ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၁၂)။ အင်္ဂလိပ်-မြန်မာစစ်ပွဲများ

Posted: July 6, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Loststeps) စာအုပ်မှာ မြန်မာ့လူ့အဖွဲ့ အစည်းရဲ့ ၁၉ ရာစုအဆန်းပိုင်း အခြေအနေတွေကို သူက “စစ်ပွဲများ” ဆိုပြီး ဆက်လက် တင်ပြခဲ့ပါတယ်။ ကုန်းဘောင်မင်း ဆက်ရဲ့ အကျပိုင်းကာလမှာ အင်အားကြီးလာတဲ့ အရှေ့အိန္ဒိယကုမ္ပဏီနဲ့ ၂-နှစ်ကြာ စစ်ပွဲဖြစ်လို့ မြန်မာ နိုင်ငံလွတ်လပ်ရေး ဆုံးရှုံးရပုံတွေကို ဆက်လက် တင်ပြခဲ့ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား

ကုန်းဘောင်မင်းဆက်ရဲ့ အတက်ပိုင်း၊ ဘုန်းမီးနေလ တောက်ပချိန်ဟာ အလောင်းဘုရား ဦးအောင်ဇေယျ ကာလမှသည် ဘိုးတော်ဘုရား နတ်ရွာစံတဲ့အချိန်အထိ ၆၆ နှစ်ကြာလို့ ပြောနိုင်ပြီး၊ ဘကြီးတော်မင်း လက်ထက်ကနေ ပါတော်မူချိန်အထိ ၆၆ နှစ်မှာ အကျပိုင်းကို ရောက်လာခဲ့ပါတယ်။

စစ်မဖြစ်ခင် အခြေအနေကို ပြန်ကြည့်ရင် မြန်မာဘုရင်တွေက စစ်ပွဲတွေအောင်နိုင်ခဲ့တဲ့အပေါ် မာန်တက်နေကြပြီး၊ ယခင် နယ်ပယ်သြဇာ ချဲ့ထွင်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေမှာလည်း သာယာနေခဲ့ကြပါတယ်။ ဒီအချိန်မှာ ကမ္ဘာ့ အခြေအနေ ကလည်း ပြောင်းလဲလာနေပါတယ်။ မြန်မာဘုရင်တွေက အင်္ဂလိပ်-အရှေ့အိန္ဒိယကုမ္ပဏီကို သူတို့ ရဲ့ အဓိက ရန်သူအဖြစ် တွက်ဆ မှတ်ယူထားကြပါတယ်။ တချိန် ဦးအောင်ဇေယျကာလက မွန်တွေက ပြင်သစ်တွေနဲ့ မဟာမိတ် ဖြစ်တော့၊ မြန်မာတွေက အင်္ဂလိပ်တွေနဲ့ မဟာမိတ်ဖွဲ့ချင်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလိပ်တွေက သူတို့ရဲ့ နယ်ပယ်သြဇာ ချဲ့ထွင်ရေး မှာ အနှောင့် အယှက် ဖြစ်လာနိုင်တာကိုလည်း တွေးပူခဲ့ကြပါတယ်။ အင်္ဂလိပ်တွေရဲ့ အရှေ့အိန္ဒိယ ကုမ္ပဏီအလံတွေက ကမ်းခြေ အတော်များများမှာ တလွှားလွှားထူလာနေတဲ့ သတင်းတွေကို မြန်မာဘုရင်တွေက ရထားပြီး၊ အင်္ဂလိပ်တွေဟာ ညောင်ပင်လို အခြေချခွင့်ရပြီးရင် အရင်အပင် ကို ဝါးမြိုလိမ့်မယ်လို့ မြင်ထားကြပါတယ်။

