ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၁၄)။ ကုန်းဘောင်နှောင်းပိုင်း

Posted: July 8, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ နောက် တခန်းကိုတော့ သူက “မန္တလေး” ဆိုပြီး ဆက်လက်တင်ပြခဲ့ပါတယ်။ အရင်တပတ်က မင်းတုန်းမင်းဘုရင်ရဲ့ ခေတ်ပြင်ရေး ကြိုးပမ်းချက်တွေကို ဖော်ပြခဲ့ပါတယ်။ အခု တပတ်မှာတော့ မင်းတုန်းမင်းနောက်ပိုင်း သီပေါမင်းကာလ တိုင်းပြည်ဆုံးရှုံးခဲ့ရတဲ့ အခြေအနေတွေ တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
မင်းတုန်းမင်းကြီးက ကုန်းဘောင်ခေတ် မြန်မာနိုင်ငံမှာ နိုင်ငံခေတ်မီစေဖို့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ အားကျိုး မာန်တက် လုပ်ဆောင်ခဲ့ပေမယ့်လည်း၊ သူအားကိုးရတဲ့ ညီတော်သူ အိမ်ရှေ့မင်းသား ကနောင် မင်းသားကြီး လုပ်ကြံခံရပြီး နောက်ပိုင်းမှာတော့ သူလည်း လက်ရုံးတဖက်ပြုတ်သလို ဖြစ်ခဲ့ရပါတယ်။ ဒီနောက် ပိုင်းမှာတော့ ဘာသာရေးကိစ္စတွေမှာပဲ ပိုလို့ အချိန်ပေးခဲ့သလို၊ ကျန်းမာရေးလည်း ကျဆင်းလာခဲ့ပါတယ်။ အရင်ကာလ တွေတုန်းက ဘုရင့်အာဏာ ဆက်ခံမယ့် သူကို အာဏာလွှဲပြောင်းရေးက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ခဲ့ ပေမယ့် အခုအခါမှာ အင်္ဂလိပ်ကိုလိုနီ အရိပ်မဲ ထိုးနေတဲ့ အချိန်မှာ ခြေပုန်းခုတ်မှုတွေ၊ မယုံကြည် သံသယမှုတွေ ကလည်း ပိုလို့ များလာနေပါတယ်။ မင်းတုန်းမင်းရဲ့ သားတော် ၂ ပါးဖြစ်တဲ့ မြင်ကွန်း၊ မြင်းခုံတိုင် မင်းသား တွေကိုယ်တိုင်က ပုန်ကန်ထကြွ နန်းသိမ်းဖို့ ကြံထားဖူး တော့လည်း ပိုလို့ စိတ်မအေးစရာ ဖြစ်နေရပါတယ်။

ဒီလိုနဲ့ ၁၈၇၈ ခုနှစ် နှောင်းပိုင်းမှာ မင်းတုန်းမင်းကြီး ရုတ်တရက် ကွယ်လွန်ပါတယ်။ မင်းတုန်းမင်းကြီး နာမကျန်း ဖြစ်နေတဲ့ အချိန်မှာ အနားကို ဘယ်သူမှ အကပ်မခံဘဲ မှူးကြီးမတ်ရာအချို့နဲ့ မိဘုရားကြီးတွေကသာ ဝိုင်းရံစောင့်ရှောက် နေကြပါတယ်။ ဒီအချိန်မှာဘဲ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ သီပေါမင်းသားကို ဘုရင်အဖြစ်ရွေးချယ်လိုက်ကြောင်း သတင်းထွက်ပေါ် လာခဲ့ပါတယ်။ တကယ်ကတော့ သီပေါမင်းသားကို နန်းတင်လိုက်ကြတာဟာ ကင်းဝန်မင်းကြီး ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲ ရေး သဘောထားရှိသူ ဝန်ကြီးတွေက တဖက်၊ အလယ်နန်းဆောင် မိဘုရားကြီး ဆင်ဖြူမရှင် ခေါ် နန်းမတော်မယ်နု၊ နောက် တော့ မိဘုရားခေါင်ကြီး ဖြစ်လာသူ အသက် ၁၈-နှစ်အရွယ် သူ့သမီး စုဖရားလတ်၊ တိုင်တားမင်းကြီးတို့က တဖက် ပူးပေါင်းကြံစည်ခဲ့ကြ ပါတယ်။ နောက်ပိုင်းမှာ ဒီလိုအုပ်စုတွေအကြား နန်းတွင်းမှာလည်း အာဏာချိန်ခွင်လျှာက ဟိုသည် ဖက်ပြောင်းလို့ နေခဲ့ပါတယ်။

