ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (၁၈)။ စစ်မြေပြင် ဖြစ်ရခြင်း

Posted: July 12, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ နောက် တခန်းကိုတော့ သူက “စစ်မြေပြင် ဖြစ်ရခြင်း” ဆိုပြီး ဆက်လက်တင်ပြခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မီးအတွင်းကာလ မြန်မာ့နိုင်ငံရေး အခြေအနေကို တင်ပြထားပါတယ်။ ဒီတပတ် မှာတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီး အခြေအနေတွေကို တင်ပြထား ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
ဂျပန်က မြန်မာပြည်ကို သိမ်းပြီးတဲ့အခါ ၁၉၄၃ ခုနှစ်၊ သြဂုတ်လမှာ လွတ်လပ်ရေး ပေးခဲ့ ပါတယ်။ လွတ်လပ်ရေး ကြေညာ ပေးခဲ့တယ် ဆိုပေမယ့်လည်း အတုအယောင်ရွှေရည်စိမ် လွတ်လပ်ရေးဆိုတာကို အတော်များများက သိနေကြပါတယ်။ ဂျပန်က လွတ်လပ်ရေး ပေးတဲ့အခါ ဒေါက်တာဘမော်က ဝန်ကြီးချုပ်ဖြစ်လာပြီး၊ ယခင်က ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်းက အခုတော့ ဒုတိယ အကြီးအကဲ အနေနဲ့ စစ်ဝန်ကြီးတာဝန်ကို ယူခဲ့ပါတယ်။ အဲဒီအချိန်က ဒေါက်တာ ဘမော်ကို အဓိပတိလို့ခေါ်ကြပါတယ်။ ဖက်ဆစ်ဝင်ရိုးတန်းနိုင်ငံတွေက ဖွဲ့စည်းပုံကို ကြည့်လို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြတာ ဖြစ်သလို၊ အဲသည်အချိန်က အင်အားအနည်းငယ်သာ ရှိပေမယ့် တပ်ပုံစံကျကျ တပ်မတော်တရပ်ဖြစ်လာတဲ့ ဘီအိုင်အေ (ဗမာ့လွတ်လပ်ရေးတပ်မတော်) ရဲ့ ကြွေးကြော်သံ ကိုယ်၌က “တသွေး၊ တသံ၊ တမိန့်” ဆိုသလို အာဏာရှင်ဆန်ဆန် ဖြစ်နေ ခဲ့တယ်လို့ စာရေးသူ ဦးသန့်မြင့်ဦး က သုံးသပ်ပြပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ နောက်မှရောက်လာတဲ့ ဂျပန် တွေကို မြန်မာတွေက မနှစ်မြို့နိုင် ဖြစ်လာခဲ့ရပါတယ်။ အထူးသဖြင့်ကတော့ ဂျပန်တွေရဲ့ နှိပ်စက် ညှဉ်းပမ်းရေး စခန်း တွေနဲ့ လက်လွတ် စပယ် သတ်ဖြတ်နေတဲ့ကိစ္စတွေကို မြင်လာကြရလို့ ဖြစ်ပါတယ်။

အဲဒီ ဂျပန်ခေတ်မှာပဲ မြန်မာပြည် ပြည်တွင်းစစ်မီးကို စတင်တောက်လောင်စေမယ့် အကြောင်းတွေ ဖြစ်လာပုံ ကိုလည်း စာရေးသူ က ထောက်ပြခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီ အုပ်ချုပ်သူတွေ၊ တပ်တွေ ဆုတ်ပြေးကြတဲ့အခါ အိန္ဒိယစစ်သား အများ အပြားက အိန္ဒိယပြည်ကို အတူလိုက်ပါသွားကြပါတယ်။ ဒါပေမယ့်လည်း ဗြိတိသျှတွေ ဆီမှာ အမှုထမ်းကြတဲ့ ကရင်တိုင်းရင်း သားစစ်သားတွေကတော့ အိမ်ပြန်မယ်၊ ကိုယ့်မိသားစု ကိုယ်ကာကွယ် စောင့်ရှောက်ပေးဖို့ပဲ စဉ်းစားခဲ့ကြ ပါတယ်။ အများစုက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ပြန်ကြပါတယ်။ တဖက်က ပြန်ကြည့်တဲ့အခါမှာလည်း ဘီအိုင်အေ (ဗမာ့လွတ်လပ်ရေး တပ်မတော်) က အမျိုးသားရေးဝါဒ ထက်သန်တဲ့ စစ်တပ်ဖြစ်သလို၊ အခုမှ လက်နက်ကိုင်ခွင့်ရတဲ့ ဗမာလူမျိုးတွေရဲ့ စစ်တပ် လည်း ဖြစ်နေပါတယ်။ ဘီအိုင်အေတပ် စစ်ချီလာရာ လမ်းတလျှောက်မှာ အခုမှ ပူးပေါင်းလာတဲ့ စစ်စည်းကမ်း၊ သင်တန်း သိပ်မရှိသေး တဲ့ ရဲဘော်သစ်အများအပြားနဲ့ အင်အားကြီးထွားလာနေတဲ့ အချိန်ပါ။