ဒါပေမယ့်လည်း အင်းဝရွှေနန်းတော်မှာ စစ်အောင်ပွဲအရှိန်ကို ယစ်မူးသာယာလို့ ကမ္ဘာ့အခြေအနေကိုလည်း မျက်ခြေပြတ် နေခဲ့တဲ့ သူတွေ ရှိပါတယ်။ အင်းဝနေပြည်တော် သြဇာအကြီးဆုံးကာလကို ဆက်ခံရတဲ့အချိန် ဘကြီးတော်မင်းလက်ထက် ၁၈၂၄ ခုနှစ်မှာလည်း စစ်လိုလားအားသန်သူတွေက ကြီးစိုးနေရာရထားတယ်လို့ စာရေးသူ ဦးသန့်မြင့်ဦးက သုံးသပ်ပါ တယ်။ အထူးသဖြင့် မိဘုရားကြီး နန်းမတော်မယ်နုနဲ့ အာဏာတပ်မက် သူ သူ့ရဲ့မောင်တော်သူ စလင်းမြို့စား မောင်အိုတို့က စစ်ကိုလိုလားကြပါတယ်။ ဒီအုပ်စုက အနောက်ဖက် ဒေသချဲ့ထွင်ရေးကို အာသီသရှိနေကြပြီး စစ်သူကြီး မဟာဗန္ဓုလ ဟာလည်း သည်အုပ်စုနဲ့ ပေါင်းမိကြတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာနဲ့ ဘေးပတ်ဝန်းကျင် အခြေအနေတွေ ပြန်ကြည့်ရအောင်ပါ။ သည်ကာလမှာ အရှေ့ဖက်တံခါးက ပိတ်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဆင်ဖြူရှင်လက်ထက်မှာ ထိုင်းနိုင်ငံ၊ အယုဒ္ဓြွယကို အောင်နိုင်ခဲ့သော်လည်း မန်ချူး တရုတ်တွေ ကျူးကျော် လာတာကြောင့် ပြန်ဆုတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ထိုင်းတွေအတွက် အင်အားပြန်စု ချိန် ရလာခဲ့ပြီး ပင်လယ်ကမ်းခြေမြို့ ယခုဘန်ကောက်အနီးမှာ မဟာချက်ကရီဦးဆောင်ပြီး ပြန်လည်ထူထောင်ခဲ့ ကြပါတယ်။ ထိုင်းတွေက သူတို့သြဇာ ကိုတောင် အိမ်နီးချင်း ကမ်ဘောဒီးယား၊ မလေးရှားနဲ့ မဲခေါင်မြစ်ဝှမ်း ဒေသတွေဖက်ကို ချဲ့နေခဲ့ ကြပါပြီ။ မြန်မာတွေ နောက်တကြိမ် ပြန် သိမ်းပိုက်ဖို့ဆိုတာ မဖြစ်နိုင်လောက်တော့ပါဘူး။ အရှေ့မြောက်ဖက်ကို ထပ်တိုးဖို့ဆိုတာ လည်း မဖြစ်နိုင်ပါဘူး။

တရုတ်ဧကရာဇ်သြဇာက မြန်မာတို့ တံခါးဝ နားရောက်နေပြီး စစ်ဖြစ်ထားတာလည်း မကြာသေးပါဘူး။ ဖြစ်နိုင်တာက ၁၇၈၄ ခုမှာ ရခိုင်ကို ကျူးကျော်သိမ်း ပိုက်ခဲ့ပြီး အနောက်ဖက်ကို ဆက်လက်သြဇာချဲ့ရေးပဲ ဖြစ်နိုင်ပါ တော့တယ်။ မြဝတီဦးစကလည်း ပန်းဝါနယ်စပ် ထိတွေ့မှုတွေမှာ အင်္ဂလိပ်တွေကို အနိုင်ရပြီး စစ်တကောင်း အထိ ချီတက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီကိစ္စအတွက် အင်္ဂလိပ်တွေဖက်ကလည်း ရတက်မအေးဖွယ် ခြိမ်းခြောက်မှုလို မြင်လာကြပါတယ်။

