ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (၁၇)။ စစ်မြေပြင် ဖြစ်ရခြင်း

Posted: July 11, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ နောက် တခန်းကိုတော့ သူက “စစ်မြေပြင် ဖြစ်ရခြင်း” ဆိုပြီး ဆက်လက်တင်ပြခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မီးအတွင်းကာလ မြန်မာ့နိုင်ငံရေး အခြေအနေကို တင်ပြ ထားပါတယ်။ ဒီတပတ် မှာတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီး အခြေအနေတွေကို တင်ပြထား ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
ဗိုလ်ချုပ် ဟယ်ရီ ပရင်ဒါဂတ်စ်က သီပေါမင်းဆက်ကို ဖြုတ်ချလို့ ကိုလိုနီအုပ်ချုပ်ရေး အစား ထိုးခဲ့အပြီး ၅၆-နှစ် အကြာမှာ ဗြိတိသျှအုပ်ချုပ်ရေးက စက္ကူအိမ်အလား ပြိုဆင်းခဲ့ရပါတယ်။ အကြောင်းကတော့ ဒုတိယကမ္ဘာစစ်မီးကြီး တောက်လောင် လာပြီး၊ ဂျပန်နိုင်ငံရဲ့ အမှတ် ၁၅-ဘုရင့်တပ်မတော်က မြန်မာနိုင်ငံကို ကျူးကျော်လာခဲ့ လို့ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ခေတ်မီဖွံ့ဖြိုးရေး ဆောင်ရွက်ချက်တွေနဲ့အတူ ကပ်ပါလာတာက စစ်ဝါဒပဲ ဖြစ်ပါတယ်။ ဂျပန်က အင်အားကြီး လာတာနဲ့ အမျှ နယ်ချဲ့စိုးမိုးရေးခြေလှမ်းကို စလာပါတော့တယ်။ တရုတ်ကို ကျူးကျော်တဲ့ စစ်ပွဲမှာ အောင်ပွဲခံနေရုံမျှမက၊ မန်ချူးရီးယားလွင်ပြင်၊ ထိုင်ဝမ်ကျွန်းတွေကိုလည်း နိပွန်အင်ပိုင်ယာထဲ ထည့်သွင်းထား လိုက်ပါပြီ။ အဲဒါအပြင် ၁၉ဝ၅ ခုနှစ် ရုရှားနဲ့စစ်ပွဲမှာလည်း ဥရောပနိုင်ငံတခုကို အနိုင်ရလိုက်တော့ ဂျပန် က သူ့ကိုယ်သူကမ္ဘာ့မှာ အရေးပါသူလို့ ယူဆလာခဲ့ ပါတယ်။ ဥရောပမှာ ဒုတိယကမ္ဘာစစ်ဖြစ်လာတော့ ဂျပန် မှာရှိနေတဲ့ ဗျူဟာချမှတ်သူတွေက အခွင့်ကောင်းလို့ မြင်ကြ ပါတယ်။ ရာဘာ၊ သတ္တု၊ ရေနံ စသဖြင့် ကုန်ကြမ်း တွေရဖို့ အရှေ့တောင်အာရှဒေသဖက်ကို တိုးချဲ့ရေးအတွက်လည်း စဉ်းစားနေခဲ့ ကြပါပြီ။ မြန်မာနိုင်ငံ အလယ် ပိုင်းက ရေနံတွင်းတွေကို လိုချင်သလို၊ မြန်မာနိုင်ငံကို ရရင် ဂျပန်ကို ခုခံနေတဲ့ ချန်ကေရှိတ် တရုတ်အမျိုးသား အစိုးရရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကိုလည်း ကောင်းကောင်းဖြတ်တောက်လိုက်နိုင်မှာမို့ မြန်မာပြည်သိမ်း ပိုက်ရေးဟာလည်း ဒီဗျူဟာမှာ တစိတ်တပိုင်း ထည့်သွင်းထားခဲ့ပါတယ်။

