ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၁၅)။ စင်ဒရဲလား ပုံပြင်

Posted: July 9, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ နောက် တခန်းကိုတော့ သူက “အပြောင်းအလဲ” ဆိုပြီး ဆက်လက်တင်ပြခဲ့ပါတယ်။ အင်္ဂလိပ် ကိုလိုနီဖြစ်ရပြီးတဲ့ ကာလ သီပေါမင်းနဲ့ မိဘုရား စုဖရားလတ် ကို အိန္ဒိယနိုင်ငံကို ပို့ခဲ့တဲ့ အကြောင်းရယ်၊ မြန်မာပြည်မှာ ကိုလိုနီစနစ်ကြောင့် အပြောင်းအလဲတွေ ဖြစ်လာပုံကို တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
ဗြိတိသျှတပ်တွေက မြန်မာတနိုင်ငံလုံးကို သိမ်းပိုက် ကိုလိုနီပြုခဲ့ပြီးကြတဲ့နောက်ပိုင်းမှာ သီပေါ ဘုရင်နဲ့ မိဘုရား ကိုလည်း အိန္ဒိယနိုင်ငံ၊ ဂိုအာဆိပ်ကမ်းတောင်ပိုင်းက ပင်လယ် ဆိပ်ကမ်းမြို့ ရတနာဂီရိကို ပို့ခဲ့ပါတယ်။ အဲသည်မှာပဲ သီပေါဘုရင်က အသက် ၅၆ နှစ်အရွယ် ၁၉၁၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ မြန်မာ့မြေပေါ်ကို ပြန်ခြေချခွင့် မရခဲ့ပါဘူး။ အလားတူပါပဲ ကျန်တဲ့ မင်းညီမင်းသားနဲ့ မှူးကြီးမတ်ရာ အများစုကိုလည်း နယ်နှင်တာ၊ ပြည်ပ ပို့တာ လုပ်ခဲ့ကြပါတယ်။

မင်းဆွေမင်းမျိုးတွေကို မန္တလေးမြေကို ပြန်မလာရဘူးလို့ ညွှန်ကြားချက်တွေ ထုတ်ခဲ့ ကြတယ်လို့လဲ ဆိုပါတယ်။ ကိုလိုနီ ဗြိတိသျှတွေရဲ့ မူဝါဒကတော့ မြန်မာနိုင်ငံမှာ ဘုရင်စနစ်ကို အမြစ်ကနေ နှုတ်ဖို့ ဖြစ်ပြီး၊ အလောင်းဘုရား ဦးအောင်ဇေယျ အနွယ်တစုလုံးကို မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ နောက်တချိန် နေရာ ပြန်မရစေရေးအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ ယခင်က လွှတ်တော်ဝန်ကြီး၊ နန်းတွင်းက အရာရှိတွေကို အုပ်ချုပ်ရေး ကိစ္စတွေမှာ ပြန်မသုံးကြတော့ပါဘူး။ သူတို့ကို တောင်ပိုင်း ထားဝယ်၊ မော်လမြိုင်၊ စသည့် နယ်မြို့ တွေကို ဖြန့်ခွဲပို့ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကလည်း ဗြိတိသျှကိုလိုနီအိန္ဒိယရဲ့ ပြည်နယ် တခုအဖြစ် သတ်မှတ်အုပ် ချုပ်ခဲ့ကြပါတယ်။

ကိုလိုနီစနစ် မြန်မာ့မြေပေါ် ရောက်လာချိန်က စလို့ မြန်မာ့လူမှုအဖွဲ့အစည်းတခုလုံးလည်း လုံးဝနီးပါး ပြောင်းလဲ သွားခဲ့ရပါ တယ်။ ယခင်နန်းတော်ထဲက အမှုထမ်း၊ အသည်သားတွေကလည်း တနယ်တကျေး၊ အောက်ပြည် အောက်ရွာဖက်ကို ပြောင်းရွှေ့အခြေချလာခဲ့ကြပါတယ်။ ကျန်တဲ့ မြို့စား၊ ရွာသူကြီး၊ ကျေးကျွန် စသဖြင့်ဟာလည်း သာမန်လယ်သမား အရပ်သား တွေလိုပဲ ရောနှောခဲ့ကြပါတော့တယ်။ ယခင်နန်းတော်ထဲက စစ်ရည် စစ်သွေးထက်မြက်သူတွေကိုလည်း ဗြိတိသျှတွေက ပြန်မသုံးကြတော့ပါဘူး။ အလားတူ မြန်မာ့လူ့အဖွဲ့အစည်း မှာ အရေးပါတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ အခန်းကဏ္ဍ ကလည်း အရင်လို မရှိကြတော့ဘဲ ပြောင်းလဲခဲ့ ပါပြီ။ ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကို အခု အသစ် ရောက်လာတဲ့ အစိုးရကျောင်း၊ ခရစ်ယာန် စာသင် ကျောင်းတွေနဲ့ အစားထိုးခဲ့ကြပါပြီ။ အဲဒါအပြင် အခြားယဉ်ကျေးမှု ကိစ္စ တွေမှာလည်း ပြောင်းလဲခဲ့ပါတယ်။ ထိုးကွင်းမင်ကြောင်ထိုးတာတွေ အတွေ့ရနည်းလာပြီး၊ ယောက်ျားတွေကလည်း အရင်ကလို ဆံရှည် မထားကြ တော့ဘဲ ဆံပင်တို ဘိုကေနဲ့ ဖြစ်လာခဲ့ပါတယ်။ ဒီနေ့ မြန်မာတွေဝတ်စုံအဖြစ် သတ်မှတ် ထားတဲ့ ကော်လာတုံး ရှပ်အင်္ကျီနဲ့ ပုဆိုး၊ ထဘီ ဝတ်ဆင်မှုတွေလည်း စတင်ဖြစ်လာပြီး ပြောင်းလဲလာခဲ့ရပါတယ်။