သီပေါမင်းဘုရင်ဖြစ်လာပြီး တလအကြာမှာတော့ တောင်ဥယျာဉ် နန်းဆောင်မှာ ကင်းဝန်မင်းကြီးနဲ့ အခြား မှူးမတ်တွေ အစည်းအဝေးထိုင်လို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို စိတ်တိုင်းကျ စီမံခဲ့ကြပါတယ်။ အဲသည် အချိန်မှာ မင်းတုန်းမင်း နာမကျန်းဖြစ်စဉ်ကတည်းက အကျဉ်းချထိန်းသိမ်းထားတဲ့ မင်းသားနဲ့ မင်းဆွေမင်းမျိုး ၄ဝ တို့ သည်အတိုင်း ရှိနေကြပါ သေးတယ်။ ဝန်ကြီးဌာနတွေကိုလည်း ၁၄ ခုထဲသာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ ကက်ဘိနက်ဝန်ကြီးအဖွဲ့ ပုံစံ စီမံခဲ့ကြပါတယ်။ အရင်ဘုရင်က ကြားနာရတဲ့ လွှတ်တော်စနစ်ကိုလည်း ဖျက် သိမ်းခဲ့ကြပါတယ်။ ဘုရင်အသစ်၊ မိဘုရားအသစ် အပါအဝင် အမှုထမ်း၊ အရာထမ်းတွေအတွက် လစာစနစ် ကိုလည်း ပြင်ဆင်ပြဌာန်းခဲ့ကြပါတယ်။ ကင်းဝန်မင်းကြီး၊ မကွေးမင်းကြီး တို့က ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး စီမံကိန်းကိုလည်း တင်သွင်းခဲ့ကြပါတယ်။ ဒီမှာ ဗြိတိသျှတွေနဲ့ လိုက်လျောပြေလည် စေရေး အတွက် အရေးပေါ် လုပ်ဆောင်ရမယ့် စီမံကိန်းတွေ အပါအဝင် လုပ်ငန်း ၃၆ -ခုကို တင်ပြခဲ့ကြပါတယ်။ သူတို့ ကတော့ အနောက်တိုင်းက ပါလီမာန်စနစ်ကို ပုံတူကူးဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘုရင်ကိုလည်း သူတို့ ပြုပြင်ပြောင်းလဲရေး အစုရဲ့ သဘောထားတွေကို လက်ခံလာအောင် စည်းရုံးဖို့ ကြိုးစား ခဲ့ကြပါတယ်။ သီပေါဘုရင်အတွက် ယောအတွင်းဝန်ကိုယ်တိုင် ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးပြီး ဘုရင်တွေ လိုက်နာရမယ့် မူတွေ သွန်သင် ခဲ့ပါသေးတယ်။ သီပေါဘုရင်ကိုလည်း ပြောင်းလဲလာတဲ့ ကမ္ဘာ့ အခြေအနေတွေကို မျက်ဝါးထင်ထင် တွေ့နိုင်ဖို့ ဥရောပကို အလည်အပတ်ခရီးစဉ် တခုကိုလည်း ၁၈၇၉ ခုနှစ်မှာ စီစဉ်ခဲ့ကြပါသေး တယ်။ ဒါပေမယ့် ဒီခရီးစဉ်က မဖြစ်ခဲ့ပါဘူး။ သီပေါ မင်းမရှိတဲ့အခါ အခြားမင်းကို နန်းတင်ရင် မခက်ဖူးလားဆိုတဲ့ အမေးကြာင့်၊ စိုးရိမ်မှုကြောင့်ပဲ ခရီးစဉ် ပျက်ခဲ့ရပါတယ်။

သည်လိုအခြေအနေကို သီပေါမင်းကိုယ်တိုင်က ၁၈၈၅ ခုနှစ်၊ လန်ဒန်တိုင်းမ်သတင်းစာနဲ့ အင်တာဗျူးတခုမှာ သူကိုယ်တိုင် သူ့ဝန်ကြီးအဖွဲ့ရဲ့ အကျဉ်းသားလို ဖြစ်နေရတယ်ဆိုပြီး ထိန်းချုပ်ခံရတဲ့ အခြေအနေကို ပြန်ပြောပြ ခဲ့ပါတယ်။

