ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၁၆)။ အစွန်းရောက်ခေတ်၌ သင်ကြားလေ့လာခြင်း

Posted: July 10, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (River of the Lost Footsteps) စာအုပ်မှာ နောက် တခန်းကိုတော့ သူက “အစွန်းရောက် ခေတ်မှာ သင်ကြားလေ့လာခြင်း” ဆိုပြီး ဆက်လက် တင်ပြခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုမှာ ခေါင်းဆောင်ဖြစ်လာကြရသူ လူငယ် တွေရဲ့ ကြီးပြင်းလာရပုံခေတ်နဲ့ ကမ္ဘာ့အခြေအနေကို နှိုင်းယှဉ် တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား

စာရေးသူ ဦးသန့်မြင့်ဦးက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ မြန်မာတွေရဲ့ အမျိုးသားရေး ဝါဒက ကိုလိုနီခေတ်မှာ ဖွံ့ဖြိုး ကြီးထွားလာရပုံက ပြင်းထန် အစွန်းရောက်တဲ့ခေတ် ကာလမှာ ပေါက်ဖွားလာရတယ်လို့ သုံးသပ်ပါတယ်။ ကိုလိုနီစနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြတဲ့ ခေါင်းဆောင်အများစုဟာလည်း အဲသည်ခေတ်က လွှမ်းမိုးနေခဲ့တဲ့ စစ်သွေးကြွတဲ့ အတွေးအခေါ် အယူအဆတွေကို ဘက်ကို ပိုလို့ထက်သန်ခဲ့တာကို ထောက်ပြ ခဲ့ပါတယ်။

ဒီလိုတင်ပြချက်တွေကိုလည်း သူက အထောက်အထားတွေနဲ့ ဆက်လက် ဆွေးနွေးပြခဲ့ပါတယ်။ တကယ်တော့ အိန္ဒိယ နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုက မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပိုလို့ စောတယ်၊ ရင့်ကျက်မှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာ နိုင်ငံကို အင်္ဂလိပ်က ကိုလိုနီပြု ကျူးကျော်တော့မယ့် ဆဲဆဲ ၁၈၈၅ ခုနှစ်မှာပဲ အင်္ဂလိပ် ကိုလိုနီ ဖြစ်ပြီးသား အိန္ဒိယနိုင်ငံမှာ ပညာတတ်တွေနဲ့ ရှေ့နေ ၇၃ ဦးက ဦးဆောင်ပြီး အိန္ဒိယ အမျိုးသား ကွန်ဂရက်ကို ထူထောင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အဲသည် အိန္ဒိယ လွတ်လပ်ရေးကွန်ဂရက်က အဓိက ခေါင်းဆောင်တွေဖြစ်တဲ့ ဂန္ဒီတို့၊ နေရူးတို့က အိန္ဒိယနိုင်ငံ လွတ်လပ်ရေး အတွက် ဆက်လက် တိုက်ပွဲဝင် ခဲ့ကြပါတယ်။

ဗြိတိသျှတွေက မြန်မာနိုင်ငံကို ကိုလိုနီပြုပြီးတဲ့အခါ ဗြိတိသျှအင်ပိုင်ယာ၊ အိန္ဒိယ ကိုလိုနီနယ်ရဲ့ ပြည်နယ်တခု အဖြစ် ပေါင်းစည်း ထည့်သွင်းခဲ့ကြပါတယ်။ အဲသည်အချိန်မှာ အိန္ဒိယပညာတတ် အများစုဟာလည်း ကိုလိုနီ အုပ်ချုပ်ရေးဌာန အသီးသီးမှာ နေရာယူထားကြပြီး အုပ်ချုပ်ရေးအရ အတွေ့အကြုံ အတော်ရှိနေကြပါပြီ။ ပထမကမ္ဘာစစ်ဖြစ်တဲ့အခါ စစ်ပွဲကာလ ၃-နှစ် တာ အတွင်းမှာ ပို့လွှတ်ခဲ့တဲ့ အိန္ဒိယတပ်မတော်က စစ်သားပေါင်း ၄ သောင်းကျော် အသက်စွန့်ခဲ့ရပြီး၊ ၆ သောင်းကျော် ဒဏ်ရာ ရသည်အထိ ပြင်းပြင်းထန်ထန် တိုက်ခဲ့ရပါတယ်။ အဲသည်တော့ အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်တွေ ကလည်း စစ်ရေး အတွေ့ အကြုံအရပါ ပိုလို့ မိမိဘာသာယုံ ကြည်မှု ရှိလာကြပါတယ်။ သူတို့က ဗြိတိသျှ အာဏာပိုင် တွေပေးတဲ့ အခွင့်အရေး အနည်း အကျဉ်းလောက်နဲ့ သာ မတင်းတိမ်နိုင်တော့ဘဲ ၁၉၁၆ ခုနှစ်၊ လက်ကနောင်းမြို့မှာ ကျင်းပတဲ့ အိန္ဒိယအမျိုးသားကွန်ဂရက်နဲ့ မူဆလင် လိဂ် အစည်းအဝေးမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပြောင်းလဲရေးကို တောင်းဆိုလာကြပါတယ်။ အဲသည် နောက်မှာတော့ အားလုံးသိတဲ့အတိုင်း ဒိုင်အာခီ အုပ်ချုပ်ရေးခေါ်တဲ့ ပူးတွဲ အုပ်ချုပ်ရေးကိစ္စတွေ ဖြစ်လာပါ တယ်။ ဒါပေမယ့်လည်း အိန္ဒိယ နိုင်ငံရေးသမားတွေကတော့ ဟုမ်းရူးခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေးကို ဆက်တောင်း ခဲ့ကြပါတယ်။