နောက်တခု မြန်မာဘုရင်တွေ သြဇာချဲ့ဖို့စဉ်းစားလာတာက မဏိပူ၊ အာသံနဲ့ ဗြဟ္မပုတ္တရမြစ်ဝှမ်းဒေသဖက်ကို ဖြစ်ပါတယ်။ ဒီဒေသက သြဇာပြိုင်နေကြတဲ့ မင်းငယ်တွေကလည်း အချို့က အင်္ဂလိပ်ဖက်၊ အချို့က အင်းဝ မြန်မာဘုရင်ဖက် အကူအညီ တောင်းခဲ့ကြပါတယ်။ သည်လိုနဲ့ ကိုလိုနီချဲ့လာသူ အင်္ဂလိပ်နဲ့ အင်းဝမြန်မာဘုရင် တွေ ထိပ်တိုက်တွေ့စရာ အကြောင်း ဖြစ်လာပါတော့တယ်။ ၁၈၂၄ ခုနှစ် ဇန်နဝါရီလမှာ အင်္ဂလိပ်ဘုရင်ခံချုပ်က အရှေ့အိန္ဒိယ ကုမ္ပဏီအကြီးအကဲတွေကို “စစ်ပွဲ ကတော့ ရှောင်လွှဲမရနိုင်တော့ဘူး။ မာနထောင်လွှားလွန်းနေတဲ့ မြန်မာဘုရင်တွေကို ကျိုးနွံသွားအောင် ပညာပေးဖို့ တော်ပြီ” လို့ ဆိုလာခဲ့ပါတော့တယ်။

ဒီလိုနဲ့ ၁၈၂၄ ခုနှစ်၊ မတ်လမှာ စစ်ကြေညာခဲ့ပါတော့တယ်။ နောက်ပိုင်းမှာတော့ ၂-နှစ်ကျော်ကြာ ကုန်ကျ စရိတ် အများဆုံး နဲ့ အင်္ဂလိပ်-အိန္ဒိယသမိုင်းမှာ အရှည်လျားဆုံးစစ်ပွဲကို ဆင်နွှဲခဲ့ကြရပါတယ်။ ဥရောပတိုက်သား နဲ့ အိန္ဒိယ စစ်သား ၁၅,ဝဝဝ သေဆုံးခဲ့ရပြီး၊ မြန်မာစစ်သားတွေက ပိုလို့သေဆုံးခဲ့ရဖွယ် ရှိပါတယ်။ စစ်စရိတ် အဲသည်ခေတ်က ပေါင် ၅ သန်း၊ (အခုခေတ် ငွေလဲနှုန်းနဲ့တွက်ရင် ဒေါ်လာ ၁၈. ၅ ဘီလီယံလောက်) ကုန်ကျခဲ့ရပါတယ်။ ဗြိတိသျှတပ်တွေကို ကွပ်ကဲလာသူက ဆာ- အာချီဘော ကင်းဘဲပါ။ စကော့လူမျိုး တောင်ပေါ်သားဖြစ်ပြီး အိန္ဒိယစစ်မြေပြင်မှာ နှစ် ၃ဝ ကျော်နွှဲလာတဲ့သူပါ။ သူနဲ့အတူ အင်အား ၁ဝ,ဝဝဝ ကျော်ပါလာပြီး ရန်ကုန်ဆိပ် ကမ်းကတဆင့် ရွှေတိဂုံကုန်းတော်ကို သိမ်းပိုက်ခဲ့ကြပါတယ်။