ဒီအဖြစ်က အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ကွာခြားခဲ့ပါတယ်။ မောင်းကွတ်ဘုရင် ဆုံးပါးပြီး ဘုရင်သစ်ဖြစ်လာတဲ့ အသက် ၁၅ -နှစ်အရွယ်၊ ချူလာလောင်ကောင်ဘုရင်က နိုင်ငံခြားခရီး အများအပြား သွားခဲ့ရပါတယ်။ စင်္ကာပူ၊ ဂျာဗား၊ အိန္ဒိယနဲ့ ဥရောပကိုလည်း ၂-ကြိမ် ခရီးထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ချူလာလောင်ကောင် ဘုရင် ကိုယ်၌က ဦးဆောင်ပြီး ထိုင်း လူမှုအဖွဲ့အစည်းနဲ့ အစိုးရမှာ အပြောင်းအလဲတွေ အများအပြား လုပ်လာခဲ့ပါ တော့တယ်။

တကယ့်တကယ် နန်းတွင်းဝန်ကြီး ရာထူးတာဝန်တွေကို ၁၈၈ဝ ခု၊ ဇူလိုင်လမှာ ပြန်ဖွဲ့စည်းတော့ တကယ်နေရာရသူတွေ က သီပေါမင်းသားရဲ့ ငယ်သူငယ်ချင်းတွေ၊ အခြားအစုက လူတွေ ဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့် ရနောင်မင်းသား မောင်မောင် တုတ်ရဲ့ အစုက လူတွေ ဖြစ်နေခဲ့ပါတယ်။ ကင်းဝန်မင်းကြီးက လွှတ်တော် ဥက္ကဋ္ဌ ရာထူး ဆက်ရပေမယ့်လည်း အာဏာ မရှိတော့ပါဘူး။ ဘုရင်နဲ့ မိဘုရား အသုံးစားရိတ်ကြီးတာကို ပြောင်ပြောင် တင်းတင်းဝေဖန်မိတဲ့ မကွေးမင်းကြီးနဲ့ ရေနံချောင်း မင်းကြီးကိုလည်း လာဘ်စားတယ်ဆိုပြီး ထောင်ချထားခဲ့ပါ တယ်။ နောက်တော့ ပြန်လွှတ်ပေးပြီး မထင်မရှား အငြိမ်းစား ပေးခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ပြုပြင်ပြောင်း လဲရေး အုပ်စု အရေးနိမ့်မှေးမှိန်ခဲ့ရပြီး၊ မိဘုရား စုဖရားလတ်နဲ့ နီးစပ် သူတွေ၊ တိုင်တားမင်းကြီး၊ ရနောင်မင်းသား စတဲ့ “ရှေးရိုးစွဲ သမားရိုးကျ” အစုတွေက အာဏာထက်ခဲ့ပါတော့တယ်။ ဒီနောက်ပိုင်း ၁၈၇၉ ခုနှစ်၊ ဖေဖေါ်ဝါရီ လ ၁၃ ရက်နေ့မှာ ထိန်းသိမ်းထားတဲ့ ဆွေတော်မျိုးတော်တွေကို ကွပ်မျက်တဲ့ကိစ္စ ဖြစ်လာပါတော့တယ်။ ကွပ် မျက်ခံရတဲ့အထဲမှာ မိဘုရား ၂၄ ဦး၊ မင်းတုန်းမင်းရဲ့သားတော် ၄၈ ဦးအနက်က ၃၁ ဦးနဲ့ သမီးတော် ၆၂ ဦးရှိ တဲ့ အနက် ၉ ဦးတို့ အပါအဝင် ကွပ်မျက်သတ်ဖြတ်ခံကြရပါတယ်။

ဒီသတင်းကြားရ တဲ့အခါ အနောက်တိုင်းနိုင်ငံတွေက အံအားသင့် သွေးပျက်ခဲ့ကြရပါတယ်။ သီပေါမင်းကိုလည်း အရက် မူးယစ် နေပြီး၊ သွေးစွန်းပေနေတဲ့ အာဏာယစ်မူးသူ မင်းတပါးသဖွယ် ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒီလို သွေးထွက်သံယိုမှု ကို အကြောင်းပြုလို့ အင်္ဂလိပ်-မြန်မာနယ်စပ်၊ ပြည်ဒေသမှာလည်း ဗြိတိသျှတွေက တပ်တွေ တိုးချဲ့ချထားခဲ့ပါတယ်။