ဘီအိုင်အေဖက်ကတော့ ကရင်စစ်သားဟောင်းတွေကို သစ္စာဖောက်တွေ၊ ဗြိတိသျှ သူလျှိုတွေအဖြစ် မြင်နိုင်ပါတယ်။ ဒီအချိန် မှာ ခရစ်ယန်ဘာသာဝင် လဲဖြစ်၊ အရင်က ဗြိတိသျှတပ်မှာ အမှုထမ်းဖူးကြတဲ့ ကရင်စစ်သားဟောင်းတွေက စိုးရိမ်ကြပါတယ်။ နောက်ပိုင်း ဘီအိုင်အေက ကရင်ရဲဘော်တွေဆီက လက်နက်ဖြုတ်တဲ့အခါ လူမျိုးရေး အဓိကရုံး၊ တင်းမာမှုတွေ၊ သွေးထွက် သံယို ကိစ္စတွေ ဖြစ်လာရပါတယ်။ ကရင်-ဗမာ လူမျိုးရေး အဓိကရုံးတွေ မဖြစ်စေဖို့ ကရင်အမျိုး သားခေါင်းဆောင် ဆာ- စောစံဖိုးတို့က အပြင်းအထန် ကြိုးစားကြပါတယ်။ ဒါပေမယ့်လည်း သွေးထွက်သံယို တိုက်ခိုက်မှု တွေလည်း ရှိခဲ့ရပါတယ်။ အဲသည်အချိန်ကစလို့ ဖြစ်ခဲ့တဲ့ လူမျိုးရေးတင်းမာမှုတွေကနေ ဒီကနေ့ ပြည်တွင်းစစ်မီး ဆက်လက်တောက်လောင်စေဖို့ မျိုးစေ့တွေ ချခဲ့တယ်လို့လည်း စာရေးသူက သုံးသပ်ဖော်ပြခဲ့ ပါတယ်။ ဒီ ကရင်-ဗမာ တိုက်ခိုက်မှု အဖြစ်အပျက်တွေကို နောက်ပိုင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကလည်း သူ့ကိုယ်တိုင် ရေး အထုပ္ပတိမှာ ပြန်ဖော်ပြခဲ့ပါ သေးတယ်။ အဲဒါအပြင် ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာ အမေရိကန် ဝမ်း-အို-ဝမ်းလို့ခေါ်တဲ့ အထူးစစ်ဆင်ရေးတပ်တွေနဲ့ တောင်တန်းဒေသတွေမှာ ပူးတွဲတိုက်ခဲ့တဲ့ ကချင်စစ်သားတွေအကြောင်းကိုလည်း ဖော်ပြ ပါတယ်။ ဝမ်း-အို-ဝမ်းတပ်ရဲ့ စစ်ဆင်ရေးက ဂျပန် ထောက်ပံ့ရေးလမ်းကြောင်းတွေကို နောက်ကဖြတ်တောက်ဖို့ပါ။

ကချင်ရဲဘော်တွေက အတိုက်အခိုက် ကောင်းလို့ နာမည်ကြီးခဲ့သလို၊ ဂျပန်တွေနဲ့ပေါင်းမိတဲ့ ဗမာတပ်တွေအပေါ်မှာလည်း တဖက်က သံသယကြီး လာစေခဲ့ကြတယ်လို့ သူက ဖော်ပြပါတယ်။

