ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (၂၁)။ ပြည်တွင်းစစ်

Posted: July 15, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ နောက် တခန်းကိုတော့ သူက “အခြားသော စိတ်ကူးနိုင်ငံတော်” ဆိုပြီး ဆက်လက်တင်ပြခဲ့ပါတယ်။ အခုအခန်းမှာတော့ မြန်မာနိုင်ငံ လွတ် လပ်ရေးနဲ့အတူ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေ အနေတွေကို တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
လွတ်လပ်ရေး ရပြီးခါစ မြန်မာနိုင်ငံ အခြေအနေကို ဖော်ပြကြတဲ့အခါ မြန်မာတွေမှာရော၊ အခြားပညာရှင်တွေ မှာပါ ယုံမှတ်မှားချက်တွေ ရှိခဲ့တယ်လို့ စာရေးသူ ဦးသန့်မြင့်ဦးက ဖော်ပြပါတယ်။ အများစုက လွတ်လပ်ရေး ရပြီးခါစမှာ “ကြွယ်ဝချမ်းသာတဲ့နိုင်ငံ၊ နောက်ပိုင်း မှ မှားယွင်းဆင်းရဲသွားတဲ့ ပုံစံမျိုး” ဖော်ပြလေ့ ရှိကြပါတယ်။ အဲသည်ကာလတွေက ကိုရီး ယားနိုင်ငံထက်တောင် အခြေအနေကောင်းခဲ့တယ်ဆိုတာမျိုးအထိ မှားမှားယွင်းယွင်း ဖော်ပြလေ့ရှိကြတယ်လည်း ဆိုပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခါစ အခြေအနေက စီးပွား အလား အလာကောင်းတဲ့ ကြယ်တပွင့် မဟုတ်ခဲ့ဘူးလို့ သူက ဆိုပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ က ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးအတော်များများဟာ ဒုတိယကမ္ဘာစစ် အတွင်းက အကြီးအကျယ် ပျက်စီးခဲ့ရ ပါတယ်။ ပြီးတဲ့အခါလည်း လွတ်လပ်ရေး ရပြီး မကြာဘူး။ ပြည်တွင်းစစ်မီးက အကြီးအကျယ် တောက်လောင်လာခဲ့ပါတယ်။

လွတ်လပ်ရေးမရခင်မှာပဲ အလံနီကွန်မြူနစ်ပါတီနဲ့ မူဂျာဟစ် သူပုန်ထမှုက စတင်နေနှင့်ပါပြီ။ လွတ်လပ်ရေး ရပြီး ရက် ၁ဝဝ မပြည့်ခင်မှာပဲ သခင်သန်းထွန်း ဦးဆောင်တဲ့ အလံဖြူကွန်မြူနစ်ပါတီကလည်း လက်နက်အစုံ နဲ့ ပျဉ်းမနားနယ်မှာ မတ်လမှာ စတင် သူပုန်ထခဲ့ပါတယ်။ ဧပြီလမှာတော့ ရဲစခန်းတွေစီးတာ၊ မြို့တွေသိမ်းတာ၊ ဆန်ဂိုဒေါင်တွေ သိမ်းပိုက်တာ၊ ဓါတ်တိုင်၊ ကြေးနန်းတိုင်တာတွေ လှဲတာတွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ရောင်စုံသူပုန်ထမှုလို့ ခေါ်ရလောက်အောင် အရင် လွတ်လပ်ရေး မရခင်က ဗိုလ်ချုပ်အောင်ဆန်း စုဖွဲ့ထားခဲ့တဲ့ ပြည်သူ့ရဲဘော်တွေကပါ လက်နက်ကိုင် ပုန်ကန်ကြပြန် ပါတယ်။ အဲသည်အချိန် လွတ်လပ်ရေးရပြီးစ မြန်မာ့ တပ်မတော်မှာ စစ်သားအင်အား ၁၅ဝဝဝ လောက်ရှိပြီး၊ ရှေ့တန်း တပ်ရင်း ၁ဝ ခုနဲ့ စုဖွဲ့ထားပါတယ်။ မြန်မာ့ တပ်မတော်ထဲက တပ်ရင်း ၆၊ နောက်ပိုင်းမှာ ကျန်တဲ့ တပ်ရင်း (၂) ခု- တပ်ရင်း ၁ နဲ့ တပ်ရင်း-၃ ကလည်း တောခိုပြီး ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။ အဲသည်အချိန်လောက်က သူပုန် တွေက မြန်မာ နိုင်ငံ တဝက်လောက်ကို သိမ်းထားနိုင်ခဲ့တယ် ပြောရင်လည်း မမှားပါဘူး။ ရထား အသွားအလာတွေလည်း ရပ်ဆိုင်းလို့၊ နိုင်ငံ ကိုလည်း အရေးပေါ် အခြေအနေ ကြေညာထားရပါပြီ။