ရနောင်မင်းသား မောင်မောင်တုတ်ဟာလည်း နောက်ပိုင်းမှာ သူရဲ့ ရမ်းကားမှုတွေကြောင့် ဖမ်းဆီး သတ်ဖြတ်ခံ ခဲ့ရပါတယ်။ နန်းတော်ထဲမှာရှိတဲ့ နိုင်ငံရေး အုပ်စုဖွဲ့မှုတွေက ပြောင်းလဲနေခဲ့ပါတယ်။ တိုင်တားမင်းကြီးကလည်း ရနောင်မင်းသားနဲ့ခွာပြီး ကင်းဝန်မင်းကြီး၊ မိဘုရား စုဖရားလတ်တို့နဲ့ ပြန်ပေါင်းမိလာပါတယ်။ အခုအချိန်မှာ သြဇာအကြီးဆုံးက မိဘုရားခေါင်ကြီး စုဖရားလတ် ဖြစ်လာပါတော့တယ်။ အုပ်ချုပ်ရေးစနစ် ပြုပြင်လို့ နှစ်ပေါင်း ၃ဝ ကျော် အင်းဝရွှေနန်းတော်က ဗဟိုချုပ်ကိုင်မှု ရအောင် ကြိုးစားပေမယ့်၊ အုပ်စု ဂိုဏ်းဂဏပြဿနာတွေ ကြောင့် မအောင်မြင်တော့ပါဘူး။ အရင်ရှိထားတဲ့ ရိုးရာ အစဉ်အလာ အရ၊ အာဏာ ရှိသူတွေ၊ မြို့သူတွေကြီး တွေရဲ့ အာဏာကို လျော့ချစေတာမျိုးသာ ဖြစ်ခဲ့ပြီး အုပ်ချုပ်ရေး ပျက်ပြားတာသာ အဖတ်တင်ခဲ့ပါတော့တယ်။ နန်းတော်ထဲက အချို့လူတွေ ကျောထောက်နောက်ခံပေးထားတဲ့ အစုတွေက ရမ်းကားနေကြတာ အပါအဝင် ခိုးဆိုးဆူပူမှုတွေလည်း များလာပါတယ်။ အခွန်အကောက်တွေလည်း လျော့ကျလာ နေခဲ့ပါတယ်။ စုဖရားလတ်က သီပေါမင်းကို တလင်တမယား စနစ်ဖြစ်စေဖို့ အတင်းအကျပ်တွန်းအားပေးတာကြောင့်လည်း အရင်က ဆွေမျိုး ချိတ်ဆက်မှု တွေနဲ့ တည်ဆောက်ထားခဲ့တဲ့ သြဇာသက်ရောက်မှုတွေလည်း ပျက်ကုန်ပါတယ်။ အထူး သဖြင့် ရှမ်းပြည်မှာ သစ္စာမခံတဲ့ ကိစ္စတွေ ပေါ်လာစေပါတယ်။

နောက်ဆုံး လွတ်လပ်ရေး မဆုံးရှုံးရခင် အခြေအနေမှာတော့ အခြေအနေက အဖက်ဖက်က ယိုယွင်းကျဆင်းနေ ပြီလို့ ဦးသန့်မြင့်ဦးက သုံးသပ်ခဲ့ပါတယ်။ သီပေါမင်း ပါတော်မူ အခြေအနေကို ပထမပိုင်းကာလတွေက ကျနော် တင်ပြခဲ့ပါတယ်။ အချို့ဝေဖန်သူတွေကတော့ စုဖရားလတ်ရဲ့ ခေါင်းမာမှု၊ ကမ္ဘာ့အခြေအနေကို မပါးနပ်မှုကြောင့် လွတ်လပ်ရေး ဆုံးရတယ်။ အချို့က ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်ဆိုပြီး ဗြိတိသျှတွေကို လိုက်လျောစေ့ စပ်လိုသူ ကင်းဝန်မင်းကြီးကို အပြစ်ဆို ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဆရာမြသန်းတင့်ကတော့ ဒီကာလ အခြေ အနေတွေကို သူသုံးသပ်ရေးခဲ့တဲ့ “တောင်သမန် ရွှေအင်းက လေညှင်းဆော်တော့” စာအုပ်မှာ ဒီလို ပြစ်တင်ဝေဖန် မှုတွေက မမျှတကြောင်း သုံးသပ်ခဲ့ပါ တယ်။ တကယ်က ကိုလိုနီပြုဖို့ ကြံလာတဲ့ ဗြိတိသျှတွေကို ဘယ်လိုအခြေ အနေဖြစ်ဖြစ် ပြောင်းပြန်လှန်ဖြစ်လာဖို့ ခက်ခဲလှပါတယ်လို့ ဆိုခဲ့ပါတယ်။

နောက်တပတ်မှာတော့ မန္တလေးပြဇာတ်ရှည် တခန်းရပ်ပြီး ဆက်ဖြစ်လာတဲ့ အပြောင်းအလဲ ကိုလိုနီခေတ် အခြေအနေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ယောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s