အဲသည်အချိန်မှာ မြန်မာနိုင်ငံမှာ အုပ်စိုးနေတဲ့ ဗြိတိသျှတွေက ဒီအခြေအနေကို တွက်ဆမထားမိဘူးလို့ စာရေးသူ ဦးသန့်မြင့်ဦး က သုံးသပ်ပါတယ်။ ၁၉၄၁ ခုနှစ် မိုးရာသီအတွင်းမှာ စင်္ကာပူမှာ အခြေစိုက်ထားတဲ့ ဗြိတိသျှ အရှေ့ဖျားတပ်များရဲ့ စစ်ဦးစီး ချုပ်က မြန်မာနိုင်ငံရဲ့ စစ်ရေးပြင်ဆင်မှုကို လာလေ့လာပါတယ်။ သူက ဂျပန်တွေက အင်ဒိုချိုင်းနားကို ရောက်လာပြီ၊ ဒီတော့ မြန်မာပြည်ကို ဝင်လာရင် ထိုင်းနယ်စပ်တောင်တန်းတွေ က လာနိုင်တယ်ဆိုပြီး တခုတည်းရှိတဲ့ တပ်မဟာကို နယ်စပ်ကို ပို့လွှတ်စေပါတယ်။ ကမ်းရိုးတန်းကိုစောင့်ဖို့ မလာယာမှာ တပ်မတခုထားမယ်။ မြန်မာပြည်အတွက် ထပ်ပြီး စစ်အင်အား ဖြည့် စရာ မလိုဘူးလို့ ဆိုခဲ့ပါ တယ်။ သူက အဲဒီအချိန်က အမေရိကန်-အင်္ဂလန်တို့က ဂျပန်အပေါ်

စီးပွားပိတ်ဆို့ထားတဲ့အတွက်လည်း ဒီလောက် ဂျပန်က ရှေ့တိုးလာဖွယ် မရှိဘူးလို့ စဉ်းစားခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဆာ ဝင်စတန်ချာချီကတော့ နည်းနည်း အစိုးရိမ်ပိုပါတယ်။ ပြန်ကြားရေးဝန်ကြီး အဲဖရက် ဒဗ် ကူးပါးကို မြန်မာပြည်ကို လွှတ်လို့ ထပ်လေ့ လာစေပါတယ်။ သူကလည်း မြန်မာပြည်ကို အလည်အပတ်ခရီး သဘောခဏလာပြီး၊ မြန်မာပြည်မှာ စစ်ပွဲတွေ ဖြစ်လာဖွယ် မရှိဘူးလို့ သုံးသပ်ခဲ့ပါတယ်။

၁၉၄၂ အောက်တိုဘာလလောက် ရောက်တဲ့အခါ စစ်အရိပ်အခြေကို စမြင်နေရပါပြီ။ အဲသည်ကာလလောက်မှ ဗြိတိသျှ တွေက အာသံဒေသကနေ ရန်ကုန်ကို လမ်းဖောက်ဖို့၊ စစ်သင်္ဘောတွေကို ရန်ကုန်ဆိပ်ကမ်းပို့လွှတ်ဖို့ ပြင်ကြပါတယ်။ ဒါပေမယ့်လည်း အခြေအနေက နောက်ကျနေပါပြီ။ ဒီဇင်ဘာလ ၇ ရက်မှာ ဂျပန်က ပုလဲဆိပ် ကမ်းကို ဗုံးကြဲခဲ့ပါတယ်။ သိပ်မကြာခင်မှာ ဗုံး လာကြဲပြန်ပါတယ်။ ရန်ကုန်က အထွက်လမ်းတွေမှာလည်း စစ် ဘေးဒဏ် ပြေးရှောင်တဲ့ ဒုက္ခသည် တွေနဲ့ ပြည့်နေပါတယ်။

အဲဒီအချိန်က မြန်မာပြည်အတွက် ဗြိတိသျှဘုရင်ခံက ဆာဒေါ်မန်စမစ်ပါ။ သူက အိုင်းရစ်ခ်ျလူမျိုးဖြစ်သလို မြန်မာပြည်ကို တာဝန်ပေးခံရတာလည်း မကြာသေးပါဘူး။ သူက မြန်မာပြည်ကနေ ဗြိတိသျှ အုပ်ချုပ်ရေးကို မဆုတ်ပြေးချင်ပါဘူး။ မြန်မာ လူထုတွေကြားမှာ အရှက်ရမယ်၊ နောက်တခါ ပြန်လာရင် မျက်နှာပျက်ရချေရဲ့လို့ မြင်ပါတယ်။ သူက စစ် အကျဉ်းသားပဲ ဖြစ်ဖြစ် မြန်မာပြည်မှာပဲ ဆက်နေမယ်တောင် ဆုံးဖြတ်ခဲ့ပါတယ်။ ဂျပန်ရဲ့ ထိုးစစ်ကလည်း မြန်ဆန်တော့ စစ်ရေးဗျူဟာ အသာထား၊ အခြေအနေ ဘယ်လိုဖြစ်နေတယ်ဆိုတာတောင် သတင်းမရနိုင် ဖြစ်နေရပါတယ်။ ရှေ့ဘာဆက်ဖြစ်မယ်လည်း သေချာသဲကွဲ မသိနိုင်တဲ့ အခြေအနေပါ။ အခြေ အနေက မလှတော့ပါဘူး။