လက်နက်ကိုင် သူပုန်ထကြတဲ့အုပ်စုတွေကတော့ (ဖဆပလ) အစိုးရရဲ့ အားနည်းချက်၊ ဖိနှိပ်မှုတွေကို ထောက်ပြကြပါ တယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်တာက အာဏာသိမ်းနိုင်မယ်ဆိုတဲ့ ရည်မှန်းချက်ရှိနေတာ ကြောင့်လည်း ဖြစ်နိုင်သလို၊ ဒုတိယ ကမ္ဘာ စစ်ပြီး လက်နက်အကျွင်းအကျန်တွေ များနေတာကြောင့်လည်း ဖြစ် နိုင်ပါတယ်။ အစိုးရဖက်ကတော့ လက်ကျန် တပ်ရင်း ၆-ခု ဖြစ်တဲ့ ကရင်၊ ကချင်တပ်ရင်းတွေကို အဓိကအားကိုး ပြီး ခုခံခဲ့ရပါတယ်။ လက်ကျန်တပ်တွေ အကူအညီနဲ့ပဲ အချို့မြို့တွေကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။ အဲသည်အချိန်က ကာကွယ်ရေး စစ်ဦးစီးချုပ်က ကရင်လူမျိုး ဗိုလ်ချုပ်စမစ်ဒွန်းဖြစ်ပြီး၊ ဒုတိယ အကြီး အကဲက ဗိုလ်ချုပ်နေဝင်းဖြစ် ပါတယ်။ နောက်ပိုင်းမှာ ကွန်မြူနစ်တွေ ဌာနချုပ် လုပ်ထားတဲ့ ပျဉ်းမနားကို ပြန်သိမ်းနိုင်ခဲ့ပြီး၊ တောင်ငူမှာလည်း ကွန်မြူနစ် ၃ဝဝဝ လောက် လက်နက်ချကြပါတယ်။