ဒါထက်ပိုလို့ ပြောင်းလဲခဲ့တာကတော့ မြန်မာနိုင်ငံထဲကို အလုံးအရင်း အခြေချလာကြတဲ့ အိန္ဒိယတွေရဲ့ ပြောင်းရွှေ့အခြေချမှု တွေနဲ့ စီးပွားရေးစနစ်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အိန္ဒိယက သမိုင်းအရဆိုရင် မဝေးကြပါ ဘူး။ အိန္ဒိယက နန်းပြေးလာ ရတဲ့ မင်းသားတပါးက တကောင်းကိုတည်ထောင်တယ် ဆိုတာမျိုးတောင် ဆိုရိုး ရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကိုလိုနီ ဖြစ်ပြီးတဲ့ ကာလမှာတော့ အိန္ဒိယကနေ အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍ တွေမှာ ဝင်လုပ်မယ့် ပညာတတ်တွေ၊ ကုန်သည်တွေ အပါအဝင် လုပ်သားတွေလည်း အများအပြား မြန်မာနိုင်ငံထဲ အခြေချလာခဲ့ကြပါတော့တယ်။ အထူးသဖြင့် ချစ်တီး လို့ခေါ်တဲ့ မြန်မာတွေ အသိများကြတဲ့ အိန္ဒိယတောင်ပိုင်းသားတွေသာမက အခြားဒေသတွေကလည်း မြန်မာနိုင်ငံကို ပြောင်းရွှေ့အခြေချ ခဲ့ကြ ပါတယ်။

အဲသည်အချိန်က မြန်မာနိုင်ငံ လူဦးရေဟာ ၁၃ သန်းခန့်သာ ရှိပါလိမ့်မယ်။ ဒါပေမယ့် တဖွဲဖွဲ ဝင်လာမစဲ ဖြစ်နေတဲ့ အိန္ဒိယ တိုက်သားတွေက တနှစ်ကို ၂ သိန်းခွဲလောက် ရှိခဲ့တယ်လို့ ရှိတယ်လို့ ဆိုပါတယ်။ စာရေးသူ ဦးသန့် မြင့်ဦးကတော့ အဲသည် အချိန်က ရန်ကုန်ဆိပ်ကမ်းဟာ အမေရိကန်၊ နယူးယောက်ဆိပ်ကမ်းထွက် ဝင်လာ အခြေချတဲ့သူ ပိုများတယ်လို့ သုံးသပ် ဖော်ပြခဲ့ပါတယ်။

