ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၁၁)။ ဗမာမျိုးချစ်စိတ်နဲ့ အကျိုးဆက်များ

Posted: July 5, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ မြန်မာ့ လူ့ အဖွဲ့အစည်းရဲ့ ၁၈ ရာစုကာလ အခြေအနေတွေကို သူက “မျိုးချစ်စိတ်ရဲ့ အကျိုးဆက်များ” ဆိုပြီး တင်ပြခဲ့ပါတယ်။ အလောင်းဘုရား ဦးအောင်ဇေယျ လွန်လေပြီးတဲ့ကာလ ကုန်းဘောင် ခေတ်မှာ မြန်မာနိုင်ငံက နယ်ချဲ့ ကျူးကျော်သူ ဖြစ်လာပုံ၊ ဗမာအမျိုးသား ရေး စိတ်ဓါတ် ရှေ့တန်းရောက်လာပုံနဲ့ ဒီအကျိုးဆက်ကြောင့်ပဲ အင်္ဂလိပ်နဲ့ ထိပ်တိုက် တွေ့ရပြီး ပထမ- အင်္ဂလိပ် မြန်မာစစ်ပွဲ ဖြစ်ရပုံတွေကို ဆက်လက်တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား

အလောင်းဘုရားဘွဲ့ခံ ဦးအောင်ဇေယျကတော့ အယုဒ္ဓြွယကို သူကိုယ်တိုင် ဦးဆောင် စစ်ချီစဉ်မှာပဲ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေနဲ့ ၁၇၆ဝ မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်ပြီးတဲ့နောက်ပိုင်း သူရဲ့သား ၃ ဦးနဲ့ မြေး ဖြစ်သူ ဦးဆောင်ခဲ့တဲ့ ကုန်းဘောင်မင်းဆက် ရာစုနှစ်တဝက် ကျော်ကျော် မှာတော့ မြန်မာနိုင်ငံရဲ့ စစ်မာန်အတက် ဆုံးနဲ့ ကျူးကျော်နယ်ချဲ့မှု အများဆုံးပြုခဲ့တဲ့ကာလလို့ စာရေးသူ ဦးသန့်မြင့်ဦးက သုံးသပ်ပါတယ်။

ဦးအောင်ဇေယျ လက်ထက်မှာပဲ ပဲခူးဟံသာဝတီနန်းတော်ကို ဖျက်ဆီးခဲ့ပြီး မွန်စကားပြောဒေသ တခုလုံးကိုလည်း နောက် တကြိမ်ပြန်မပုန်ကန်နိုင်အောင် နှိပ်ကွပ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း မွန်လူမျိုး အများအပြား ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ ကနေ ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။ “ရွှေဘိုသားကွ”လို့ ကြွေးကြော်ပြီး မွန်တွေကို ပြန်လှန်တိုက်ခဲ့တဲ့ မြန်မာ နိုင်ငံ အထက်အညာသားတွေက စစ်ပွဲအောင်မြင်မှုတွေနဲ့အတူ ဗမာလူမျိုးရေးစိတ်ကလည်း အထွဋ်အထိပ်ဖြစ်လာခဲ့ပါတယ်။

