ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (၁၉)။ မြန်မာ့လွတ်လပ်ရေး

Posted: July 13, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ နောက် တခန်းကိုတော့ သူက “စစ်မြေပြင် ဖြစ်ရခြင်း” ဆိုပြီး ဆက်လက်တင်ပြခဲ့ပါတယ်။ အခု အခန်းမှာတော့ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးရခါနီး အခြေအနေ တွေကို တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
ဒုတိယကမ္ဘာစစ်ပြီး မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သြဇာက အတိုင်းအဆမရှိ ကြီးထွားလာခဲ့ပါတယ်။ ဒါပေမယ့် လည်း လန်ဒန်မှာရှိနေတဲ့ ဗြိတိသျှအစိုးရရဲ့ စစ်ပြီးခေတ် မြန်မာပြည် အစီအစဉ်မှာတော့ ဒီကိစ္စကို ထည့်သွင်းစဉ်းစားခဲ့တာ မရှိပါဘူး။ အိန္ဒိယနိုင်ငံ၊ ဆင်းမလားတောင်တန်းမြို့မှာ အခြေစိုက်နေတဲ့ ဆာဒေါ်မန် စမစ်နဲ့ ပြည်ပရောက် မြန်မာ အစိုးရက စက္ကူဖြူစီမံကိန်းရေးဆွဲလို့ မြန်မာနိုင်ငံကို ပြန်လာအုပ်ချုပ်ဖို့ စီစဉ်နေကြ ပါတယ်။ အဓိကအားဖြင့် စစ်ပြီးကာလ မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်နာလံထူရေးကိုပဲ ဦးစားပေးထားပါ တယ်။

စစ်ဘေးက ပြန်လည်ထူထောင်ရေးကိစ္စတွေအပြင် ဗြိတိသျှ အုပ်ချုပ်သူတွေဖက်က သူတို့ဘက်ရပ်တည်လို့ ပြောင်မြောက် စွာကူညီတိုက်ပေးခဲ့တဲ့ တိုင်းရင်းသားတွေ အရေး ကိုလည်း ပြန်လည်ကြည့်ရှု ဆုချချင်ပါသေးတယ်။ အဲသည်အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် (ဖဆပလ) အဖွဲ့ချုပ်ကတော့ နိုင်ငံရေးအရ အင်အား အကောင်းဆုံး အနေအထားရှိနေပြီး၊ သူတို့က လုံးဝ လွတ်လပ်ရေး ရဖို့ကိုပဲ စိတ်ထားရှိနေပါတော့တယ်။

ဆာဒေါ်မန်စမစ် ပြန်ရောက်လာတဲ့အခါ သူက စက္ကူဖြူစာတမ်းကို အကောင်အထည်ဖော်ဖို့ စလုပ်ပါတယ်။ သူက ပြောင်းလဲနေ တဲ့ အခြေအနေကို မြင်ပါတယ်။ ဖဆပလက သူ့ကို မယုံကြည်တာကို သိသလို၊ သူ အရင် က လက်တွဲခဲ့တဲ့ ဗျူရိုကရက်-နိုင်ငံရေး သမားဟောင်းကြီးတွေကလည်း အားမာန်မရှိလှတော့ပါဘူး။ သူက ရန်ကုန်မြို့တော်ခမ်းမမှာ ပြောတဲ့မိန့်ခွန်းမှာတော့ ဘာပဲ ဖြစ်ဖြစ် စက္ကူဖြူစီမံကိန်းကို ရအောင် အကောင် အထည်ဖော်မယ် ဆိုတာ ဖော်ပြခဲ့ပါတယ်။ (ဖဆပလ) ကို အကြံပေးကောင်စီ လောက်မှာပဲ နေရာထားစဉ်းစား ခဲ့ပါတယ်။