ကရင်တပ်တွေကလည်း အဲသည်အချိန်က အစိုးရ အကျပ်အတည်းတွေ့နေတာကို အခွင့်ကောင်းယူဖို့ စဉ်းစား တာရှိကောင်း ရှိနိုင်ပါတယ်။ အချို့ကရင်ခေါင်းဆောင်တွေကလည်း သီးခြား ကရင်နိုင်ငံတော် ထူထောင်ဖို့ စဉ်းစားချက်တွေ ရှိနေကြပါတယ်။ အဲသည်အချိန်မှာ အချို့ စိတ်တက်ကြွ ထက်သန်နေတဲ့ ကရင်တွေဦးဆောင်တဲ့ ကေအဲန်ဒီအို တပ်တွေက မော်လမြိုင်ကို သိမ်းတာတွေ ဖြစ်လာပါတယ်။ နောက်ပိုင်း မြိတ်òမိ့မှာ အစိုးရ စစ်သားတွေက ချပ်ကျောင်းတွေမှာ ကရင် တွေကို အစု အပြုံ လိုက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ရန်ကုန်အနီးမှာလည်း ကရင်ရွာတရွာမှာ နိုင်ငံရေး သမားတဦးနဲ့ နီးတဲ့ ရဲတွေက ကရင်ရွာသား ၁၅ဝ လောက် ကို အစုအပြုံလိုက် သတ်ဖြတ်တာတွေ၊ တပ်ရင်း-၄ က မအူပင်မှာ အမေရိကန် ဘက်ပတစ် မစ်ရှင်ကျောင်းကို မီးတင်ရှို့တာတွေ ဖြစ်လာပါတယ်။ ဒီတော့ အစိုးရတပ်ထဲက ကရင်စစ်သားတွေကလည်း အင်းစိန်မှာရှိတဲ့ လက်နက်တိုက်ကို ဝင်သိမ်းပြီး၊ ပုန်ကန်ထကြွမှုတွေ ဖြစ်လာပါတယ်။ ဒီအချိန်က လွတ်လပ်ရေး ရပြီးစ တနှစ် အကြာ ၁၉၄၉ ဇန်နဝါရီလမှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို ဗိုလ်ချုပ်နေဝင်းနဲ့ အစားထိုးခဲ့ပါတယ်။ ကရင်တပ်တွေက ရန်ကုန် အနီး၊ အင်းစိန်တဝိုက်မှာတောင် နေရာယူ တပ်စွဲ တိုက်ပွဲတွေ ဖြစ်နေတော့ ဦးနုဦးဆောင်တဲ့ ဖဆပလ အစိုးရကိုလည်း “ရန်ကုန် အစိုးရ”လို့တောင် ပြောင်လှောင်ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဗြိတိသျှတွေကိုယ်တိုင် စနစ် တကျဖွဲ့စည်း လေ့ကျင့်ပေး ထားခဲ့တဲ့ ကရင်တပ်ရင်းတွေ၊ ပြောရမယ်ဆိုရင် မြန်မာ့တပ်မတော်ရဲ့ အင်အား (သုံးပုံတစ်ပုံ) ကလည်း မီးကုန်ယမ်းကုန် သူပုန်ထနေ ကြပါပြီ။ အဲသည်အချိန်က အစိုးရဖက်မှာ ကျန်တာက တပ်ရင်း-၄ ရယ်၊ စစ်ရဲတပ်တွေရယ်၊ အခုမှ စုဆောင်း သိမ်းသွင်းလာတဲ့ ဂေါ်ရခါး၊ ပြည်သူ့စစ်တပ်တွေနဲ့ ခုခံခဲ့ ကြရပါတယ်။ အဲသည်စစ်ပွဲတွေမှာတော့ ဗိုလ်ချုပ်နေဝင်းက ပြည်သူအကြားမှာ သူရဲ ကောင်းကြီးလို ဖြစ်ခဲ့ပါတယ်။ ဖဆပလ အစိုးရမှာလည်း အကျပ်အတည်းပေါင်းစုံပါ။ ဝန်ထမ်း တွေကို လစာမပေးနိုင်တော့ ဆန္ဒပြပွဲ တွေလည်း ဖြစ်လာပါတယ်။ ဖေဖေါ်ဝါရီလလည်မှာတော့ အစိုးရရုံးတွေအားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ပါတယ်။ ကချင်တပ်မှူး နော်ဆိုင်းကလည်း မြန်မာ့တပ်မတော်က ကချင်တပ်ရင်းတွေကို ဦးဆောင် လို့၊ နောက်ပိုင်းမှာ သူပုန်ထနေတဲ့ ကရင်တပ်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

ပြည်တွင်းစစ်မီး အမြင့်ဆုံးအချိန်က သူပုန်တပ်တွေ စုစုပေါင်းအင်အားဟာ ၃ဝဝဝဝ ကျော်ရှိတယ်လို့ ဆိုပါ တယ်။ မြန်မာ အစိုးရ စစ်တပ်ကတော့ အဓိက တပ်ရင်း-၄ ရယ်၊ အချို့တပ်ခွဲတွေရယ်ပေါင်းမှ ပုံမှန်စစ်သား ၃ဝဝဝ လောက်သာပဲ ရှိပါတယ်။ ဒီလို ရန်သူပတ်လည် ဝိုင်းနေတဲ့ အခြေအနေကနေ၊ ရန်ကုန်အစိုးရလို့ ခေါ်နေကြတဲ့အထိ ပြုတ်ကျလုတဲတဲ အခြေအနေကနေ ဘယ်လို ပြန်လှန်နိုင်ခဲ့တယ်ဆိုတာ၊ သူပုန်တွေက ဘာကြောင့် အရေးနိမ့်ခဲ့ကြရတယ်ဆိုတာ စာရေးသူကတော့ တိတိကျကျ မဖော်ပြပါဘူး။ အစိုးရတပ်တွေက ကွက်ကျားကွက်ကျား မြို့တွေထိမ်းထားနိုင်တဲ့ အခြေအနေကနေ သူပုန်ခြေကုတ်စခန်းတွေ တခုပြီး တခု ပြန်ရယူနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဗြိတိသျှတွေဆီက လက်နက်ခဲယမ်း အကူတွေ ရခဲ့သလို၊ ဒါကိုတာ လေယာဉ် ၆-စီးကိုလည်း လေယာဉ်မှူးတွေနဲ့အတူ ကူညီပေးခဲ့ပါတယ်။ သြစတြေလျ၊ အိန္ဒိယ၊ သီဟိုဠ်၊ အမေ ရိကန်နိုင်ငံ တွေ ကလည်း ဒေါ်လာ ၈ သန်း အစိုးရကို အကူအညီပေးခဲ့ပါတယ်။ သူတို့တွေကတော့ မြန်မာနိုင်ငံ ဓနသဟာယအဖွဲ့ ပြန်ဝင်လာနိုး မျှော်ကိုးကူညီခဲ့တာပါ။ ဗြိတိသျှ၊ အိန္ဒိယ သံအမတ်တွေ ကလည်း တွေ့ဆုံဆွေး နွေးရေးဖြစ်ဖို့ စီစဉ်ပေးခဲ့ကြပါသေးတယ်။ မအောင်မြင်ခဲ့ပါဘူး။