မြန်မာတွေရဲ့ အင်းဝနေပြည်တော်က တပ်တွေက ၁၇၆၃ ခုနှစ်မှာ ချင်းမိုင်လို့ခေါ်တဲ့ ဇင်းမယ်ကိုသိမ်းပါတယ်။ ဗီယန်ရှင်းမှာ ရှိနေတဲ့ လာအိုဘုရင်ကလည်း ပဏ္ဏာသနိုင်ငံအဖြစ် လက်ခံခဲ့ပြီး၊ ၁၇၆၅ ခုနှစ်မှာတော့ စင်ပြိုင် လာအိုဘုရင် လောင်ပရာ ဘန်း ကို တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။ ဆိုင်ယမ်ရဲ့ အုပ်ချုပ်ခံအစွန်အဖျားဒေသ အတော်များများ မြန်မာဘုရင် လက်အောက် ရောက် လာတဲ့ အချိန် ၁၇၆၆ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ဒီနေ့ ထိုင်းနိုင်ငံရဲ့ မြို့တော် အယုဒ္ဓယကို ဝိုင်းခဲ့ပါတယ်။ အယုဒ္ဓယဘုရင်ရဲ့ ခုခံမှုက နှေးကွေးနေခဲ့သလို၊ တပ်တွေက လည်း အချိတ်အဆက် မမိဖြစ်နေခဲ့ပါတယ်။ အယုဒ္ဓယဘုရင် ဆူရိယာမာရင်က သစ္စာခံပါမယ်လို့ ကမ်းလှမ်း သော်လည်း အင်းဝဗိုလ်ချုပ်တွေက ပယ်ချခဲ့ပါတယ်။ လုံးဝအကြွင်းမဲ့ လက်နက်ချရမယ်လို့သာ တောင်းဆိုခဲ့ပါ တယ်။ ၁၇၆၇ ခုနှစ် ဧပြီလမှာတော့ အယုဒ္ဓယနန်းတော်ရဲ့မြို့ရိုးကို ချိုးဖောက်ဝင်နိုင်ခဲ့ပြီး မြို့ထဲမှာ မြင်မြင်သမျှ ကို မီးတင်ရှို့ခဲ့ကြပါတယ်။ အဲသည်အချိန်က ပြင်သစ်ပြည် ပါရီမြို့၊ လန်ဒန်မြို့နဲ့ အပြိုင်နီးပါး လူနေထိုင်မှုအရ ကြီးမားစည်ပင်တဲ့ အယုဒ္ဓယလည်း ပြာပုံဘဝရောက်ခဲ့ရပါတယ်။ စစ်သုံ့ပန်းသောင်း၊ သိန်းချီလို့လည်း ဖမ်းဆီးခေါ်ဆောင်လာခဲ့ပါ တယ်။ အင်းဝ ဘုရင်က ထိုင်းမင်းညီမင်းသားတဦးကို သစ္စာခံဘုရင်တင်တာမျိုး မထားတော့ဘဲ၊ မြို့စောင့်တပ် တွေချန်လို့ မြေဒူးမင်းသား လို့ ခေါ်တဲ့ ဆင်ဖြူရှင် မြန်မာဘုရင်က တိုက်ရိုက်အုပ်ချုပ်ပါ တော့တယ်။

အဲသည်ကုန်းဘောင်မင်းဆက် အချိန်မှာပဲ တရုတ်ပြည် မန်ချူးဘုရင်နဲ့လည်း စစ် ၃ ကြိမ်နွှဲခဲ့ရပါတယ်။ အလောင်းဘုရားက သူ့သြဇာကို ရှမ်းပြည်ဖက် ချဲ့ထွင်ဖို့ ကြိုးစားစဉ်မှာပဲ ရှမ်းစော်ဘွားတွေ၊ အကြီးအကဲ တွေက တရုတ်ပြည်ဖက်ကို ပြေးဝင် ခိုလှုံကြပါတယ်။ ၁၇၆ဝ ခုနှစ်မှာ မြေဒူးမင်းသားက ဒီလိုရှမ်းပြည်ကို ဆက် လက်သြဇာချဲ့ထွင်နေစဉ်မှာပဲ တရုတ်တပ်တွေနဲ့ ပဋိပက္ခတွေ စတင်လာပါတယ်။ ‘ပုအာ’ လို့ခေါ်တဲ့ ယူနန်ပြည် ဒေသတခုမှာ မြန်မာဘုရင်တပ်တွေနဲ့ တရုတ်တပ်တွေ တိုက်ပွဲ ဖြစ်ကြပြီး တရုတ်တပ်တွေ ချေမှုန်းခံလိုက်ရပါ တယ်။ ဒါကို ယူနန်နယ်စား လီယူဇောင်က မသိလိုက်မသိဘာသာ နေခဲ့ပါတယ်။ နောက်မှ မန်းချူးဘုရင် နန်းတော်က ကြားသိပြီး၊ သူ့ကို ရာထူးချပြီး နန်းတော်ကို ပြန်ခေါ်ပါတယ်။ အရှက်ရတဲ့ နယ်စား လီယူဇောင် က ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ ဒီလိုမျိုး နန်းတော်အရာရှိ တွေထဲက သတ်သေတယ်ဆိုတာမျိုးက မန်ချူး ရာဇဝင်မှာ မရှိဖူးလေတော့ မန်ချူးအင်ပိုင်ယာပြည့်ရှင်အတွက်လည်း အရှက်ရစရာ ဖြစ်လာပါတယ်။ သည်တော့ နောက် စစ်ပွဲက “မြန်” လို့တရုတ်တွေက ခေါ်နေကြတဲ့ မြန်မာတွေကို ဆုံးမဖို့ အင်ပိုင်ယာပြည့်ရှင်ကိုယ်တိုင် ရဲ့ သိက္ခာဆည်စရာ စစ်ပွဲ ဖြစ်လာပါတော့တယ်။

