ အခြားသေစာတွေနဲ့ သတိလစ် ဟင်းခဲ့ရပါတော့တယ်။

ဒါ့အပြင် ဘုရင့်နောင်က ရဲဘော်ရဲဘက်လို၊ မိတ်ဆွေလို အားကိုးခဲ့ရတဲ့ ပေါ်တူဂီစစ်သည် ဂါလီစီယံအကြောင်း လည်း ကျနော် တင်ပြခဲ့ပါတယ်။ သူကလည်း အနယ်နယ် ပင်လယ်ဓါးပြ လုပ်လာခဲ့၊ ဘုရင်အဆက်ဆက်အောက် အမှုထမ်းခဲ့ပြီး နောက်ဆုံး ဘုရင့်နောင်လက်အောက်မှာ သစ္စာခံမြဲနေခဲ့တဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာ ဘုရင်လာလုပ်ဖို့ ကြိုးပမ်းခဲ့လို့ နှိမ်နင်းခဲ့ရတဲ့ ငဇင်ကာလို ပုဂ္ဂိုလ်မျိုးလည်း ရှိပါသေးတယ်။ ငဇင်ကာ ဆိုတာကတော့ လူကောင်းလို့ အဓိပ္ပါယ်ရပါတယ်။ သူ့အမည်ရင်းက ဖိလစ်ဒီ ဘရစ်တို ဖြစ်ပါ တယ်။ သူက ဆယ်ကျော်သက် ကလေးဘဝထဲက လှေသားအဖြစ်နဲ့ ဆင်းရဲလွန်းတဲ့ ပေါ်တူဂီကနေ ချမ်းသာရာ ချမ်းသာကြောင်းရှာဖို့ ၃ ဆင့်ရွက်သင်္ဘောနဲ့ ထွက်ခွါပါတယ်။ ပင်လယ်ရေကြောင်းခရီးမှာ နယ်ပယ် အတော်နှံ့ စပ်လာခဲ့ပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝခဲ့သူလည်း ဖြစ်လာခဲ့ ပါတယ်။ နောက်တော့ ရခိုင်ဘုရင်ထံကို ရောက်လာ ခဲ့ပါတယ်။ သူက ရခိုင်ဘုရင်ထံမှာ သေနတ်တပ်ဗိုလ်အဖြစ်နဲ့ တိုက်ပွဲ အတော်များများမှာ လိုက်ပါတိုက်ခိုက်ခဲ့ပါ သေးတယ်။ ဒီလိုနဲ့ ရခိုင်ဘုရင်က ဒီကနေ့ ရန်ကုန်အနီးက တညင်ကို စားဖို့ပေး ပါတယ်။ သိပ်မကြာပါဘူး။ သူက မြို့ရိုး၊ ခံတပ်တွေဆောက်ပြီး လူသူစုဆောင်း ပါတော့တယ်။ အဲသည်အချိန်က ပေါ်တူဂီတွေက ဂိုအာနဲ့ မလက္ကာမှာသာ ခံတပ်တွေရှိနေပြီး မြန်မာကမ်းရိုးတန်းမှာ အခြေစိုက် လွတ်နေတယ်လို့ မြင်ပါတယ်။ အကယ်၍ မြန်မာဆိပ်ကမ်းမှာ အခြေစိုက်စခန်းတခုရှိလာခဲ့ရင် ဘင်္ဂလား ပင်လယ်အော်ရေလမ်းတခုလုံးကို စိုးမိုး မိပြီလို့ ဆိုရမှာပါ။ ဘုရင့်နောင်လွန်ပြီး ကာလ အင်းဝနန်းတော်မှာ ရှိနေတဲ့ မြန်မာဘုရင်ကလည်း ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတချို့ကိုသာ စိုးမိုးနိုင်တော့တဲ့ အခြေအနေပါ။

ဒီလိုနဲ့ နောက်တော့ ငဇင်ကာက ရခိုင်ဘုရင်ကို မေ့လိုက်ပါပြီ။ ဂိုအာမှာ ရှိနေတဲ့ ဘုရင်ခံကို ငွေကြေး၊ လူသူ၊ လက်နက် တောင်း ပါ တော့တယ်။ သူလိုတာလည်း အကုန်ရခဲ့ပါတယ်။ ဒါ့အပြင် မဟာမိတ်ရှာတဲ့ အနေနဲ့ သူ့သား ဆိုင်မွန်ဆိုသူကို မုတ္တမ စား ဘုရင် သမီးနဲ့ လက်ဆက်စေခဲ့ပါတယ်။ ဒါ့အပြင် မြန်မာမင်းသားထဲက နတ်ရှင်နောင်ကိုလည်း သူက မိတ်ဆွေအဖြစ်ရခဲ့ ပါသေးတယ်။ ငဇင်ကာက ဘုရားတွေဖြိုဖျက် အမြောက်သွန်း လုပ်တာတွေလည်း ရှိခဲ့တယ် ဆိုပါတယ်။

ဒီလိုနဲ့ ဘုရင့်နောင်ရဲ့ မြေးတော်သူ အနောက်ဖက်လွန်မင်းက ငဇင်ကာရဲ့ တညင်ခံတပ်ချေမှုန်းရဖို့ ဖြစ်လာပါ တော့တယ်။ သူက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတခုလုံးကို ပြန်လည်စိုးမိုးရေးမှာ ငဇင်ကာက ကန့်လန့်ခံနေပါ တယ်။ မြန်မာ့မြေကို လာ ကျူးကျော် ထားလို့ မြန်မာဘုရင်တွေက မနှစ်မြို့သလို ကုန်သွယ်လမ်းမှာ ကန့်လန့်ခံ အခွန်အကောက်ယူနေလို့ ကုန်သည်တွေ ကလည်း မကြိုက်ကြပါဘူး။ ဒီလိုနဲ့ တချီတည်းအပြီးသတ် ချေမှုန်းဖို့ ဖြစ်လာခဲ့ပါတယ်။

အနောက်ဖက်လွန်မင်းက တိုက်လှေအစင်း ၄ဝဝ ကျော်နဲ့ ဧရာဝတီအတိုင်း စုန်လာခဲ့ပါ တယ်။ ငဇင်ကာနဲ့အတူ သူ့တပ်သားက ၃ဝဝဝ လောက်ရှိပါတယ်။ နောက်ဆုံးတော့ ဝိုင်းပတ်မိပြီး ရိက္ခာ၊ ခဲယမ်း ကုန်ခမ်းလုဖြစ်လာခဲ့ပါတော့တယ်။ ငဇင်ကာက ဂိုအာဘုရင်ခံဆီကနေ စစ်ကူတောင်းဖို့ ကြိုးစားပါသေး တယ်။ ဒါပေမယ့် ဝိုင်းပတ်ထားတာကို ဖောက်ထွက်ဖို့ မဖြစ်နိုင်တော့ ပါဘူး။ ငဇင်ကာက တောင်းဆိုချက်တချို့ လက်ခံရင် လက်နက်ချမယ်လို့ နံရံမှာ စာရေးကမ်းလှမ်းပါတယ်။ မြန်မာဘုရင်က လက်မခံပါဘူး။ ၃-ည ၃- ရက်တိုင်တိုင် ဆက်တိုက်ပြီး တညင်ကို ပြန်ရပါတယ်။ မြန်မာစစ်သားတွေလည်း အတော်များများ အသက်ဆုံး ခဲ့ကြရပါတယ်။ ငဇင်ကာကိုတော့ တံကျင်လျှိုသတ်ခဲ့ပြီး၊ သူ့ဇနီးကိုတော့ ကျွန်အဖြစ်ထည့် ရောင်းခဲ့တယ် ဆိုပါ တယ်။ ကျန်ပေါ်တူဂီစစ်သားတွေကိုတော့ အင်းဝကို ဖမ်းခေါ်သွားပြီး ဘုရင့်ကိုယ်ရံတော်တပ်မှာ သေနတ် စစ်သည်၊ အမြောက် စစ်သည်အဖြစ် အမှုထမ်းစေခဲ့ပါတယ်။

စာရေးသူ ဦးသန့်မြင့်ဦးက ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်ရောက်လို့ မန္တလေးအထက်ပိုင်းက မူးမြစ်ဝှမ်းမှာ ရှိတဲ့ ဖာရင်ဂီ ခေါ် ဘုရင်ဂျီရွာတွေကို သွားကြည့်ဖြစ်အောင် သွားခဲ့ပါသေးတယ်။ ဗုဒ္ဓြွဘာသာဘုရားပုထိုးတွေ ကြားမှာ ရိုမန်ကက် သလစ် ဘုရားကျောင်းတွေနဲ့ မျက်လုံးပြာပြာ၊ အသားနီစပ်စပ်ရွာတွေကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီရွာတွေကို ရောက်တယ် ဆိုတာနဲ့ပဲ ဒီသူတွေဟာ တချိန်က မြန်မာပြည်မှာ အခြေချခဲ့ကြတဲ့ ဥရောပတိုက်သား အမျိုး အနွယ်တွေဆိုတာ တန်းသိနိုင် တယ် လို့ ဆိုပါတယ်။ အခုတော့ ထန်းပင်တွေကြားမှာ တဲအိမ်၊ သစ်သားအိမ် တွေနဲ့ လယ်ယာကိုင်းကျွန်း လုပ်နေကြပါတယ်။ မြန်မာစကားအပြင် နိုင်ငံခြားဘာသာ စကားလည်း မပြောမဆို တတ်ကြတော့ပါဘူး။ ဒီနေ့တော့သူတို့က မြန်မာတွေ ဖြစ်နေ ကြပါပြီ။

နောက်တပတ်မှာတော့ ၁၈ ရာစု အလောင်းဘုရား ဦးအောင်ဇေယျကာလ အခြေအနေတွေ ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ရောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s