စာရေးသူ ဦးသန့်မြင့်ဦးကတော့ အဲသည်အချိန် မြန်မာပြည် ပြိုကွဲကျဆုံးရမယ့် အရေးက ကယ်တင်လုပ်ဆောင် ခဲ့သူတွေထဲမှာ ဦးနုနဲ့ ဗိုလ်ချုပ်နေဝင်းက အဓိကကျတယ်လို့ ဖော်ပြခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးစ နိုင်ငံတခု အဖို့ အခုပြည်တွင်းစစ်ဒဏ်က ဆိုးလှပါတယ်။ အဲသည်ကာလက စစ်ကုန်ကျစားရိတ်ကို တွက်ချက်မယ်ဆိုရင် ပေါင်သန်း ၂၅ဝ (အခုခေတ်ငွေတန်ဖိုးနဲ့ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၉ဝဝဝ ဖိုး) လောက်ရှိတယ်လို့ စာရေး သူက ဆိုပါတယ်။ အခြေ အနေဆိုးတွေက မပြီးသေးပါဘူး။

ကွန်မြူနစ်တပ်နီတော်က တရုတ်ပြည်မှာ အာဏာရ လာပြီးတဲ့နောက်မှာ တရုတ်ဖြူတပ်တွေက စစ်ပြေးရှောင် ရင်း မြန်မာ့ မြေထဲကို ၁၉၅ဝ ဇူလိုင်လမှာ စတင်ကျူး ကျော်လာခဲ့ပါတယ်။ ရှမ်းလူထုတွေကို အင်အား စုဆောင်းတပ်တိုးချဲ့တာတွေ လုပ်လာပြီး၊ ၁၉၅၃ ခုနှစ် ရောက်လာတဲ့အခါမှာ တရုပ်ဖြူ ကေအမ်တီတပ်တွေက အင်အား ၁၂ဝဝဝ ကျော် စုဆောင်း မိနေ ပါပြီ။ သံလွင်မြစ် အရှေ့ပိုင်းဒေသတခုလုံးကို သိမ်းယူလို့ တောင်ကြီးနဲ့ တရက်ချီခရီးအကွာကိုတောင် ရောက်နေပါပြီ။ သူတို့က ကရင်၊ ကချင် တောင်တန်းဒေသက သူပုန်တပ် တွေနဲ့လည်း မဟာမိတ်ဖွဲ့လာခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းနဲ့ လေယာဉ်ပျံ အဆက် အသွယ်တွေ ရှိလာတဲ့အပြင်၊ အမေရိကန်တွေက စစ်သင်တန်းလာပေးနေတာလည်း တွေ့နေကြ ရပါတယ်။ ဒီနောက်တော့ တရုပ်ဖြူကျူး ကျော်မှုရန်ကိုလည်း ဆက်တိုက်ကြရပြန်ပါတယ်။ နောက်တပတ်မှာတော့ စစ်ပွဲတွေနဲ့အတူ စစ်တပ် အင်အား ကြီးထွားလာရပုံကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s