မြန်မာနိုင်ငံကိုလည်း အဲသည်အချိန်မှာ ဗြိတိသျှကိုလိုနီ အိန္ဒိယရဲ့ ပြည်နယ်တခုအဖြစ်ကနေ ခွဲထုတ်ခဲ့ကြပါတယ်။ တကယ် တော့ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေး ကိစ္စတွေ ဒီလောက် မလိုအပ်သေးဘူး ဆိုတဲ့ အမြင်နဲ့ ဗြိတိသျှ တွေက သွေးခွဲတဲ့သဘောနဲ့ ခွဲထုတ်ခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာတော့ အမျိုးသားရေး လှုပ်ရှားမှုတွေက ၁၉ဝ၆ ခုနှစ်၊ ဝိုင်-အမ်-ဘီ-အေ (YMBA) ခေါ် ဗုဒ္ဓကလျာဏယုဝ အသင်းကစလို့ လှုပ်ရှားလာပြီး နောက်ပိုင်း ၁၉၂ဝ မှာ ဂျီစီဘီအေ အသင်းကြီး ဖွဲ့နိုင်ခဲ့ကြ ပါတယ်။ ဒါပေမယ့် မြန်မာတွေက ဥပဒေကြောင်း ဆန်ဆန် တောင်းဆိုရတာတွေကို ညီးငွေ့ကြပြီး၊ ပိုလို့ ပြင်းပြင်းထန်ထန် လှုပ်ရှားလိုကြပါတယ်။ သူတို့အဲသည် အချိန်က သဘောကျတာကတော့ ၁၉၁၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အိုင်ယာလန်ရဲ့ သူပုန် တွေကိုပါ။ အိုင်ယာလန် က သူပုန်ထမှု ချေမှုန်းခံရပြီး ကျရှုံးခဲ့ရပေမယ့်လည်း နောက်ပိုင်း ပျောက်ကျားဆန်ဆန် ဆက်လက် တိုင်ပွဲ ဝင်ခဲ့ကြတဲ့ ဆင်ဖိန်းလှုပ်ရှားမှု၊ ခေါင်းဆောင် မိုက်ကယ်ကောလင်းနဲ့ အိုင်ယာလန် ရီပတ်ဘလစ်ကင်တပ်မတော် (IRA) က သူပုန်တွေကို မြန်မာအမျိုးသားရေး လှုပ်ရှားတဲ့သူတွေက အားကျကြပါတယ်။

အဲသည်အချိန်က မြန်မာမျိုးချစ်တွေက သူတို့လှုပ်ရှားမှုအတွက် ကမ္ဘာ့နေရာပေါင်းစုံကို ကြည့်နေ၊ လေ့လာနေ ကြတဲ့ အချိန်ပါ။ အထူးသဖြင့်တော့ အိမ်နီးချင်း အိန္ဒိယနိုင်ငံက လှုပ်ရှားမှုတွေကိုလည်း အလေးထားကြည့်ခဲ့ကြ ပါတယ်။ ဂန္ဒီကြီးရဲ့ အာဏာ ဖီဆန်မှုတွေကို မြင်နေကြရတဲ့အပြင်၊ အိန္ဒိယ အမျိုးသားကွန်ဂရက်ရဲ့ လှုပ်ရှားမှု ကိုလည်း အထင်ကြီး လေးစား ခဲ့ကြပါတယ်။ အဲသည်အချိန်မှာ ၁၉၁၇ ခုနှစ်၊ အောက်တိုဘာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ရုရှား ဘော်လ်ရှီဗစ်တော်လှန်ရေး အပေါ်မှာလည်း အချို့မြန်မာတွေက စိတ်ဝင်တစား စောင့်ကြည့်လေ့လာခဲ့ ကြပါတယ်။