၁၉၄၃ ခုနှစ်၊ ဖေဖေါ်ဝါရီလဆန်းမှာ ဂျပန်တပ်မ ၃၃ နဲ့ ၅၅ က မော်လမြိုင်ကို သိမ်းပါတယ်။ အဲသည်အချိန်မှာ ဗြိတိသျှ အီဂျစ် က တင့်ကားတွေ မြန်မာ့မြေပေါ်ရောက်လာပေမယ့် အချိန်မမီတော့ပါဘူး။ ဒီလိုနဲ့ စစ်တောင်း တံတားကို ချိုးပစ်ကြပါတယ်။ ဗြိတိသျှ အုပ်ချုပ်ရေးလည်း ဆုတ်ခွါပြေးရပါပြီ။ ဗြိတိသျှတွေက အဆုတ်မှာ မြေလှန်စစ်သဘောမျိုး ရေနံတွင်းတွေကို ဖျက်ဆီး ခဲ့ကြသလို၊ အခြား စစ်ရေးအရ အရေးပါတဲ့ လမ်းတံတားတွေ ကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။ ဆာ-ဒေါ်မန်စမစ်ကိုယ်တိုင် ထွက်ပြေးရတာ မေမြို့၊ နောက်တော့ မြစ်ကြီးနားကို ရောက်ပါတယ်။ သူက ဆက်နေမယ် ကြံပေမယ့်လည်း နောက်ဆုံးအမိန့်နဲ့ စစ်တပ်လေယာဉ်တစင်းလွှတ်ပြီး သူ့ကို ခေါ်ထုတ်သွားခဲ့ရပါတယ်။

အဲသည်နောက်မှာတော့ မြန်မာပြည်ကို အုပ်ချုပ်ခဲ့တဲ့ ကိုလိုနီအစိုးရအဖို့ အကြာဆုံး အနားယူရတဲ့ ရက်ရှည်ဖြစ်ခဲ့တယ်လို့ စာရေးသူက ရေးပါတယ်။ သူတို့က အိန္ဒိယနိုင်ငံတောင်တန်း ဒေသ၊ စစ်ဘေးဝေးရာ ဆင်းမလားမှာ အခြေချခဲ့ကြပါတယ်။

မြန်မာတွေ စစ်ကိုကြောက်လို့ ပြေးကြသလို၊ ပိုလို့စိုးရိမ်ကြသူတွေက မြန်မာပြည်ထဲရောက်နေကြတဲ့ အိန္ဒိယ နွယ်ဖွားတွေ ဖြစ်ပါတယ်။ ပြေးလွှားရင်း သေဆုံးတာလည်း နည်းမှာမဟုတ်ပါဘူး။ ဗြိတိသျှတွေက ဆုတ်ခွာတဲ့ သူတို့တပ်တွေအတွက် လမ်းမပိတ်ရလေအောင် တရက်ကို လူ ၅ဝဝ သာ ခရီးသွားခွင့်ပေးပါတယ်။ သေဆုံးသူ အရေအတွက် အတိအကျ မသိနိုင် ပေမယ့် အိန္ဒိယလူမျိုးတွေ သိန်းနဲ့ချီပြီး လမ်းမှာသေဆုံးမယ်လို့ ယူဆနိုင်ပါတယ်။

