ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (၂၀)။ မြန်မာ့လွတ်လပ်ရေး

Posted: July 14, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ နောက် တခန်းကိုတော့ သူက “အခြားသော စိတ်ကူးနိုင်ငံတော်” ဆိုပြီး ဆက်လက်တင်ပြခဲ့ပါတယ်။ အခုအခန်းမှာတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့အတူ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေ အနေတွေကို တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
ဗိုလ်ချုပ်အောင်ဆန်းက တနှစ်အတွင်း လွတ်လပ်ရေးရစေမယ်လို့ ကြွေးကြော်ပြီး လန်ဒန် ခရီးစဉ်ကအပြန် မကြာခင်မှာပဲ လုပ်ကြံခံရပါတယ်။ လွတ်လပ်ရေးကို သူကိုယ်တိုင် မမြင် တွေ့ခဲ့ရပါဘူး။ လန်ဒန်ခရီးစဉ်က ပြန်လာတော့ ဗိုလ်ချုပ်အတွက် လန်ဒန် အစိုးရဖက်က အခြေအနေက စိုးရိမ်စရာ မရှိတော့ပါဘူး။ ဗိုလ်ချုပ် ရင်ဆိုင်ရမယ့် အဓိက ပြဿနာက သူ့တိုင်းပြည် ထဲက နိုင်ငံရေးအင်အားစုတွေပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား အုပ်စုတွေ ရှိနေသလို၊ ပြိုင်ဖက်နိုင်ငံရေး အင်အားစုတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပြဿနာပါပဲ။ ဒါကြောင့်ပဲ ပြန်ရောက်ပြီး မကြာခင်မှာပဲ တောင်တန်းဒေသက တိုင်းရင်းသားတွေက ပြည်မနဲ့အတူ လွတ်လပ်ရေးရယူဖို့ ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ “ပင်လုံ သဘောတူ စာချုပ်” ကို ချုပ်ဆိုနိုင်ဖို့ လုံးပမ်းခဲ့ရ ပါတယ်။ ဒါပေမယ့်လည်း ဗိုလ်ချုပ်နဲ့ သဘောမတူနိုင်သူတွေက လက်ကျာအင်အားစုမှာ ဦးစောလို နိုင်ငံရေးသမား ဟောင်းတွေ ရှိနေ သလို၊ လက်ဝဲအယူရှိကြသူ သခင်သန်းထွန်းနဲ့ ကွန်မြူနစ်ပါတီလို အင်အားစု တွေလည်း ရှိနေကြ ပါတယ်။ ဒီကာလ မတိုင်မီမှာပဲ သခင်သန်းထွန်းက (ဖဆပလ) အဖွဲ့ချုပ်က ထွက်သွားပြီး၊ အခုလွတ်လပ် ရေးဟာ အတု အယောင်လွတ်လပ်ရေး၊ ဒီလွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းက အပေးအယူလုပ်ခဲ့တယ် ဆိုပြီး ဖက် နှစ်ဖက် စလုံးက တိုက်ခိုက်နေကြပါတယ်။

အဲသည်လို တိုက်ခိုက်မှု၊ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနေရတဲ့အချိန်မှာ ဗိုလ်ချုပ်က သူလုပ်စရာရှိတာတွေကို ဆက်လုပ် ရပါတယ်။ ဘုရင်ခံရဲ့ အုပ်ချုပ်ရေး ကောင်စီမှာ ကြားဖြတ်အစိုးရသဘောမျိုး ဖွဲ့စည်းပြီး စတင်တာဝန် ယူရသလို၊ ၁၉၄၇ ခုနှစ်၊ ဧပြီလမှာ တိုင်းပြု ပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ တောင်တန်း ဒေသက တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ လွတ်လပ်ရေးကိစ္စ ညှိနှိုင်းတဲ့အခါ အကယ်၍ ပြည်မနဲ့ ပူးပေါင်းနေရ တာကို သဘောမတွေ့ရင် နောင် (၁ဝ) နှစ်အကြာမှာ ခွဲထွက်နိုင်တယ်ဆိုတဲ့ ချွင်းချက်နဲ့ သဘောတူညီမှု ရနိုင်ခဲ့ ပါတယ်။ ဒါပေမယ့်လည်း တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာတော့ ကရင်ခေါင်းဆောင် တွေက ရွေးကောက်ပွဲ မဝင်ဘဲ သပိတ်မှောက်ခဲ့ ကြပါတယ်။ မကြာသေးမီ စစ် အတွင်းက ဖြစ်ခဲ့တဲ့ ကရင်-ဗမာ လူမျိုးရေး သွေးထွက်သံယိုမှုတွေအတွက် ခံစားမှုတွေ ပြင်းထန်နေကြဆဲကြောင့် ဖြစ်နိုင်သလို၊ ဗြိတိန်နဲ့ အမေရိ ကန်ဆီက အကူအညီတွေ ရလိမ့်မယ်လို့ သူတို့မျှော်လင့်ချက် ကြီးနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ စာရေးသူ ဦးသန့်မြင့်ဦးက ဆိုပါတယ်။ (ဖဆပလ) လွှတ်တော်အမတ် အများစု ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ရဲ့ ပထမဦးဆုံး ဆုံးဖြတ်ချက်အဖြစ် ဗြိတိန်ဘုရင်မကြီးကို တိုင်းပြည်အကြီးအမှူး နေရာ ထားနေရတဲ့ ဗြိတိသျှ ဓန သဟာယအဖွဲ့က ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြန်နှိုင်းယှဉ်ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံထက် အပုံကြီးတဲ့ အိန္ဒိယကတော့ ဓနသဟာယ အဖွဲ့ထဲ ဆက်နေခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့ သူ ဒု-ဥက္ကဋ္ဌအဖြစ် ဦးဆောင်ရတဲ့ အုပ်ချုပ်ရေးကောင်စီမှာ တတ်နိုင်သမျှ လူကောင်းတွေကို စုစည်းပါဝင်ခဲ့သလို၊ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း နေရာပေးခဲ့ပါတယ်။ အရင် ဗြိတိသျှ အုပ်ချုပ်ရေးတွေမှာ အတွေ့အကြုံရှိတဲ့ ဦးတင်ထွဋ်လို လူမျိုးအပြင်၊ ကရင်အမျိုးသားခေါင်းဆောင် မန်း ဘခိုင်၊ ရှမ်းစော်ဘွား စဝ်ဆမ်ထွန်း၊ မူစလင်ခေါင်းဆောင် အဗ္ဗဒူ ရာဇက်လို စသဖြင့် နေရာပေးဦးဆောင်စေခဲ့ပါ တယ်။ တိုင်းပြည်ကို ဦးဆောင်နေရတဲ့သူ၊ ဗြိတိသျှနေမဝင် အင်ပိုင်ယာကို အံတုခဲ့တဲ့ သူရဲကောင်း၊ လန်ဒန်မှာ ဝန်ကြီးချုပ် ကလီးမန့် အက်တလီနဲ့တွေ့တဲ့ ခရီးစဉ်က (Your excellency) လူကြီးမင်းလို့ လူအများက အရာ ထား အသိအမှတ်ပြု ခေါ်ခဲ့ရတဲ့သူ ဖြစ်ပေမယ့်လည်း ဗိုလ်ချုပ် အောင်ဆန်းက အဲသည်အချိန်က အသက် (၃၁) နှစ်သာပဲ ရှိပါသေးတယ်။ ဖိအားတွေများ၊ လုပ်ငန်းတာဝန်တွေ များလွန်း တဲ့ အခြေအနေမှာ အထီးကျန်ဖြစ်လာ တာကို သူက ရင်းနှီးလာတော့ ဘုရင်ခံဆာ ဒေါ်မန်စမစ်ဆီမှာလည်း ရင်ဖွင့်ခဲ့ဖူး ပါတယ်။ သူက “ကျနော်က တိုင်းပြည်ကိုပဲ လွတ်မြောက်စေချင်တာ၊ သူရဲကောင်းမဖြစ်ချင်ဘူး။ ဒီနိုင်ငံမှာက သူရဲကောင်း တွေက ကြာရှည် မခံတတ်ဘူး။ ရန်သူ သိပ်များတယ်” လို့ ပြောခဲ့ပါတယ်။ သူက နောက်ထပ် ၁၈-လ ထက်ကြာကြာခံပြီး နေရဖွယ် မရှိဘူးလို့ သူကိုယ်သူနိမိတ်ဖတ် ပြောခဲ့ပါသေးတယ်။

ဗိုလ်ချုပ်က ကိုယ်တိုင်နမိတ်ဖတ်ခဲ့တာ မှန်တယ်လို့ ဆိုရမလား မသိပါဘူး။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ မှာပဲ အတွင်းဝန် ရုံးမှာ အစည်းအဝေးထိုင်နေစဉ် အခြားခေါင်းဆောင်တွေနဲ့အတူ လုပ်ကြံခံခဲ့ရပါတယ်။ သူ့ကို စင်ပြိုင်အဖြစ် မြင်နေတဲ့ ဂဠုန် ဦးစောရဲ့ လက်နက်ကိုင်ငယ်သားတွေက လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ဗြိတိသျှတွေက ပါဝင်ပတ် သက်နေတယ်ဆိုတဲ့ ကောလဟာလတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ကြံမှုကိစ္စဟာ ဗြိတိသျှ အရာရှိ တဦးတလေရဲ့ သူတို့သဘောနဲ့ သူတို့ကြံစည်မှုပဲ ဖြစ်ကောင်းနိုင်တယ်လို့ စာရေးသူ ဦးသန့်မြင့်ဦးက သုံးသပ်ပါတယ်။ တကယ်ဆိုရင် မြန်မာ ပြည်မှာ ကွန်မြူနစ်တွေ မအုပ်စီးမိ စေရေးအတွက်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကိုပဲ အစားထိုးစရာ ခေါင်းဆောင်အဖြစ် လန်ဒန်အစိုးရက အလေးထား မြင်နေတယ်လို့ သုံးသပ်ပါတယ်။ နောက်ပိုင်းမှာ လုပ်ကြံမှုကို ကြံစည်သူ ဦးစောကို ဖမ်းဆီး သေဒဏ်ပေးခဲ့ ပါတယ်။ အုပ်ချုပ်ရေးကောင်စီက ချက်ချင်းဆိုသလိုပဲ ယခင်က ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သလို၊ ဗိုလ်ချုပ်တို့နဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမား ဦးနုကို ဆက်လို့ ဦးဆောင်စေခဲ့ပါတယ်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရလာခဲ့ပါတယ်။ ဗြိတိသျှဘုရင်ခံ ဆာ ဟူးဘတ် ရန့်စ် က ဗြိတိသျှ ယူနီယံဂျက် အလံကို ဖြုတ်ချလို့၊ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတ စဝ်ရွှေသိုက်၊ ဝန်ကြီးချုပ်ဖြစ်သူ ဦးနုကို နှုတ်ဆက်လို့ ထွက်ခွါသွားခဲ့ပါပြီ။ မြန်မာနိုင်ငံ တကယ် လွတ်လပ်ရေးရခဲ့ပါပြီ။ ဒီအချိန် မှာ ဖြစ်နေတဲ့ ကမ္ဘာ့ အခြေအနေ တွေ ကိုလည်း ပြန်ကြည့်ကြရအောင်ပါ။