ဝင်လာတဲ့ အိန္ဒိယန်းတွေကြောင့် မြန်မာ့လူမှုအဖွဲ့အစည်းဟာလည်း တဖုံပြောင်းလဲခဲ့ရပါတယ်။ ရန်ကုန်မြို့ဟာ ဘုံဘေ၊ ကလကတ္တား စသဖြင့် မြို့ကြီးတွေအလား ပျားပန်းခတ်စည်ကားတဲ့ မြို့ကြီးတခု ဖြစ်လာပါတယ်။ ရန်ကုန်မြို့နေ လူဦးရေ တဝက်လောက်ဟာ အိန္ဒိယန်းအနွယ်တွေ ဖြစ်နေခဲ့ပါတယ်။ သူတို့အများစုက ဗျူရိုကရေစီ အုပ်ချုပ်ရေး ဌာန တွေကအစ၊ အောက်ခြေသိမ်း အလုပ်သမားတွေအဆုံး ဝင်ရောက်နေရာယူခဲ့ကြပါ တယ်။ ရန်ကုန်မြို့ဟာလည်း အဲသည်ကာလ ခေတ်ပြိုင် မြို့တော်တွေထဲမှာ ထိပ်ကနေ ရှိနေခဲ့ပါတယ်။ အာရှ မှာ အကောင်းဆုံးဟိုတယ်လို့ သတ်မှတ်တဲ့ စထရင်းဟိုတယ်က အစ၊ နာမည်ကြီးဘဏ်ဖြစ်တဲ့ လွိုက် (Llyod bank) ဘဏ်၊ သောမတ်စ်ကွတ် (Thomas Cook) လို ခရီးသွားလုပ်ငန်းတွေ၊ ရိုးလ် ကုမ္ပဏီလို ကုန်တိုက်ကြီးတွေနဲ့ စည်ကားခဲ့ပါတယ်။ အဲဒါအပြင် လန်ဒန်-ပဲရစ်ကနေ သြစတြေလျတိုက်ကို ပြေးတဲ့ အင်ပီရီယယ် လေကြောင်းလိုင်းက ၁၉၃၃ ခုနှစ်မှာကတည်း က ရန်ကုန်လေဆိပ်ကို ဖြတ်လို့ ပြေးဆွဲနေခဲ့ပါတယ်။

ဒါပေမယ့် ပြည်ပကနေ လူမျိုးခြားတွေ ဝင်လာတာဟာ ဘယ်နိုင်ငံမှာ မဆို တင်းမာမှုတွေ၊ ပြဿနာဖြစ်တာတွေ နဲ့ ကြုံရလေ့ ရှိပါတယ်။ တိုင်းတပါးက အုပ်ချုပ်ခံနေရတဲ့ အချိန်မျိုးမှာ ပိုလို့ ရန်လိုတဲ့အသွင်ကိုလည်း ဆောင်နေ နိုင်ပါတယ်။ မြန်မာတွေက အိန္ဒိယတွေကို အထက်စီးကနေအမြင်နဲ့ နှိမ်လို့ ဆက်ဆံကြသလို၊ တဖက်က ကြောက်ရွံ့နေတာလည်း ရှိခဲ့ပါတယ်။ အကြောင်း က အောက်ခြေသိမ်းလုပ်ငန်းတွေ လုပ်နေတဲ့ အိန္ဒိယန်းတွေရှိ သလို၊ အောင်မြင်နေတဲ့ အိန္ဒိယန်း တွေကိုလည်း အများအပြား မြင်တွေ့နေရလို့ပါပဲ။

ဒါတင်မက နေ့တဓူဝ ဗြိတိသျှတွေရဲ့ ခွဲခြားဆက်ဆံမှုကို ခံနေကြရတော့လည်း အမျိုးသားရေးစိတ်ဓါတ်က ထိပ်တန်း ရောက် လာစေတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ ဦးသန့်ကိုယ်တိုင် ကျောင်းသားဘဝမှာ နယ်မြို့ ပန်းတနော်ကို ပြန်ဖို့ ရန်ကုန်ဆိပ်ကမ်းတခုမှာ ထိုင်နေတုန်း နောက်ကနေ အင်္ဂလိပ်အဖိုးကြီး တယောက်က မပြောမဆို တုတ်ကောက်နဲ့ ရိုက်တာကို ခံခဲ့ရတယ်လို့ မြေးဖြစ်သူ ဦးသန့်မြင့်ဦးက ပြန် ဖော်ပြခဲ့ပါတယ်။ ဦးသန့်ကိုယ်၌က အင်္ဂလိပ် တွေရဲ့ စာပေ၊ ယဉ်ကျေးမှုကို အထင်ကြီးပေမယ့်လည်း ဒီကိစ္စဟာ စိတ်ထဲ နက်နက်ရှိုင်းရှိုင်းရခဲ့တဲ့ ဒဏ်ရာ ဖြစ်စေခဲ့ပါ တယ်။ အလားတူ မြန်မာထဲက ကမ်းဘရစ်ခ်ျကျောင်းဆင်း ဦးတင်ထွဋ်ဟာလည်း ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေးမှာ ထိပ်တန်းနေရာ ယူထားသူပါ။ သူက ရပ်ဘီဘောလုံး ကစားတာလည်း တော်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ဥရောပ တိုက်သား သီးသန့်သာ ဝင်ခွင့်ရတဲ့ ဂျင်မခါနာ ကလပ်လိုဟာမျိုးကို သူဝင်ခွင့်မရခဲ့ပါဘူး။ ဗြိတိသျှ ဘုရင်ခံက သူ့ကို ရပ်ဘီကစားဖို့တောင်းဆိုလို့ သူကစားခွင့်ရသော်လည်း အခြားအဖွဲ့သားတွေနဲ့အတူတူ ကလပ်ထဲမှာ ရေချိုးခွင့် မရခဲ့ပါဘူး။ နောက်ပိုင်းမှာ တော့ ဦးတင်ထွဋ် လည်း လူငယ်တွေနဲ့အတူ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ခြေစုံပစ် ပါလာစေပါ တယ်။