အဲသည်အချိန်မှာ မြန်မာနိုင်ငံရေးမှာ အရေးပါတဲ့ ဖြစ်ရပ်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်က ဦးဆောင်ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဂျပန် အကူအညီနဲ့ဖွဲ့ခဲ့တာပဲ ဖြစ်ပါ တယ်။ အရင်က တက္ကသိုလ် ကျောင်းသားတစု နိုင်ငံရေး လုပ်နေကြစဉ်မှာ ဗြိတိသျှအာဏာပိုင်တွေက ကျောင်းသားလေးတွေ နိုင်ငံရေးနဲ့ ကစားနေ တယ်လို့ပဲ သဘောထားခဲ့ကြပါတယ်။ ဒါပေမယ့် စစ်မီးတောက်လာမယ့် အရိပ်အရောင် မြင်လာတော့ ဗြိတိသျှအခက်-မြန်မာ့အချက်ဆိုပြီး လက်နက်ကိုင်ပုန်ကန်ထကြွဖို့ ပြင်ဆင်ကြပါ တယ်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းက တရုတ် ကွန်မြူနစ်ပါတီဆီက အကူအညီရဖို့ ကြံပါတယ်။ အဲသည် တရုတ်ပြည်ခရီးမှာပဲ တိုင်ဝမ်မှာ ဂျပန်တွေနဲ့ သူတို့ဆက်သွယ် မိခဲ့ကြပါတယ်။ ဝင်ရိုးစွန်းတန်း နိုင်ငံတွေ အဖြစ် ဂျာမဏီ၊ အီတလီ၊ ဂျပန်တို့ စာချုပ် ချုပ်ဆိုကြတဲ့ နေ့မှာပဲ ကိုအောင်ဆန်း ဂျပန်ကို ရောက်ခဲ့ပါတယ်။ ကို အောင်ဆန်းကို ရလိုက်တာ ဂျပန်တွေအတွက် အများကြီး တအားတက်စေခဲ့ပါတယ်။ အခုအချိန်မှာတော့ သူဟာ ဗြိတိသျှအင်ပိုင်ယာရဲ့ အရှေ့ဒေသကို ကျူးကျော်ဖို့ ပြင်ဆင်ထားတဲ့ ဂျပန်ရဲ့ မဟာဗျူဟာကြီးမှာ အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်နေပါပြီ။

နောက်တော့ အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်က တက်ကြွတဲ့ လူငယ်နိုင်ငံရေးသမားကို ခေါ်လို့ စစ်သင်တန်း ပေးပါတယ်။ နောက်ပိုင်းမှာ ရဲဘော်သုံးကျိပ်လို့ မြန်မာ့သမိုင်းမှာ ထင်ရှားလာမယ့်သူတွေပါ။ အဲသလို ဂျပန်ကို သွားတဲ့ အချိန်မှာ ဒီအုပ်စု ထဲက အသက်အကြီးဆုံး ၃ ယောက်မှာ တယောက်ဖြစ်တဲ့ ကိုအောင်ဆန်း ဆိုရင်တောင် အသက် ၂၅ နှစ်မျှသာပဲ ရှိပါသေး တယ်။ သူတို့က သင်တန်းပြီးတဲ့အခါ ဗိုလ်နံမယ်ကို ခံယူကြ ပါတယ်။ ဗိုလ်တေဇ၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ စသဖြင့် တိုက်ပွဲဝင် နံမယ်တွေပေးကြပြီး၊ ထိုင်းနိုင်ငံ ဘန်ကောက် မှာ လက်မောင်းသွေးဖောက် သစ္စာပြုကြပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဖွဲ့ခဲ့ကြပါတယ်။

ဂျပန်က မြန်မာပြည်ကို သိမ်းလိုက်တဲ့သတင်းဟာ ဗြိတိသျှနဲ့ အိန္ဒိယကို တုန်လှုပ်ရိုက်ခတ်သွားပါတယ်။ ဂျပန်တွေက ၁၉၄၃ ခုနှစ်၊ မေလမှာ ဂျပန်က မြန်မာ့လွတ်လပ်ရေးကို ကြေညာပေးခဲ့ပါတယ်။ တကယ်တော့ ဘီအိုင်အေက မြန်မာ နိုင်ငံကို တိုက်ခိုက်လွတ်မြောက်စေတယ် ဆိုတာထက်၊ ဂျပန်တွေရဲ့ ကျူးကျော်စစ်ကြောင့် ဗြိတိသျှတွေ ပြေးကြရတာ ဖြစ်သလို၊ ဂျပန်ကပေးတဲ့ လွတ်လပ်ရေးဟာလည်း အတုအယောင် ရွှေရည်စိမ်ဆို တာ နိုင်ငံရေးနားလည်သူတိုင်းက သိရှိနေကြပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဘီအိုင်အေနဲ့ အရင်က ကျောင်းသားခေါင်းဆောင်တွေက တချိန် မြန်မာ့ နိုင်ငံရေးမှာ အရေးပါတဲ့ အင်အားစုတရပ် ဖြစ်လာခဲ့ပါတယ်။ နောက်တပတ်မှာတော့ ဘီအိုင်အေရဲ့ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှု၊ ဒုတိယကမ္ဘာစစ် နှောင်းပိုင်းအခြေ အနေတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s