မြန်မာဘုရင်တွေဖက်က အားကိုးရတဲ့ စစ်သူကြီးမဟာဗန္ဓုလက ရခိုင်စစ်မျက်နှာကို ရောက်နေပြီး သည်အချိန်မှာ မြန်မာ ဘုရင်တွေဖက်ကလည်း ရသမျှ စစ်အင်အားကိုစုလို့ ခုခံကြရပါတော့တယ်။ အင်္ဂလိပ်တွေဖက်က စစ်ရေး အစီအမံ ရေးဆွဲသူ တွေက ရန်ကုန်ကျရင် သိပ်မကြာခင်ဆိုသလို မြန်မာဘုရင်တွေဖက်က စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းလာမယ်လို့ တွက်ထားသော် လည်း ခုခံမှု အကြီးအကျယ်နဲ့ ကြုံခဲ့ရပါတယ်။ နာမည်ကျော် စစ်သူကြီးတွေလည်း တိုက်ပွဲမှာ ကျဆုံးခဲ့ကြရပါတယ်။ စစ်သူကြီး မဟာဗန္ဓူလ ရခိုင်စစ်မျက်နှာကနေ ရန်ကုန် စစ်မျက်နှာကို မိုးတွင်းကာလ ခရီးကြမ်းကို ဖြတ်ကျော် ချီတက်လာခဲ့ပြီး ပြန် ရောက်လာပါတယ်။ စစ်သူကြီးမဟာဗန္ဓုလ ပြန် ရောက်လာတော့ မြန်မာစစ်တပ်တွေ လည်း အားတက်ကြပါတယ်။ သူကလည်း အင်္ဂလိပ်တွေ မမျှော်လင့်ထားတဲ့ စစ်ရေးနည်းပရိယာယ်တွေနဲ့ ရန်ကုန်ကို ပြန်ရဖို့ ကြိုးစားခဲ့ပါတယ်။ အင်္ဂလိပ်တွေ ကိုယ်တိုင် အံ့သြတုန်လှုပ် ခဲ့ရတဲ့ ကတုတ်ကျင်းတူးတိုက်တဲ့ စစ်ပွဲတွေနဲ့ ရွှေတိဂုံကုန်းတော်ကို ပြန်ရဖို့ စစ်ဆင်ခဲ့ပါသေးတယ်။ ဒါပေမယ့် လက်နက်အင်အားက မမျှတော့ပါဘူး။ အင်္ဂလိပ်တွေ ဖက်မှာက ‘ကွန်ဂရိဖ်’ ဒုံးကျည်ရော့ကက်တွေသုံးလို့ ပစ်ခတ် နိုင်တဲ့ အခြေအနေ ဖြစ်နေပါပြီ။ သည်လိုနဲ့ ဓနုဖြူ ခံတပ် တိုက်ပွဲမှာ စစ် သူကြီး မဟာဗန္ဓုလကိုယ်တိုင် ကျဆုံးခဲ့ရ ပါတယ်။

နောက်ပိုင်းမှာ မြန်မာစစ်သူကြီးမဟာနေမျိုးက ရန်ကုန်ကို တန်ပြန်ဝိုင်းပတ်နိုင်ဖို့ ထိုးစစ်တွေလည်း ကြိုးပမ်းခဲ့ပါ သေးတယ်။ မြန်မာပြည် မြောက်ဖက်တောင်တန်းဒေသတွေက ရှမ်းတပ်တွေလည်း ပါဝင်ခုခံခဲ့ကြပါတယ်။ မှတ်တမ်းတွေအရ စစ်ပွဲမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ ရှမ်းစော်ဘွားတွေ၊ စစ်သူကြီးတွေအပြင် မြင်းစီးလာတဲ့ ရှမ်းမိန်းမ ပျို ၃ ဦးက ဦးဆောင် တိုက်တာတွေ ကြုံခဲ့ရတယ်လို့လဲ ဆိုခဲ့ကြပါတယ်။ စစ်အခြေအနေကို အကဲခတ်မိတဲ့ သာယာဝတီမင်းသားကတော့ စောစော စစ်ပြေငြိမ်းဖို့ ဘုရင်ကိုတင်သွင်းခဲ့ပါတယ်။ အခုအချိန် မှာတော့ ဝန်ထမ်းတသိန်းကျော်ရှိ နေတဲ့ ကုမ္ပဏီတခုရဲ့ စစ်တပ်တွေနဲ့ မြန်မာဘုရင် အင်ပိုင်ယာတခုလုံးက တပ်တွေ ရင်ဆိုင်တိုက်ရတဲ့ စစ်ပွဲသဖွယ် ဖြစ်နေပါတော့တယ်။ သူ့အကြံကို စစ်လိုလားသူ အုပ်စုက လက်မခံ ကြပါဘူး။ မြန်မာတပ်တွေက ကျွန်းသစ်နဲ့ ပေတရာကျော်တဲ့ တိုက်လှေကို ဆောက်လို့ ၆ ပေါင်ဒါ- ၁၂ ပေါင်ဒါ အမြောက်ကိုတင်ပြီး ရေကြောင်းမှာ ခုခံဖို့ ပြင်ဆင်ပါသေးတယ်။ ဒါပေမယ့် ဗြိတိသျှတွေရဲ့ အသစ်ဆောက်လာတဲ့ တိုက် သင်္ဘော ‘ဒိုင်ယာနာ’ကို မယှဉ်သာတော့ပါဘူး။ ဒိုင်ယာနာသင်္ဘောက ကြီးကြီးမားမား မဟုတ်ပါဘူး။ ဒါပေမယ့် မြင်း ကောင်ရေ ၆ဝ အား ရေနွေးငွေ့အင်ဂျင်ကို သုံးထားပြီး လှေပေါ်မှာလည်း ရော့ကက်ဒုံးကျည်ပစ် နိုင်တဲ့ စင်တွေ ဆင်ထားပါတယ်။ သင်္ဘောသေးတဲ့အတွက် ဧရာဝတီမြစ်ကြောင်းတလျှောက် ချီတက်တဲ့ခရီးမှာ အသုံးဝင်လှပြီး စက်အမြန်နှုန်း၊ လက်နက်ပစ် အားအရလည်း မြန်မာသင်္ဘောတွေ မယှဉ်သာ ဖြစ်ခဲ့ရပါတယ်။ မြန်မာဘုရင်ရဲ့ ရေတပ်တခုလုံးလည်း ပြုတ်ပြုတ်ပြုန်းခဲ့ရ ပါတယ်။