မြန်မာပြည်ကို ရပြီးတဲ့နောက်မှာ ၁၉၄၄ ခုနှစ်၊ မတ်လမှာ ဂျပန်က မန္တလေးကို အခြေပြုပြီးတော့ အိန္ဒိယဖက်ကို ထိုးစစ် ဆင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ နယ်စပ် အာသံ၊ မဏိပူဖက်ကို ဆက်လက်ထိုးဖောက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီ ကာလ မတိုင်ခင် ၁၉၄၃ ခုနှစ်၊ စက်တင်ဘာလမှာ ဂျပန်က ဗျူဟာရေးဆွဲသူတွေက အခြေအနေကို သုံးသပ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာ အခြေအနေများစွာ ဖြစ်ပေါ်ပြောင်းလဲခဲ့ပါတယ်။ အခြေအနေက သူတို့ဖက် သိပ်မလှတော့ပါဘူး။ အမေရိကန်က စစ်ထဲပါလာပြီး ပစိဖိတ်သမုဒ္ဒရာဒေသမှာ တပ်တွေ အများအပြား ရောက်လာကြပါပြီ။ ဥရောပမှာလည်း ရုရှားတပ်နီတော်က ဂျာမန်တပ်တွေကို ယူကရိန်းကျော်အောင် ပြန်တွန်း ထုတ်နိုင်ခဲ့ပါပြီ။ အဲသည်တော့ သူတို့ ဂျပန် စစ်ဗျူဟာ ချမှတ်သူတွေ သုံးသပ်တာက အရှေ့ဒေသမှာ တရုတ်နဲ့ ဗြိတိသျှအိန္ဒိယတိုက်ကို အပြတ်လှဲထားမှ တော်ကာကျမယ်၊ ဒါမှသာ နောက်ဖြစ်လာ မယ့် အမေရိကန်ရန်ကို ခုခံနိုင်မယ်လို့ မြင်ပါတယ်။ ဂျာမဏီအခြေအနေ ဘာပဲဖြစ်ဖြစ် တချိန်မှာ ဂျပန်က အမေရိကန်နဲ့ အကောင်းဆုံး ညှိနှိုင်းစစ်ပြေငြိမ်းနိုင်မယ်ဆိုပြီး အခုလို အာသံဒေသဖက် ထိုးစစ်ကို စခဲ့ပါတယ်။

ဗြိတိသျှ မဟာမိတ်တပ်တွေနဲ့ ဂျပန်တပ်တွေ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ ဗြိတိသျှတွေက မဟာမိတ် တပ်သား ၅ သိန်းကျော်နဲ့၊ အကူလုပ်သား သန်းကျော်၊ ယာဉ်ယန္တယားပေါင်း ၅ သောင်းကျော်အပြင် ဆင်တွေပါ စုဆောင်းလို့ အသုံးချ ခုခံစစ် ဆင်ခဲ့ပါတယ်။ ဗြိတိသျှမဟာမိတ်တပ်တွေဖက်က တပ်မှူး ဆာ-ဝီလီယံ-စလင်းက ကွပ်ကဲပါတယ်။ ဂျပန်ဖက်ကတော့ ဗိုလ်ချုပ် ရီညာ မူတာဂူချီ ဦးဆောင်ပြီး တပ်အင်အား ၂ သိန်းကျော်နဲ့ ထိုးစစ်ဆင် ပါတယ်။ ချင်းဒစ်လို့ခေါ်တဲ့ မြန်မာခြသေ့င်္ကို အစွဲပြု နာမည်ပေးထားတဲ့ ကွန်မင်ဒိုတပ်တွေ က နောက်ပိုင်းက ဂျပန်ကို ထောက်ပံ့ရေးဖြတ်တောက်ကြသလို၊ အမေရိကန်နဲ့ အခြားမဟာမိတ်လေတပ်တွေ က လေကြောင်းကလည်း ပံ့ပိုးခဲ့ကြ ပါတယ်။ ဒီဒေသထဲက အကြီးဆုံးစစ်ပွဲတခုဆိုရင်လည်း မမှားနိုင်ပါဘူး။ တိုက်ပွဲပြီးလို့ ဂျပန်တွေထိုးစစ် ပြန်လန်လာတဲ့အခါ ဂျပန်တွေ ၈ သောင်းကျော် သေပြီး၊ မဟာမိတ်တပ်တွေ ဖက်က ၁၇ဝဝဝ သေဆုံးပါတယ်။ ဂျပန်တွေက ဒီလိုနဲ့ ချင်းတွင်းမြစ် လွင်ပြင် မြန်မာပြည်ဖက်ကို ပြန်ဆုတ်လာ ခဲ့ပါတယ်။ ဂျပန်က စစ်ပွဲမှာ စ လန်တာလို့ ပြောရင်ရသလို၊ ဗြိတိသျှ မဟာမိတ်တပ်တွေ ဖက်ကလည်း ဆက်ဖိ လာခဲ့ပါတယ်။ မြန်မာပြည် စစ်မျက်နှာကို ပြန်သိမ်းဖို့ အချိန်ကျပြီ လို့လည်း ဗိုလ်ချုပ် ဝီလီယံ စလင်းက တွက်ချက်ပါတယ်။

