ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (၂၃)။ ကျားမြီးဆွဲရခြင်း

Posted: July 21, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ နောက် တခန်းကို “ကျားမြီး ဆွဲရခြင်း” ဆိုပြီး ဆက်လက်တင်ပြခဲ့ပါတယ်။ တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်းပြီး နောက်ပိုင်း အခြေ အနေတွေကို တင်ပြထား ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
၁၉၆၂ ခုနှစ်၊ မတ်လမှာတော့ တိုင်းပြည်ချောက်ထဲ ကျလုနီးနီး အခြေအနေမျိုးကို ကယ်ဆယ် ဖို့လို့ အကြောင်း ပြပြီး ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက စစ်အာဏာ သိမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြန် ကြည့်ရင် ဒေသ အတွင်းမှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ တာက မြန်မာတနိုင်ငံတည်း မဟုတ်ဖူးလို့ စာရေးသူက သုံးသပ်ပြပါတယ်။ တောင် ကိုရီးယား မှာ ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး ဦးဆောင်တဲ့ စစ်အာဏာသိမ်း အစိုးရရှိနေပြီး၊ ပါကစ္စတန်မှာ ဖီးလ် မာရှယ် အာယွတ်ခန် အစိုးရ၊ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဖီးလ်မာရှယ် ဆီရစ် ဌာနာရတ်ရဲ့ စစ် အစိုးရ စသဖြင့် ရှိနေကြပါတယ်။ ကြည့်လေရာမှာ စစ်အာဏာသိမ်း အစိုးရတွေချည်းလိုလို ဖြစ်နေပြီး၊ အားကျ စရာ ဒီမိုကရေစီအစိုးရ ဆိုလို့ မရှိ သလောက်ပဲလို့ ဦးသန့်မြင့်ဦးက သုံးသပ်ဖော်ပြခဲ့ပါတယ်။ ဝမ်းနည်းစရာ ကောင်းတာကတော့ ဒီနေ့ ဒီအချိန်မှာ ကျန်တဲ့နိုင်ငံတွေက ပြောင်းလဲနေပေမယ့်၊ ကျနော်တို့ ကျန်နိုင်ငံကတော့ ဒီအတိုင်း ကျန်နေရတဲ့ အဖြစ်ပါပဲ။

တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးချိန်မှာ သိပ်ပုံမကျလှတဲ့ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” နဲ့ “လူနဲ့ ပတ်ဝန်းကျင်တို့ရဲ့ အညမည” ဆိုတဲ့စာတမ်း ၂ စောင်ကို လမ်းညွှန်သဘောတရားအဖြစ် အာဏာသိမ်း ကောင်စီက ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ဒီသဘောတရားစာတမ်းတွေက ဘယ်လိုဖြစ်နေနေ အတွင်းသဘော ကတော့ ဦးနေဝင်းရဲ့ နိုင်ငံခြားသား မုန်းတီးစိတ်နဲ့ အာဏာခုံမင် တပ်မက်မှုကို ဖုံးကွယ်ပေးဖို့ အပေါ်ယံပြယုဂ် အဖြစ် အသုံးချခဲ့တယ်လို့ စာရေးသူက ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့အချိန်မှာ စစ်အစိုးရက တလွဲတချော်လုပ်ဆောင်ခဲ့ချက်က အများသားပါ။ အာဏာသိမ်းပြီး သိပ်မကြာခင် မှာပဲ ကျွမ်းကျင်သူ အစိုးရဝန်ထမ်းတွေ၊ အထက်တန်း ပညာရှင်တွေ၊ တက်ခနိုခရက်လို့ခေါ်တဲ့ ပညာရှင်တွေဖက်ကို ပစ်မှတ် လှည့်လာခဲ့ပါတယ်။ အာဏာသိမ်းပြီး လပိုင်းအတွင်းမှာပဲ သမိုင်းဝင်ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ဗုံးခွဲဖြိုချပြီး၊ ကျောင်းသားအဖွဲ့အစည်းတွေကိုလည်း နှိပ်ကွပ်ပိတ်ပင်ခဲ့ပါတယ်။ ပညာတတ်တွေကို မယုံသင်္ကာ စိတ်ကဲ နေတဲ့အတွက် ကြောင့်လည်း ကိုလိုနီခေတ် လက်ကျန် သေချာလေ့ကျင့်ထားတဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ အရာရှိကြီးတွေ ကိုလည်း ဖြုတ်ထုတ် ရှင်းပစ်တာတွေ စလာခဲ့ပါတယ်။ ဒါတင်မက မြန်မာ နိုင်ငံထဲရှိနေတဲ့ အနောက်တိုင်း အကူအညီ ပေးရေး အေဂျင်စီက အကြံပေးတွေ၊ အာရှဖောင်ဒေးရှင်း၊ ဖို့ဒ် ဖောင် ဒေးရှင်း စသဖြင့်က နိုင်ငံခြားသား ပညာရှင်တွေ ကိုလည်း နှင်ထုတ်ခဲ့ပါတယ်။ မြန်မာလူငယ် ရာပေါင်းများစွာကို အနောက်တိုင်း နိုင်ငံတွေဆီ ပညာတော်သင် လွှတ်ပေးဖို့ ထောက်ပံ့နေတဲ့ ဖူးလ် ဘရိုက် စကော်လာရှစ် စသဖြင့် ပညာရေး အကူအညီတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ ဒီနေ့ အချိန်မှာ ဝါရှင်တန်၊ အီတလီနိုင်ငံ ဘိုလွန်းဂါး၊ တရုတ်နိုင်ငံ နန်ကင်း စသဖြင့်မှာ ဌာနခွဲကျောင်းတွေရှိနေတဲ့ အမေရိကန် နိုင်ငံ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် (John Hopkins University) က အဲသည် အချိန်က ရန်ကုန်မှာလည်း အဆင့်မြင့် နိုင်ငံတကာလေ့လာရေးကျောင်းခွဲ ရှိခဲ့ပါတယ်။ ဒီကျောင်းကိုလည်း စစ်အစိုးရက ပိတ်ပစ်စေခဲ့ပါတယ်။ ဗြိတိသျှ-အမေရိကန်သံရုံးတွေက အင်္ဂလိပ် ဘာသာ သင် သင်တန်း တွေကိုလည်း ပိတ်ပင်စေခဲ့ပါတယ်။ စစ်ဝါဒ စစ်စစ်ကို မြန်မာနိုင်ငံမှာ စတင်ကျင့်သုံးလာခဲ့တယ်လို့ ဆိုရင် ရနိုင် ပါတယ်။ နိုင်ငံခြားသားတွေကိုလည်း ဗီဇာပိတ်ပင်လို့ တိုင်းပြည်အတွင်း ဝင်လာခွင့်ကို စတင်ပိတ်ပင်ခဲ့ပါတယ်။