သူက ယန်ယင်ဂျူးလို့ခေါ်တဲ့ ဝါရင့်နယ်စားအသစ်ကို တာဝန်ပေးပါတယ်။ ၁၇၆၆ ခုနှစ် နွေကာလမှာပဲ ရှမ်းပြည် ထဲကို ယုံကြည်မှု အပြည့်နဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ တပ်အင်အားလည်း အတော်ပါလာပါတယ်။ မြန်မာတွေက စစ်ဗျူဟာ ထောင်ချောက် ဆင်ခဲ့ပါတယ်။ မြန်မာစစ်သူကြီး ဗလမင်းထင်က ဗန်းမော်မြို့ကို လက်လွှတ်ပေးပြီး တရုတ်တပ်တွေကို ပြန်ပတ်ဝိုင်းခဲ့ပါတယ်။ တရုတ်တပ်တွေက ထောင်ချောက်ဆင်တာကို ရိပ်မိတဲ့အခါ သူတို့မှာ ရန်သူက မြန်မာစစ်တပ်တွေ ချည်းပဲ မဟုတ်တာ တွေ့ခဲ့ရပါတယ်။ ငှက်ဖျား၊ ကာလဝမ်းရောဂါကြောင့်လည်း တရုတ်တပ်တွေ အတုန်းအရုန်း သေခဲ့ရ ပါတယ်။ စစ်သားတထောင်ကျော်မှာ ၈ဝဝ ကျော်က ငှက်ဖျား၊ အခြား ရောဂါနဲ့သေကြပါတယ်။ အခြားသူတွေလည်း ထိခိုက်ဒဏ်ရာ ရနေကြပါပြီ။ ဒီသတင်းကြားတော့ တရုတ် ဧကရာဇ် ကျင်းလုံက မယုံကြည်နိုင်တော့ပါဘူး။ သူ့ရဲ့စစ်သူကြီး ယန်ယင်ဂျူး ကိုယ့်ကိုယ်ကို မသတ်သေခင် နန်းတော်ကိုခေါ်လို့ ကွပ်မျက်သေဒဏ်ပေးခဲ့ပါတယ်။

နောက်တချီမှာတော့ တရုတ်ဧကရာဇ်က ဝါရင့်မန်ချူးစစ်သူကြီး မင်ဂရူအီ ကို တာဝန်ပေးလို့ ဘုရင့်အထူးတပ် တွေကို စေလွှတ်ခဲ့ပါတယ်။ မင်ဂရူအီက တူရကီတွေကို စစ်ဆင်ခဲ့ဖူးသလို၊ ယခင် ကာဇက်စတန်ဒေသမှာလည်း အရေးပါတဲ့ စခန်းတွေမှာ တာဝန်ယူခဲ့ပါတယ်။ အခုအချိန်မှာတော့ နယ်စပ်တင်းမာမှုမျှသာ မဟုတ်တော့ဘဲ နှစ်နိုင်ငံ စစ်ခင်းတဲ့ ပွဲအဆင့် ရောက်လာခဲ့ပါပြီ။ ဒီတချီမှာတော့ တရုတ်တွေက သေချာပြင်ဆင်လာပြီး၊ ကပ် ရောဂါတွေနည်းမယ် ယူဆတဲ့ ဆောင်းတွင်းမှာ စစ်ချီလာပါတယ်။ တရုတ်တပ်တွေက ဧရာဝတီမြစ်ကြောင်း အတိုင်းစုံဆင်းလာပြီး ဂုပ်ထိပ်၊ စဉ့်ကူကို သိမ်းပါတယ်။ အင်းဝ နန်းတော်နဲ့ ၃ ရက်အကွာကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် မြေဒူးမင်းသား ဘုရင်က ကိုယ်တိုင် ကွပ်ကဲပြီး ရှေ့ကို အများကြီး ကျွံဆင်းလာတဲ့ တရုတ်တပ် တွေရဲ့ ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်စေပါတယ်။ အဲသည်အချိန်မှာပဲ ထိုင်းနိုင်ငံ မှာရှိနေတဲ့ မဟာသီဟသူရ ဦးဆောင်တဲ့ စစ်ကူတပ်တွေလည်း ပြန်ရောက်လာပါတယ်။ အအေးဒေသကလာတဲ့ တရုတ် တပ်တွေက ငှက်ဖျားကြောင့် သေကျေကြသလို၊ ပူပြင်းလှတဲ့ မြန်မာပြည် ရာသီဥတုဒဏ် ကိုလည်း မခံနိုင်ကြပါဘူး။ လပေါင်း များစွာကြာတဲ့ တိုက်ပွဲမှာ သောင်းကျော် အင်အားနဲ့လာခဲ့ကြတဲ့ တရုတ်တပ်တွေမှာ ရာဂဏန်း မျှပဲ ကျန်ပါတော့တယ်။ နောက်ဆုံး ၁၇၆၈ ခုနှစ်ဆန်းပိုင်းမှာ စစ်သူကြီးမင်ဂရူအီကိုယ်တိုင် သစ်ပင်တပင်မှာ ကြိုးဆွဲချ သတ်သေခဲ့ပါတယ်။ တရုတ်ဧကရာဇ်က ဖူဟန်ဆိုသူကို နောက်ထပ်နယ်စားထပ်ခန့်ပါတယ်။