ဗြိတိသျှစစ်ခေါင်းဆောင်တွေကတော့ အခြေအနေကို တမျိုးသုံးသပ်ကြပါတယ်။ ဖဆပလအဖွဲ့ချုပ်က ခေါင်း ဆောင်တွေနဲ့ အလုပ်တွဲလုပ်ရမယ်လို့ မြင်ပါတယ်။ စစ်ပြီးခါနီးကာလမှာ မြန်မာခေါင်းဆောင်တွေကို သီဟိုဠ်ကျွန်း၊ ကန်ဒီကို ဖိတ်ကြားပြီး မြန်မာ့တပ်မတော်သစ် ပြန်ဖို့ဖွဲ့ ဆွေးနွေးသဘောတူကြတဲ့အခါ အရင် ဂျပန်က သင်တန်းရခဲ့တဲ့ မြန်မာ့ပြောက်ကျားတွေ ဖက်က အကြမ်းဖျဉ်းလူ ၅ဝဝဝ၊ အရင် ဗြိတိသျှဆီ အမှုထမ်းခဲ့ကြတဲ့ ကရင်၊ ကချင်၊ ချင်း စစ်သားတွေက ၅ဝဝဝ လောက်နဲ့ တပ်ကို ပြန်လည်ဖွဲ့စည်းဖို့ သဘောတူကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဘက်ကတော့ မြန်မာပြည်ရဲ့ ပြဿနာက တခုပဲလို့ မြင်ပါတယ်။ ဗြိတိသျှတွေ မြန်မာ့မြေ ပေါ်က ထွက် သွားရေးပဲ ဖြစ်ပါတယ်။ ကျန်တဲ့ကိစ္စတွေ-ဥပမာ နိုင်ငံရေးသမားဟောင်းကြီးတွေနဲ့ တိုင်းရင်းသား တွေကိစ္စက ကိုယ့်ဘာသာ အပေးအယူလုပ်လို့ ရတယ်လို့ မြင်ပါတယ်။ အခုအချိန်မှာတော့ ခေါင်းဆောင်မှု တခုထဲအောက်မှာ တညီတညွတ်လုပ်ရမယ့် အချိန်လို့ မြင်ပါတယ်။ သူက ဖဆပလရဲ့အားကို သိတဲ့အလျှောက် ဆာဒေါ်မန် စမစ်ဆီကို လက်မခံနိုင်မှန်းသိသော်လည်း တန်ပြန်အဆိုပြုချက်တခု တင်သွင်းပါတယ်။ ဖဆပလက အစိုးရ ကောင်စီထဲမှာ အရေးပါတဲ့ နေရာအတော်များများကိုယူမယ်၊ ကြားဖြတ်အစိုးရသဖွယ် အုပ်ချုပ်ရေး အာဏာကို ပေးဖို့ တောင်းခဲ့ပါတယ်။ သူက လိုအပ်ရင် လက်နက်ကိုင် ပြန်တော်လှန် မယ်ဆိုတဲ့ အသံမျိုးကို တောင် အရိပ်အယောင်ပြခဲ့ပါတယ်။

လန်ဒန်က ဗြိတိသျှအစိုးရက ဆာဒေါ်မန်စမစ်ကို လျှော့မပေးဖို့ ပြောပါတယ်။ တကယ်လို့ ပုန်ကန်ထကြွမှုတွေ ဖြစ်လာရင် တောင် နှိမ်နင်းဖို့စစ်သားမရှိတော့တာကို ဆာဒေါ်မန် စမစ်ကလည်း သိနေပါတယ်။ ဒါပေမယ့် လန်ဒန်ကတော့ လျှော့မပေး ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလကလည်း ဖိအားတွေ ပေးဖို့ တခုပြီးတခု လုပ်ဆောင်ကြရပါတော့တယ်။ ယခင် ဘီအိုင်အေ တပ်တွေကို ဗြိတိသျှတပ်တွေနဲ့ ပုံမှန်တပ်မတော်တခုအဖြစ် ပေါင်းဖွဲ့ပြီးတဲ့နောက် မှာ ဗိုလ်ချုပ်က သူ့ အင်အားစု ဖို့လိုလာတာကို သတိထားမိပါတယ်။ ဒါနဲ့ အခု အသစ် ပြန်ဖွဲ့တဲ့ တပ်ထဲ မပါနိုင်တဲ့ စစ်သားတွေကို ပြည်သူ့ ရဲဘော်တပ်ဖွဲ့အဖြစ် စေတနာ့ဝန်ထမ်း ကိုယ်ပိုင်တပ်ကိုပါ ထူထောင်ခဲ့ပါတယ်။ တချိန် စစ်အတွင်းကာလက အသက်ငယ် သေးတဲ့ အခုမှ တက်ကြွ နေတဲ့ လူငယ်တွေကို လည်း ပြည်သူ့ရဲဘော်အဖွဲ့ထဲ စုစည်းခဲ့ပါတယ်။ သူတို့က လူထုအစည်း အဝေးတွေ၊ တောင်းဆိုဆန္ဒပြတာ၊ သပိတ်မှောက် သပိတ်တားတာ တွေ လုပ်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ အင်္ဂလန်က အစိုးရက ဆာဒေါ်မန် စမစ်ကို ဓားစာခံ လုပ်ပြီး အခြေ အနေကို ပြန်ထိန်းရပါတော့တယ်။ နောက်ထပ် ဘုရင်ခံအသစ်အဖြစ် ဆာ ဟူးဘတ် ရန့်စ်နဲ့ အစားထိုးခဲ့ပါတယ်။

ဒီကြားထဲမှာပဲ ဗြိတိသျှတို့က လူထုအကြားသြဇာကြီးမားနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ထိန်းသိမ်းဖို့ ကြိုးစား ခဲ့တာတွေ လည်း ရှိခဲ့ပါသေးတယ်။ ဘီအိုင်အေတပ်တွေ မြန်မာပြည်ထဲဝင်လာစဉ် စစ်အတွင်းကာလက ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လူသတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုနဲ့ ဖမ်းဆီးအပြစ်ပေးဖို့ ကြိုးစားပါတယ်။ မအောင် မြင်ဘဲ လန်ဒန်အစိုးရက လက်လျှော့ ခဲ့ရပါတယ်။

