ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၁၃)။ မန္တလေး

Posted: July 7, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ နောက် တခန်းကိုတော့ သူက “မန္တလေး” ဆိုပြီး ဆက်လက်တင်ပြခဲ့ပါတယ်။ အဓိကအကြောင်း ကတော့ ကုန်းဘောင်မင်းဆက်နှောင်းပိုင်း ကာလ မန္တလေးနန်းတည် မင်းတုန်းမင်းဘုရင်ရဲ့ ခေတ်ပြင်ရေးကြိုးပမ်းချက်တွေရယ်၊ ပတ်ဝန်းကျင်ကမ္ဘာ့အခြေ အနေတွေကို တင်ပြထားတာ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မန္တလေးမြို့တည် နှစ် ၁၅ဝ ပြည့်အတွက် ဓါတ်ပုံ ပြပွဲတွေ ကျင်းပနေကြတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
“မန္တလေး” ဆိုတဲ့အမည်ကိုကြားလိုက်ရင် နိုင်ငံခြားသားတွေက အင်မတန်ရှေးကျတဲ့၊ ဥရောပနဲ့အသွင်ကွဲပြားပြီး တကယ့်ကို ဆန်းကျယ် အရှေ့တိုင်း တသွေးမွေးဆန်တဲ့၊ ထူးခြားတဲ့ အဆင်အသွေး၊ အနံ့အရောင်တွေနဲ့ ပြည့်စုံရာ ဒေသလို့ ယူဆ လေ့ရှိကြပါတယ်။ တကယ်ကတော့ မန္တလေးက သိပ်ပြီး ရှေးကျလှတာတော့ မဟုတ်ပါဘူး။ မန္တလေးကို ၁၈၅၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး နှစ် ၁၅ဝ မျှသာပဲ သက်တမ်းရှိပါသေးတယ်။ မန္တလေးနန်း တော်တည်ထောင်ချိန်ဟာ နယူးယောက်မြို့ မန်ဟက်တန်အရပ်မှာ မေစီ ကုန်တိုက်ကြီး ဖွင့်လှစ်လို့ သူ့ဖောက် သည်တွေ စတင်ဈေးရောင်းခဲ့တဲ့ အချိန်ပါ။

မန္တလေးမြို့ကို ပြောင်းရွှေ့နန်းတည်ခဲ့သူကတော့ မင်းတုန်းမင်းတရားကြီး ဖြစ်ပါတယ်။ သူ့မတိုင်မီ ပုဂံမင်းလက် ထက် ၁၈၅၂ ခုနှစ်မှာ အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲဖြစ်ပါတယ်။ မြန်မာတွေဖက်က တိုက်ချင်တဲ့ စစ်ပွဲမဟုတ် သလို၊ စစ်တိုကဖို့လည်း အဆင်သင့် ရှိမနေခဲ့ပါဘူး။ ရန်ကုန်မြို့ဝန်က အင်္ဂလိပ်သင်္ဘော ကပ်ပတိန် ၂ ဦးကို အကောက်ခွန်ဥပဒေချိုးဖောက်မှုနဲ့ ဒဏ်ရိုက်ပါတယ်။ ဒီကိစ္စအပေါ်ကို ဗြိတိသျှ-အိန္ဒိယဘုရင်ခံ လော့ဒ် ဒါလဟိုစီ က ဒဏ်ရိုက်တာကို ပြန်ရုပ်သိမ်းဖို့၊ ရန်ကုန် မြို့ပိုင်ကို အရေးယူဖို့ ရာဇသံပို့ပါတယ်။ မြန်မာအာဏာပိုင်တွေ ဖက်က လိုက်လျောပေမယ့်လည်း ဗြိတိသျှ ရေတပ်ဗိုလ် ကော်မိုဒို လမ်းဘတ်က သူ့သဘောနဲ့သူ မြန်မာ ဆိပ်ကမ်းတခုလုံးကို ပိတ်ဆို့ထားလိုက်ပြီး၊ မလွှဲမရှောင်သာ စစ်ပြင်ရတဲ့ အတွက် ကုန်ကျစရိတ်လျော်ကြေး ရူပီး တသန်းတောင်းပါတယ်။ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီးမှာတော့ မြေထဲဒေသအထိ အောက်မြန်မာနိုင်ငံ တခုလုံးက အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ရပါတယ်။

အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအတွင်းမှာပဲ မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားတို့ ညီအစ်ကိုက နန်းတွင်း အာဏာသိမ်းမှု ပြုကြပြီး မင်းတုန်းမင်းဘုရင် ဖြစ်လာခဲ့ပါတယ်။ ယခင်ဘုရင်ဖြစ်တဲ့ ပုဂံမင်းကလည်း အရည် အချင်းနဲတဲ့ ဘုရင်ဖြစ်လို့ နန်းတော် ထဲက မှူးကြီးမတ်ရာတွေကလည်း မင်းတုန်းမင်းသားဖက်က ပူးပေါင်းကူညီ ခဲ့ကြပါတယ်။ မင်းတုန်းမင်းနန်းတက် လာတဲ့အချိန်မှာ အင်္ဂလိပ်ကိုလိုနီအရိပ်မဲက မြန်မာနိုင်ငံတဝက်သာမက၊ တခုလုံးကို လွှမ်းမိုးခြိမ်းခြောက်နေပြီလို့ ပြောရမယ့် အချိန်ပါ။ ဒီအချိန်မှာ သူလုပ်စရာကျန်တာက မြန်မာ့မင်း နေပြည်တော်က လွတ်လပ်တဲ့အချုပ်အခြာ အာဏာပိုင်တခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး ရုန်းကန်ကြိုး ပမ်းရသလို၊ တချိန်က ခေတ်နောက်ကျခဲ့လို့ စစ်ရှုံးရတာကို သင်ခန်းစာယူပြီး ခေတ်မီ ရေး၊ ပြုပြင်ပြောင်းလဲ ရေး ကြိုးပမ်းချက်တွေ အားသွန်လုပ်ရပါတော့တယ်။

မင်းတုန်းမင်းက သီလ၊ ပညာ၊ အမြော်အမြင်နဲ့ ပြည့်စုံတဲ့ မင်းကောင်းမင်းမြတ်လို့ သိကြပါတယ်။ သူ့လက်ထက်မှာ ရွှေတိဂုံ စေတီ ထီးတော်သစ်တင်တာ၊ ပဉ္စမသင်္ဂါယနာတင်တဲ့ ကိစ္စတွေကြောင့် ဗုဒ္ဓြွဘာသာကို ရိုသေကိုင်းရှိုင်းသူ မင်းအဖြစ် လူသိများ လှပါတယ်။ ဒါပေမယ့် မင်းတုန်းမင်းဆောင်ရွက်ခဲ့တဲ့ ခေတ်မီရေး၊ အုပ်ချုပ်စီမံခန့်ခွဲရေး ကိစ္စတွေ ပြုပြင်ပြောင်းလဲမှု တွေကို တော့ လူပြောနည်းလှပါတယ်။ မင်းတုန်းမင်းက ဗုဒ္ဓဘာသာ သာမက ကျန်တဲ့ မူစလင်၊ ခရစ်ယာန်ဘာသာတွေကိုလည်း ချီးမြေ‡ာက်ခဲ့ပါတယ်။ နန်းတော် ထဲမှာ မူစလင်ပလီ၊ ခရစ်ယာန် ဘုရင်ဂျီကျောင်း တွေကိုလည်း ဆောက်စေခဲ့ပါတယ်။ တကယ်တော့ မင်းတုန်းမင်းက ခေတ်နောက်ကျနေပြီလို့ သိတဲ့ မြန်မာနိုင်ငံကို ဖက်ပေါင်းစုံက ခေတ်မီရေး ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။

သူက သူ့ညီ နန်းသိမ်းဖက် ကနောင်မင်းသားကို အိမ်ရှေ့မင်းသား အရာပေးပြီး အုပ်ချုပ်ရေး၊ ပြည်တွင်းလုံခြုံရေး၊ စစ်တပ်ကို ခေတ်မီလက်နက်တပ်ဆင်ရေး၊ စက်မှုထွန်းကားရေးကိစ္စတွေကို လုပ်စေခဲ့ပါတယ်။ ခေတ်ပြောင်းနေတဲ့ ဥရောပရဲ့ အခြေ အနေကိုလည်း လိုက်မီသူပါ။ သူနဲ့ခေတ်ပြိုင်ပြုပြင်ရေး လုပ်ခဲ့ကြသူတွေမှာ အီဂျစ်က မာမက် အာလီ၊ ဆိုင်ယံ (Siam) လို့ခေါ်တဲ့ ထိုင်းနိုင်ငံက မောင်းကွတ်ဘုရင်၊ ဂျပန်က မေဂျီဘုရင်တွေလည်း ပါဝင်ခဲ့ကြပါ တယ်။ ဂျပန်နိုင်ငံက မေဂျီပြုပြင်ပြောင်းလဲ ရေး က ၁၈၆၈ ခုနှစ်မှ စတာဖြစ်လို့ မြန်မာနိုင်ငံက ခေတ်ရှေ့မပြေးဖူး ဆိုရင်တောင် ခေတ်နောက် မကျခဲ့ဘူးလို့ ဆိုရင် ရနိုင်ပါ တယ်။