အခုလို ကမ္ဘာ့အခြေအနေတွေကို ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာ့ခေါင်းဆောင်တွေကလည်း တွက်ချက်မိကြပါ တယ်။ သူတို့က ဂျပန်ကို ပြန်တော်လှန်ဖို့၊ ရောက်လာမယ့် မဟာမိတ်တပ်တွေနဲ့ ပေါင်းစည်းဖို့ ပြင်ဆင် နေကြပါပြီ။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရေးသမားတွေက နဂိုရ်မူလကတည်းက ဂျပန်တွေနဲ့ မဟာမိတ်ဖွဲ့ရတာ ကို သိပ်သဘောကျ လှတာ မဟုတ်ပါဘူး။ အထူးသဖြင့် သခင်စိုးဦးဆောင်တဲ့ ကွန်မြူနစ်ပါတီရဲဘော်တွေက အစောပိုင်းကာလကပဲ သတိပေးမှု တွေ၊ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ သူတို့က တိတ်တဆိတ် လူလွှတ်လို့ ဗြိတိသျှနဲ့ အဆက်အသွယ်ရဖို့ ကြိုးပမ်းခဲ့ ကြပါတယ်။ တကယ်တော့ ဗိုလ်အောင်ဆန်းအပါအဝင် ရဲဘော်သုံး ကျိပ်တွေ၊ ဘီအိုင်အေ တပ်မတော်သားတွေ သစ္စာခံတာကလည်း ဂျပန်ကို မဟုတ်ပါ ဘူး။ သူတို့က မြန်မာ့ လွတ်လပ်ရေးကိစ္စကိုသာ သစ္စာထားကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဗမာ့တပ်မတော်၊ ကွန်မြူနစ် ပါတီ၊ အခြား နိုင်ငံရေးအင်အားစုတွေ စုစည်းလို့ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို ဖွဲ့စည်း ပြင်ဆင် လာပါတယ်။ နောက်ပိုင်း ၁၉၄၇ ခုနှစ်၊ မတ်လမှာတော့ လက်နက်ကိုင် တော်လှန်ရေး အတိအလင်း ဆင်နွှဲလို့ ဂျပန်ကို အာခံ ကြပါတော့တယ်။

တကယ်တော့ ဗြိတိသျှမဟာမိတ်တပ်တွေဖက်က မြန်မာပြောက်ကျားတွေလို့ခေါ်တဲ့ ဗိုလ်အောင်ဆန်းအပါ အဝင် မျိုးချစ် အင်အားစုတွေကို ပြန်လက်ခံခဲ့တာဟာ ဗိုလ်ချုပ် လော့ဒ် လူးဝစ် (စ်) မောင့်ဘက်တန်ရဲ့ ကျေးဇူး ရှိနေပါသေးတယ်။ ဗိုလ်ချုပ် မောင့်ဘက်တန်ကို အဲဒီအချိန်က အရှေ့တောင်အာရှဒေသ မဟာမိတ်တပ်များရဲ့ စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။ သူ့အောက်က ဗြိတိသျှတပ်မှူး အများစုက ဗိုလ်အောင်ဆန်းတို့ ကို ဂျပန်နဲ့ပေါင်းတယ်။ သစ္စာဖောက် တွေ၊ ခုံရုံးတင်ရမယ်လို့ မြင်ကြပါတယ်။ ဒါပေမယ့်လည်း မောင့်ဘက်တန် က သူတို့ဆန္ဒအားလုံးကို ဆန့်ကျင်လို့ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး (ဖဆပလ) အဖွဲ့ချုပ်ကို လက်ခံခဲ့ပါတယ်။ လန်ဒန်အစိုးရကိုလည်း သူက လက်ခံလာအောင် နားချခဲ့ ပါတယ်။

အခုတော့ ဂျပန် ပြေးရဖို့ အလှည့်ရောက်လာပါပြီ။ အိန္ဒိယနယ်စပ်က ထိုးဆင်းလာတဲ့ ဗြိတိသျှ အမှတ် ၁၄ တပ်မတော်နဲ့ မဟာမိတ် တပ်တွေက ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ကို ဖြတ်လို့ ထိုးစစ်ဆင်လာပါပြီ။ ဂျပန်တွေ ဌာနချုပ်လုပ်ထားတဲ့ မိတ္ထီလာကို ၁၉၄၅ ခု၊ မတ်လမှာ သိမ်းရပါတယ်။ နောက် ၃ ပတ်မကြာခင်မှာပဲ မန္တလေး ကို ပြန်ရခဲ့ပါတယ်။ တချိန်တည်း မှာပဲ ရခိုင် နယ်စပ်ဖက်ကလည်း မဟာမိတ်တွေရဲ့ နောက်ထပ်စစ်ကြောင်းနဲ့ ထပ်လို့ ထိုးစစ်ဆင်လာခဲ့ပါတယ်။ မိုးရာသီ မကျမီ ရန်ကုန်ကို ရဖို့ ပြင်ဆင်နေကြပါပြီ။

နောက်တပတ်မှာတော့ စစ်ပြီးခေတ်အခြေအနေနဲ့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s