ကမ္ဘာ့အခြေအနေကိုလည်း ပြန်ကြည့်ရအောင်ပါ။ အမေရိကန်က မြန်မာနိုင်ငံကို အသစ်ဖွဲ့လိုက်တဲ့ ကုလသမဂ္ဂ မှာ ပါစေ ချင် ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကို ပြန်ကြည့်ရင်လည်း ဗီယက်နမ်မှာ ဟိုချီမင်းက သမ္မတအဖြစ် မကြာသေးတဲ့ကာလ ကပဲ ရွေးကောက်ခံခဲ့ရပါတယ်။ အိန္ဒိယမှာလည်း ပန်ဒစ်နေရူးတို့က ကြားဖြတ်အစိုးရ ဖွဲ့ နိုင်ပြီး နယ်မြေခွဲဝေရေး၊ လွတ်လပ် ရေးအတွက် ပြင်ဆင်မှုတွေ စနေပါပြီ။ အကယ်၍ မြန်မာနိုင်ငံမှာ ပုန်ကန် ထကြွမှုတွေ ဖြစ်လာရင်တောင် အိန္ဒိယတပ်တွေ ကို အသုံးပြုခွင့်မပေးဘူးလို့ အတိအလင်း ပြောဆိုထားတာ တွေ ရှိနေ ပါတယ်။ ဗြိတိသျှတွေရဲ့ ဘဏ္ဍာတော်တိုက်ကလည်း ခမ်းနေချိန်၊ အမေရိကန်ဖက်ကလည်း ကန့်ကွက်လာနိုင်တဲ့ အခြေအနေမှာ ဗြိတိသျှစစ်ဖက်အင်အားစုတွေက ဒီလို ပုန်ကန် ထကြွမှုတွေ ဖြစ်လာမှာကို ရှောင်လိုနေကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ တခုခုကို ပြတ်ပြတ်သားသား ဦးဆောင် ဆုံးဖြတ်မှသာ အခွင့်ကောင်းကိုရ မယ်ဆိုတာ သိနေပါပြီ။

ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ် ရောက်လာတဲ့အခါ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ၂-ပတ်အတွင်း ဖဆပလ အဖွဲ့ချုပ် နဲ့လည်း သဘောတူညီမှုရအောင် ညိ‡နိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အုပ်ချုပ်ရေး အဖွဲ့သစ်မှာ ဒု-ဥက္ကဋ္ဌအနေနဲ့ ပါဝင်ပြီး ပြည်ပဆက်ဆံရေးနဲ့ ကာကွယ်ရေးကိစ္စကို တာဝန်ယူခွင့်ပေးခဲ့ရပါတယ်။

နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သွားပြီး ဆွေးနွေးဖို့ကိစ္စတွေ ဖြစ်လာပါ တယ်။ ဦးအောင် ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် အက်တလီတို့ ၁၉၄၇ ခု၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သဘော တူညီမှု ရကြပါတယ်။ မြန်မာပြည်မှာ ကြားဖြတ်အစိုးရကို ကနေဒါ၊ သြစတြေလျလို အဆင့်အတန်းမျိုး ဒိုမီနီယံ အဆင့် အပြည့်ရစေမယ်။ မဟာမိတ်တပ်တွေ ဆုတ်သွားတဲ့အခါ မြန်မာ့တပ်မတော်ကို လုံးဝထိန်းချုပ်ခွင့် ရှိစေမယ်။ ဖြစ်နိုင်သမျှ အစောဆုံး တိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွေကျင်းပမယ်။ ဗြိတိသျှ ဓနာသဟာယ အဖွဲ့ထဲမှာ ဆက်နေ-မနေဆိုတာက မြန်မာခေါင်းဆောင်တွေရဲ့ နောက်သဘော၊ နောက်ပိုင်းစစ်မဟာမိတ် ကိစ္စတွေနဲ့ ဘဏ္ဍာရေးကိစ္စတွေကို နောက်မှ ဆွေးနွေးမယ်လို့ သဘောတူခဲ့ကြ ပါတယ်။ ပြန်လာတဲ့အခါ တနှစ်အတွင်း လွတ်လပ်ရေးရစေမယ်လို့ ဗိုလ်ချုပ် အောင်ဆန်းက ကြေငြာနိုင်တဲ့ အနေအထား ရှိခဲ့ပါပြီ။

ဒါပေမယ့် အခု အချိန်မှာ ဗြိတိသျှတွေက ဗိုလ်ချုပ်အောင်ဆန်းအတွက် ပြဿနာမဟုတ်တော့ပါဘူး။ အဓိက ပြဿနာက သူ့တိုင်းပြည်ထဲက နိုင်ငံရေးအင်အားစုတွေပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားအုပ်စုတွေ၊ ပြိုင်ဖက် နိုင်ငံရေး အင်အားစုတွေရဲ့ ပြဿနာပါပဲ။ နောက်တပတ်မှာတော့ လွတ်လပ်ရေးရပြီးခါစ မြန်မာနိုင်ငံ အခြေအနေတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s