ဒီကာလမှာ ကမ္ဘာ့ ကုလသမဂ္ဂကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကောင်းကောင်းလည်ပတ်နေပါပြီ။ ဆိုဗီယက်ယူနီယံ ဦးဆောင်တဲ့ အရှေ့အုပ်စုနဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုက နိုင်ငံတကာ ဆက်ဆံရေး ဇာတ်ခုံပေါ်မှာ စစ်အေးတိုက်ပွဲအတွက် စတင် တာစူနေကြပါပြီ။ ၁၉၄၇ ခုနှစ်၊ မေလမှာ အမေရိကန် သမ္မတထရူးမင်း က ထရူးမင်းဝါဒကို ကြေညာခဲ့ပါတယ်။ ကွန်မြူ နစ်တွေရဲ့ ရန်ဘေးခြိမ်းခြောက်မှု ကြုံနေရတဲ့ ကမ္ဘာ့ပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ဦးဆောင် ကာကွယ် ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ တူရကီ၊ ဂရိစ်စတဲ့နိုင်ငံတွေက ကွန်မြူနစ် ဆန့်ကျင်ရေး အင်အားစု တွေကိုလည်း စတင် ထောက်ပံ့နေခဲ့ပါပြီ။ အိမ်နီးချင်းနိုင်ငံတွေမှာတော့ လွတ်လပ်စ အိန္ဒိယနိုင်ငံကနေ၊ ပါကစ္စတန်အဖြစ် စတင်ခွဲထုတ်တဲ့ ကိစ္စတွေ ဖြစ်နေသလို ရုန်းရင်းဆန်ခတ်မှုတွေ ကြားမှာ လူတသန်းကျော် သေကြေရပြီး၊ လူ ၁ဝ သန်း လောက် ဒုက္ခသည် ဖြစ်နေခဲ့ကြ ရတဲ့ ကာလပါ။ ဗြိတိန် က တော့ အိန္ဒိယတိုက်ငယ်၊ အာရှတိုက်ကနေ လုံးဝစတင် ဆုတ်ခွာတော့မယ့် အနေအထားပါ။ ဒီအချိန်မှာ ဆိုဗီယက်ယူနီယံကလည်း ဘာလင်ကို ခွဲခြားပိတ်ဆို့လို့ အနုမြူ လက်နက်ပြိုင်ဆိုင်ပွဲတွေနဲ့ စစ်အေးတိုက်ပွဲကို ပြောင်ပြောင်တင်းတင်း ကြေညာထားပါပြီ။ ဒီအချိန်မှာပဲ မြန်မာနိုင်ငံက လွတ်လပ်ရေး ရလာပါတယ်။

မြန်မာ့လွတ်လပ်ရေးနဲ့အတူပဲ ပြည်တွင်းစစ်မီးကလည်း တပြိုင်တည်းလိုလို ပူးတွဲမွေးဖွားလာခဲ့ပါတယ်။ လွတ်လပ်ရေး မရမီ မှာဘဲ သူပုန်ထမှု ၂-ခု ရှိနေနှင့်ပါပြီ။ သခင်စိုး ဦးဆောင်တဲ့ အလံနီကွန်မြူနစ်ပါတီနဲ့ ရခိုင်ပြည်နယ်မှာ အစ္စလမ်မစ် မူဂျာဟီဒင် သူပုန်ထမှုတွေက ရှိနေပါပြီ။ လွတ်လပ်ရေးရပြီး ရက်တစ်ရာမပြည့်ခင်မှာပဲ မတ်လ ၂၈ ရက်နေ့မှာ သခင် သန်းထွန်း ဦးဆောင် တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ တနည်း အလံဖြူ ကွန်မြူနစ်တွေကလည်း ပျဉ်းမနာနယ်မှာ လက်နက် အစုံအလင်နဲ့ စတင် ပုန်ကန် ခဲ့ကြပါတော့တယ်။ စာရေးသူ ဦးသန့် မြင့်ဦးကတော့ ဒုတိယကမ္ဘာစစ်က စလိုက်တဲ့ စစ်မီးဟာ ပြောရကြေးဆိုရင် မြန်မာနိုင်ငံမှာ မငြိမ်းသေးပါဘူးတဲ့။ အပြင်း-အပျော့ကွာခြားမှု ရှိကောင်းရှိမယ်၊ နယ်မြေအကျဉ်း-အကျယ် ကွာကောင်းကွာ မယ်၊ ယနေ့တိုင် စစ်မီး က မြန်မာနိုင်ငံမှာ ဆက်လက်တောက်လောင်နေတုန်းပဲလို့ သုံးသပ်ခဲ့ ကြောင်းပါ ခင်ဗျား။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s