၁၉၂၉ ခုနှစ် ကမ္ဘာ့စတော့ဈေးကွက်ပြိုလဲလို့ စီးပွားပျက်ကပ် ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံကိုပါ ရိုက်ခတ် လာခဲ့ပါ တယ်။ အရင်က တရှိန်ထိုး တိုးတက်နေတဲ့ စပါးအရောင်းတွေ ရုတ်ချည်းကျဆင်းရပြီး၊ ချေးထားတဲ့ ကြွေးမြီတွေ ပြန်မဆပ်နိုင်ကြလို့ ပြဿနာတက်လာရပါတော့တယ်။ သည်အချိန်မှာပဲ ကြွေးမဆပ်နိုင်လို့ လယ်တွေ သိမ်းတဲ့အခါ မြန်မာလယ်သမား အများ ကလည်း မြေမဲ့ယာမဲ့တွေ ဖြစ်လာရပါတယ်။ ဒီလိုနဲ့ သာယာဝတီ နယ်မှာ ဆရာစံဦးဆောင်တဲ့ လယ်သမားသူပုန်ထမှု ဖြစ်လာ ပါတော့တယ်။ ဆင်းရဲငတ်မွတ်နေကြတဲ့ လယ် သမားတွေရဲ့ ပုန်ကန်ထကြွမှုဟာ အင်အား ၃ သောင်းကျော်အထိ တိုးပွားလာ ပြီး၊ အခြားဒေသတွေကိုပါ ကူးစက်ခဲ့ပါတယ်။ ၁၉၃၂ ခုနှစ်တိုင် နှစ်ကျော် ခုခံနေခဲ့ပြီး ဗြိတိသျှတွေက စစ်သားအင်အား ၈,ဝဝဝ ကျော်သာ မက၊ နောက်ထပ် တပ်ရင်း ၇ ခုကို ချလို့ ချေမှုန်းခဲ့ရပါတယ်။ စီးပွားပျက်ကပ်နဲ့အတူ ကုလား-ဗမာ ရိုက်ပွဲတွေ၊ အဓိကရုဏ်းတွေလည်း အကြိမ်ကြိမ် ဖြစ်လာပါတယ်။ မတည်ငြိမ်မှု၊ ဆင်းရဲမွဲတေမှုကြားမှာပဲ ဗမာ အမျိုးသားရေးစိတ်ဓါတ်က ထိပ်တန်းရောက်လာပါတယ်။ အိန္ဒိယလူမျိုးတွေအပေါ်မှာလည်း နိုင်ငံခြားသားအဖြစ် မုန်းတီးတဲ့ စိတ်တွေ ပိုလို့ ဝင်လာခဲ့ပါ တယ်။

၁၉၂ဝ- ၃ဝ ခုနှစ်ကာလ အကြား ကြီးပြင်းခဲ့ကြတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တစုကို ဒီကနေ့ပြန်ကြည့်တဲ့ အခါ တက္ကသိုလ် ကျောင်းမှာ အတူတူကြီးပြင်းခဲ့ကြတဲ့ သူငယ်ချင်းအုပ်စုတခု သဖွယ် ဖြစ်နေတာကို စာရေးသူ ဦးသန့်မြင့်ဦးက ထောက်ပြ ပါတယ်။ နောက်ပိုင်း လွတ်လပ်ရေးခေါင်းဆောင် ဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးနု၊ နောက်ပိုင်း စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း အပါအဝင် စာရေးသူရဲ့အဖိုး ဦးသန့်ဟာလည်း တခေတ်တည်းလောက်မှာ ကြီးပြင်းခဲ့ ကြတဲ့သူပါ။ သူတို့က တက္ကသိုလ်ကျောင်းသားတွေ ဆိုပေမယ့်လည်း ထိပ်တန်းအခွင့်အရေး မခံစားရတဲ့သူ တွေလို့ ဆိုပါတယ်။ ထိပ်တန်းဆိုတဲ့ ကျောင်းသားတွေက စိန့်ဂျွန်ကျောင်းလို အခကြေးကြီးတဲ့ ကျောင်းတွေမှာ တက်ကြ ပါတယ်။ သူတို့ လူငယ် တစုကတော့ မြန်မာနိုင်ငံ ရဲ့ လူလတ်တန်းစား မိသားစုတွေက ပေါက်ဖွားလာကြသလို၊ ကျောင်းသား သပိတ်အပြီး ပေါ်လာတဲ့ အမျိုးသားကျောင်းတွေကနေ တက်လာကြသူတွေ ဖြစ်ပါတယ်။