နောက်ဆုံးတော့ ဗြိတိသျှတပ်တွေက ရန္တပိုလို့ခေါ်တဲ့ အင်းဝရွှေနန်းတော်နဲ့ ၄ ရက်ချီအကွာ၊ မိုင် ၄ဝ လောက်ပဲ ဝေးတဲ့ ရန္တပိုကို ရောက်လာပါတယ်။ မြန်မာဘုရင်ကလည်း စစ်ပြေငြိမ်းစာချုပ်ချုပ်ဖို့ လက်ခံလိုက်ရပါတော့ တယ်။ ရန္တပိုစာချုပ်အရ မြန်မာ ဘုရင်က ဂျင်းတီးယား၊ ကချာ၊ အာသံအရေးတွေမှာ ဝင်ရောက်လက်မရှုပ်တော့ ဖို့ သဘောတူရတဲ့အပြင် မြန်မာဘုရင်ပိုင်နက် မဏိပူ၊ ရခိုင်ဒေသ၊ တနင်္သာရီတွေကိုလည်း ပေးလိုက်ရပါတယ်။ အင်းဝနန်းတော်မှာ ဗြိတိသျှ သံတဦးကို ထားဖို့ သဘောတူ ရတဲ့အပြင် ပေါင်စတာလင်တသန်း (ဒီကနေ့ ငွေတန် ဖိုးနဲ့ ဒေါ်လာ ၅ သန်း) စစ်လျှော်ကြေးလည်း ပေးရပါတယ်။

နောက်ပိုင်းမှာ ဗြိတိသျှစစ်သူကြီး ကင်းဘဲက ကနေဒါ နယူးဘရန်းဝစ် အရပ်ကို နန်းရင်းဝန်အဖြစ်ခန့်အပ် ရာထူးတိုး တာဝန် ပေးခံရပါတယ်။ မြန်မာဘုရင်တွေအတွက်ကတော့ လွတ်လပ်ရေးဆုံးရှုံးရဖို့ ကနဦးအခြေ အနေကို မျက်ဝါးထင်ထင် ကြုံကြ ရပါတော့တယ်။

နောက်တပတ်မှာတော့ ကိုလိုနီလက်အောက်ကျရောက်ခဲ့ရတဲ့ နောက်ပိုင်းအခြေ အနေတွေကို ဆက်လက်တင် ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ယောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s