စာရေးသူ ဦးသန့်မြင့်ဦးကတော့ ဗြိတိသျှ ကိုလိုနီသခင်တွေ စဉ်းစားချက်မှာ မြန်မာနိုင်ငံအရေးက ထိပ်တန်း ကနေ ဘယ်တော့ မှ မရှိခဲ့ဖူးလို့ သုံးသပ်ပါတယ်။ မြန်မာပြည်ကိုသိမ်းဖို့ သေချာပြင်ဆင်ခဲ့တာ မရှိသလို၊ သိမ်းပြီးရင် ဘယ်လို စီမံမယ်ဆိုတာလည်း သေချာ စဉ်းစားထားတာ မရှိခဲ့ဖူးလို့ ဆိုပါတယ်။ မြန်မာပြည်မှာ အုပ်ချုပ်ခဲ့တဲ့၊ မြန်မာ့သမိုင်းမှာ ပါခဲ့တဲ့ ဆာ- အာသာဖဲယား၊ စလေဒင်၊ ဘတ်တလာ၊ ဆာ ဒေါ်မန်စမစ် စသဖြင့် ပုဂ္ဂိုလ်တွေက မြန်မာ့သမိုင်းမှာ နေရာ မကျန်ခဲ့တဲ့ အပြင်၊ အင်္ဂလိန်မှာလည်း ဘယ်သူမှ မှတ်မှတ်ရရ ကျန်မနေတဲ့ ပုဂ္ဂိုလ်တွေ အဖြစ် ဆိုခဲ့ပါတယ်။

ကိုလိုနီသခင်တွေ အဖြစ် အုပ်ချုပ်ခဲ့ကြတဲ့ ဗြိတိသျှတွေကတော့ မြန်မာလူမျိုးတွေကို ပျော်ပျော်နေတတ်တဲ့၊ ဘာကိုမှ အလေး အနက်မထားတဲ့၊ စည်းကမ်းလည်း သိပ်မရှိ၊ အလုပ်လည်း သိပ်မကြိုးစားတဲ့ လူမျိုးလို့ မြင်ကြ ပါတယ်။ သူတို့ မှတ်ချက် တွေကို လည်း စာရေးဖော်ပြခဲ့ကြပါတယ်။ မြန်မာတွေက လွတ်လွတ်လပ်လပ်နေလိုသူ တွေ၊ ကိုယ့်ပိုင် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို မြန်နိုးသူတွေ၊ အခြားထူးခြားတဲ့ အရည်အချင်းရှိသူတွေ၊ ဒါကြောင့် လည်း အုပ်ချုပ်ဖို့လည်းခက်၊ သူတို့ဘာသာ အုပ်ချုပ်နိုင် စွမ်းလည်း နည်းသူတွေလို့ ဝေဖန်ခဲ့ကြပါတယ်။ ဒါပေ မယ့်လည်း စိတ်ဝင်စားစရာ ကောင်းတာက ဦးနေဝင်း အစိုးရ ကာလ ကနေ၊ အခု ကာလတိုင် အစိုးရလုပ်နေသူ တွေက မြန်မာလူမျိုးတွေကို ဒီအတိုင်း ဖော်ပြနေကြ သေးတယ်လို့လည်း စာရေး သူက မှတ်ချက်ချခဲ့ပါတယ်။

ဦးသန့်မြင့်ဦးက အချို့အင်္ဂလိပ်ပညာရှင်တွေ ပြောတာကို ကိုးကားပြီး မြန်မာနိုင်ငံကို “စင်ဒရဲလားလိုနိုင်ငံ” အဖြစ်လည်း ဖော်ပြ ခဲ့ကြပါသေးတယ်။ ရုပ်ချော၊ သဘောကောင်း၊ အရည်အချင်းတွေရှိပေမယ့် ဗြိတိသျှတွေ အုပ်ချုပ်စဉ်မှာလည်း မဒရပ်စ်၊ ဘုံဘေ၊ ဘ၈င်္လားစသဖြင့် ညီအမတွေ ကြားထဲမှာ ညှိုးညှိုးငယ်ငယ် ချန်လို့ ပစ်ထားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပိုလို့ ဝမ်းနည်းစရာကတော့ အဲသည်စင်ဒရဲလားက အခုကာလတိုင် သူနဲ့တော်တဲ့ ရွှေဖိနပ်ကို မတွေ့နိုင်သေးဘူးလို့ စာရေးသူက သုံးသပ်ခဲ့ကြောင်းပါ။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ယောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s