ဖူဟန်ကလည်း ဒီလိုနဲ့ ဖူကျန်ဒေသက ရေတပ်တွေကို သုံးလို့ ဧရာဝတီမြစ်ကြောင်းအတိုင်း စုံဆင်းလာဖို့ ကြံပြန်ပါတယ်။ ဒီလိုနဲ့ မြန်မာတွေအလစ်အငိုက်ရဖို့ မိုးရာသီမှာ ထိုးစစ်ဆင်ဖို့ သူကဆုံးဖြတ်ပြီး ၁၇၆၉ မှာ ထိုးစစ်ဆင်ခဲ့ပါတယ်။ မြန်မာတွေက သေချာပြင်ဆင်ထားပြီမို့ ကောင်းတုန်ခံတပ်မှာ တိုက်ပွဲအပြင်းအထန်ကြုံ ပါတယ်။ တရုတ်တပ်တွေလည်း အဖျားအနာ များလှပြီး၊ ဖူဟန်ကိုယ်တိုင် ဖျားနာနေပါပြီ။ နောက်ဆုံး နှစ်ဖက် အထိအခိုက်များလာတဲ့အခါ စစ်နားကြဖို့ စဉ်းစားလာပါတယ်။ ဒီလိုနဲ့ ၁၇၆၉ ဒီဇင်ဘာ ၂၂ ရက်မှာ မြန်မာ အရာရှိ ၁၄ ဦးနဲ့ တရုတ်စစ်အရာရှိ ၁၃ ဦးတို့က စစ်ပြေငြိမ်းစာချုပ် ချုပ်ဆိုခဲ့ကြပါ တော့တယ်။

တရုတ်တပ်တွေကို ခုခံနိုင်လိုက်တော့ မြန်မာတွေက အတော်ဘဝင်မြင့်ခဲ့ကြပါတယ်။ ဘိုးတော်ဘုရားဘုရင် လက်ထက် မှာလည်း ယခင်ကာလတွေက သီးခြားလွတ်လပ်တဲ့ မင်းနေပြည်တော်အဖြစ်ရှိခဲ့တဲ့ ရခိုင်ပြည်ကို ၁၇၈၄ ခုနှစ်မှာ သိမ်းပိုက် ခဲ့ပြန်ပါတယ်။ ဗမာတွေရဲ့ မျိုးချစ်စိတ်ဘဝင်က ထိပ်တန်းရောက်လာပါတယ်။ လူမျိုး အပေါင်းကို အောင်နိုင်သူလို့ ထင်လာ ပါတယ်။ ဒါပေမယ့်လည်း ဦးသန့်မြင့်ဦးကတော့ မြန်မာဘုရင်တွေ ကမ္ဘာ ကြီးမှာဖြစ်ပေါ်နေတာကို ကြည့်မြင်ပုံက မျက်ချေ ပြတ်နေတယ်လို့ သုံးသပ်ခဲ့ပါတယ်။ နန်းတော်ကို ပင်လယ်ဆိပ် ကမ်းနဲ့ဝေးရာ အမရပူရမှာ နန်းစိုက်ထားခဲ့သလို၊ မြန်မာတွေက အင်္ဂလိပ်တွေကိုလည်း ကုလားတွေထဲက အမျိုးတမျိုးလို့သာ မြင်ပါတယ်။ အာရှတိုက်က ကုလားနဲ့ ဥရောပ တိုက်က လာသူတွေကိုတော့ ဘုရင်ဂျီ ကုလား၊ သိုးဆောင်းကုလားလို့မျှသာ ခွဲခြားမြင်နေခဲ့ကြပါတယ်။ သည်အချိန်မှာ အင်္ဂလိပ်တွေရဲ့ အရှေ့အိန္ဒိယ ကုမ္ပဏီက ဝန်ထမ်း (၁၈,ဝဝဝ) ကနေ၊ (၁၀၀,၀၀၀) အထိ ဖြစ်လာခဲ့ပါတယ်။ သူတို့ထဲက အများစုက ကုမ္ပဏီရဲ့ စစ်တပ်တွေပါ။ တချိန်မှာ ဒီအရှေ့အိန္ဒိယကုမ္ပဏီနဲ့ မြန်မာဘုရင်တွေ စစ်ခင်းကြ ရမယ်ဆိုတာ မမျှော်လင့်ထားခဲ့ ကြပါဘူး။ နောက်တပတ်မှာတော့ ကုန်းဘောင်ခေတ်နောက်ပိုင်း အင်္ဂလိပ်-မြန်မာစစ်ပွဲတွေ ဖြစ်လာရပုံကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ယောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s