ကျောင်းပြီးဘွဲ့ရတဲ့အခါမှာလည်း လခကောင်းတဲ့ အလုပ် အကိုင်၊ ရာထူးရာခံတွေကို ခံစားခွင့် မရှိသလောက်နည်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီလိုမကျေနပ် ဒေါသဖြစ်နေကြတဲ့ လူငယ်တစုက နိုင်ငံရေးဖက်ကို လှည့်လာတယ်လို့လဲ စာရေးသူက သုံးသပ်ခဲ့ပါတယ်။ ဒီလို လူငယ်တွေက ဆင်းဆင်းရဲရဲနေလို့ နိုင်ငံရေးကို ခြေစုံပစ်ဝင်ခဲ့ကြသလို၊ အဲသည် အချိန်က တွင်ကျယ်နေကြတဲ့ လူလတ်တန်းစား နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားကြီးတွေကိုလည်း အမြင်ကပ် နေခဲ့တယ် ဆိုပါ တယ်။ သူတို့က ၁၉၃၅ ခုနှစ်မှာ ဒို့ဗမာအစည်းအရုံးကို ထူထောင်ခဲ့ကြပါတယ်။ အဲသည်အချိန်က နန်းတော်ရှေ့ ဆရာတင် ရေးတဲ့ တို့ဗမာသီချင်း ဟာလည်း လူငယ်တွေအတွက် သွေးကြွစရာ ဖြစ်စေခဲ့ပါတယ်။ လူငယ် အများစု က မာ့က်စ်ဝါဒ စာပေ တွေကို လေ့လာကြသလို၊ သူတို့စွမ်းအင်တွေကိုလည်း စက်ရုံလုပ်သား လူတန်းစားတွေ အကြား စည်းရုံးရေး၊ ရေနံလုပ်သား တွေကြား စည်းရုံးရေးဖက် လှည့်ခဲ့ကြပါတယ်။ အချို့က ကွန်မြူနစ် အယူအဆကို သဘောကျလာကြပြီး ဒုတိယ ကမ္ဘာ စစ် မဖြစ်ခင်နှစ်ပိုင်းတွေမှာပဲ ကွန်မြူနစ်ပါတီနဲ့ ဆိုရှယ်လစ် ပါတီကို ထူထောင်ခဲ့ကြ ပါတယ်။

အဲသည်အချိန် ဥရောပနိုင်ငံတွေတခွင်ကို ပြန်ကြည့်ရင်လည်း အာဏာရှင် အစိုးရတွေက နေရာအတော်များ များမှာ လွှမ်းမိုး နေတာ တွေ့ရပါတယ်။ အီတလီမှာ ဖက်ဆစ်တွေက ဆယ်စုနှစ်တခုကျော်ကျော် အာဏာရ ထားသလို၊ ၁၉၃၃ ခုမှာ ဂျာမဏီမှာ ဟစ်တလာအာဏာရလာခဲ့ပါတယ်။ စပိန်မှာလည်း ဖရန်ကိုအာဏာရှင် နေရာယူထားသလို၊ ဂျိုးဆက်ဖ် စတာလင်ရဲ့ ရုရှား ဆိုဗီယက်နိုင်ငံမှာလည်း အနောက်အရင်းရှင်စနစ်ကလွဲရင် အခြားရွေးချယ်စရာ စနစ်သစ်တခုအတွက် တကယ့်လမ်းပြ မြေပုံတခုလို ထင်နေစရာ ဖြစ်နေပါတော့တယ်။ ဒီအချိန်မှာ ခုနက မြန်မာလူငယ်တစုရဲ့ စိတ်ထဲမှာလည်း ပါလီမာန်စနစ်နဲ့တော့ အလုပ်ဖြစ်နိုင်ဖွယ် မရှိဘူး။ တဖြည်းဖြည်း ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ပြုပြင်ပြောင်းလဲယူတဲ့ နည်းကလည်း စိတ်ဝင်စား မက်မော ဖွယ် မရှိ ဘူးလို့ မြင်လာပါတယ်။

ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးက နီးကပ်လာပါတယ်။ အင်္ဂလိပ်အခက်-မြန်မာအချက်ဆိုသလို ခုနက လူငယ် နိုင်ငံရေး သမား တွေကလည်း အင်္ဂလိပ်ကို လက်နက်စွဲကိုင်ပုန်ကန်ဖို့ ကြိုးစားလာကြပါတော့တယ်။ နောက် တပ်မှာတော့စစ်မြေပြင် ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ်တွင်း ကာလအခြေအနေတွေကို ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါ စေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

(ယောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s