မင်းတုန်းမင်းနဲ့ ကနောင်မင်းသားက အနောက်တိုင်းက စက်မှုသိပ္ပံနည်းပညာတွေရဖို့ နန်းတော်ထဲက မြန်မာ လူငယ် ၉ဝ ကျော်ကို ပညာတော်သင် စေလွှတ်ခဲ့ပါတယ်။ အချို့ကို အိမ်နီးချင်းအိန္ဒိယကို ပို့သလို၊ အချို့ကို အီတလီ၊ ပြင်သစ်၊ ဂျာမဏီအထိ စေလွှတ် ပညာသင်စေခဲ့ပါတယ်။ ၁၈၇ဝ မှာတော့ အင်းဝရွှေနန်းတော်မှာ နိုင်ငံခြားပညာတတ် အတော် များများ ရှိနေပြီလို့ ဆိုကြပါတယ်။ ဒါတင်မက ဖန်ထည်၊ ချည်ထည်၊ မဲနယ်၊ သံရည်ကြိုစက် စသဖြင့် စက်ရုံ (၅ဝ) ကျော် တည်ဆောက်စေခဲ့ ပါတယ်။ အရင်က တူမီး သုံးခွေစွပ် သေနတ် တွေလောက်သာ ရှိခဲ့တဲ့ တပ်မတော်အတွက် ရိုင်ဖယ်သေနတ်တွေနဲ့ ခဲယမ်း စက်ရုံတွေလည်း တည်စေခဲ့ပါ တယ်။ အရင်က ရာစု၊ ထောင်စု စသဖြင့် မြို့တွေ၊ နယ်တွေအလိုက် စစ်သားဆင့်စေတဲ့ စနစ် ကနေ ပုံမှန် တပ်မတော်တရပ်အဖြစ် စုဖွဲ့ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အောက် မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလိပ်မင်းကြီး ဆာအာသာ ဖဲယား မန္တလေးနေပြည်တော်လာတဲ့အချိန်မှာ စစ်သားအင်အား ၁ဝ,ဝဝဝ ကျော်နဲ့ စစ်အင်အားပြနိုင်ခဲ့တယ်လို့လည်း မှတ်တမ်း တွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဆက်သွယ်ရေးစနစ်ဖက်မှာလည်း မန္တလေးကို ဗဟိုပြုပြီးတော့ ဧရာဝတီမြစ်ရိုးတလျှောက်မှာ ကြေးနန်းပို့တဲ့ စနစ်တွေ ထူထောင် ထားနိုင်ခဲ့ပါတယ်။ ဒါတင်မကပါဘူး။ အုပ်ချုပ်ရေးစနစ်တွေကိုလည်း အကြီးအကျယ် တော်လှန် ပြင်ဆင်ခဲ့ ကြပါ တယ်။ ယခင်က မြို့စား၊ ရွာစားစနစ်တွေကို ဖျက်ပြီး အုပ်ချုပ်ရေးကို ဗဟိုချုပ်ကိုင်မှု ပိုရဖို့ ပြင်ဆင်ဖွဲ့စည်းစေခဲ့ပါတယ်။ အခွန်စနစ်ကို ပိုလို့စနစ်ကျအောင် ပြုပြင်ပြီး မြို့စားတွေက လခစားတွေ ဖြစ်လာပါတယ်။ ယခင်နန်းတော်ထဲက ဖွဲ့စည်းပုံ အဟောင်းတွေကိုလည်း ဖျက်ပစ်ခဲ့ပါတယ်။ အုပ်ချုပ်ရေး အာဏာစီးဆင်းပုံ လမ်းကြောင်း ပိုမိုစနစ်ကျလာစေဖို့၊ အုပ်ချုပ်ရေးအတွက် နယ်ပယ်တွေ သတ်မှတ်ဖို့ စနစ် တကျပြင်ဆင်ခဲ့ကြပါတယ်။ ခေတ်မီ ပညာတွေကို အငမ်းမရ ငတ်မွတ် နေကြတဲ့ ကနောင်မင်းသား၊ ယောမင်း ကြီး ဦးဘိုးလှိုင်၊ မက္ခရာမင်းသားကြီးတို့က (Encyclopedia Britannica) လို့ခေါ်တဲ့ စွယ်စုံကျမ်းကိုတောင် အကုန် ဘာသာပြန်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အရှိန်အဟုန် ကောင်းကောင်းနဲ့ ပြုပြင်ပြောင်းလဲခေတ်မီဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါ့အပြင် မြန်မာမင်းနေပြည်တော်ကို အချုပ်အခြာ အာဏာပိုင်တခုအနေနဲ့ အသိအမှတ် ပြုဖို့ ကင်းဝန် မင်းကြီးဦးဆောင်တဲ့ သံအဖွဲ့ကိုလည်း အင်္ဂလန်၊ ပြင်သစ်နိုင်ငံတွေဆီ စေလွှတ်ကြိုးပမ်းခဲ့ပါ သေးတယ်။

ဒါပေမယ့်လည်း မင်းတုန်းမင်းရဲ့ ခေတ်မီပြောင်းလဲရေး လုပ်ငန်းတွေ မအောင်မြင်ရတာကို စာရေးသူ ဦးသန့်မြင့်ဦးက အချက် ၃- ချက် သုံးသပ်ခဲ့ပါတယ်။ ပထမအချက်ကတော့ ဗြိတိသျှတွေကိုယ်၌က ပင်လယ် ရေလမ်းကို ပိတ်ဆို့ထားခဲ့ပြီး မြန်မာနိုင်ငံကို လွတ်လပ်စွာ ကုန်သွယ်ခွင့် မပြုခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒုတိယ တချက်ကတော့ အိမ်နီးချင်း တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ် ထဲက ပြဿနာပါ။ ယူနန်ပြည်နယ်မှာ မူစလင် ပန်းသေးတွေ ပုန်ကန်ထကြွမှုဖြစ်လို့ တရုတ်အင်ပိုင်ယာ ပြည့်ရှင်က အသိ အမှတ်မပြုရ၊ စီးပွားပိတ်ဆို့ဖို့ကို မြန်မာဘုရင်ထံ တောင်းဆိုလာလို့ လိုက်လျော ခဲ့ရပါတယ်။ ဒီအချိန်မှာ မြန်မာပြည် ဝင်ငွေ ရပေါက်ရလမ်း ကောင်းနေတဲ့ ဝါဂွမ်းကုန်သွယ်ရေးကိုလည်း လက်လွှတ်လိုက်ရပါတယ်။ ကုန်းတွင်းပိုင်း ကုန်သွယ်ရေးက ဝင်ငွေ တွေလည်း ခမ်းခြောက်ခဲ့ရပါတော့တယ်။ အောက်မြန်မာပြည်ကျကတည်းက မြန်မာနိုင်ငံမှာ ဆန်အပိုအလျှံ နည်းလာ တော့ ဝါဂွမ်းကုန်သွယ်ရေးကိုသာ အားထားနေခဲ့ရတဲ့ ကာလ ဖြစ်ပါတယ်။ တတိယအချက်ကတော့ မန္တလေးနန်းတွင်းမှာ ဖြစ်လာတဲ့ ပုန်ကန် ထကြွမှုတွေကြောင့်ပဲ ဖြစ်ပါတော့တယ်။ မင်းတုန်းမင်းရဲ့သားတော်တွေ ဖြစ်တဲ့ မြင်းကွန်း၊ မြင်းခုန်တိုင် တို့က ၁၈၆၆ ခုနှစ်မှာ ပုန်ကန် အာဏာသိမ်းဖို့ ကြိုးစားကြပြီး၊ အိမ်ရှေ့စံ ကနောင်မင်းသားကြီးကို လုပ်ကြံခဲ့ကြပါတယ်။ နောက်တခါ ကနောင် မင်းသားရဲ့ သား ပတိန်းမင်းသားကလည်း ပုန်ကန်ထကြွပြန်ပါတယ်။ ဒီအရေးတွေကို အောင်မြင်ခဲ့ သော်လည်း နန်းတော်အတွင်းမှာ အတော်ချိနဲ့ သွားခဲ့ရပါတယ်။

နောက်တပတ်မှာတော့ ကိုလိုနီခေတ် အပြောင်းအလဲနဲ့ မလွဲမရှောင်သာကြုံတွေ့ခဲ့ရပုံတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ယောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s