အဲသည်အချိန်ကဆိုရင် ရန်ကုန်လေဆိပ်ဟာ ကမ္ဘာကျော်လေကြောင်းလိုင်းတွေဖြစ်တဲ့ ပန် အန် (Pan Am)၊ ဘီအိုအေစီ (BOAC)၊ နော့်သ် ဝက်စ် (Northwest)၊ ပြင်သစ်အဲယား (Air France)၊ ကေအယ်လ်အမ် (KLM) စသဖြင့် လေကြောင်း လိုင်းတွေရဲ့ ဒေသဆုံချက်ဖြစ်နေခဲ့ပါ တယ်။ စင်္ကာပူ၊ ဘန်ကောက် သွားလိုသူတွေတောင် ရန်ကုန်မှာ တထောက်နားပြီး ခရီးဆက်ခဲ့ကြရတဲ့ အခြေ အနေပါ။ ဒီအခွင့်အရေး ကိုလည်း လက်လွှတ်လို့ တိုင်းပြည်ကို တံခါးပိတ်ပစ်ခဲ့ပါတယ်။

နောက်ထပ် အလွဲအချော်ကိစ္စအဖြစ် တော်လှန်ရေးကောင်စီ စစ်အစိုးရက လမ်းလွဲရွေးချယ်ခဲ့တာကတော့ တိုင်းပြည်ထဲက စီးပွားရေးလုပ်ငန်းငယ်တွေက အစ ပြည်သူပိုင်သိမ်းခဲ့တာ ဖြစ်ပါတယ်။ နောက်မကြာခင်မှာပဲ ဒီနေရာတွေမှာ အစိမ်းရောင် ပေါ် အဖြူနဲ့ရေးထားတဲ့ ပြည်သူ့ဆိုင်ဆိုတာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ကွမ်းယာဆိုင်၊ အိမ်ဆိုင်ကအစ လုပ်ငန်း အသေး အဖွဲတွေအထိ ပြည်သူပိုင် သိမ်းပိုက်ခဲ့ပါ တယ်။ အကျိုးဆက်ကတော့ ကြောက်ခမန်းပါပဲ။ စနစ်တကျ အုပ်ချုပ် စီမံခန့်ခွဲသူတွေ မရှိတဲ့ အခြေအနေမှာ အာဏာသိမ်းပြီး ၅ လ အကြာ၊ သြဂုတ်လမှာတော့ စက်မှုလက်မှုလုပ်ငန်းတွေက ထုတ်လုပ်မှုရဲ့ ၄ဝ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ အလုပ်လက်မဲ့နှုန်းလည်း အဆမတန်တိုးတက်လာခဲ့ပါတယ်။

နောက်တခါမှာတော့ ၁၉၆၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ဦးနေဝင်းက မြန်မာနိုင်ငံအတွင်းက အိန္ဒိယနွယ်ဖွား မိသားစုတွေ၊ အင်္ဂလိပ် ကပြား မိသားစုတွေကို နှင်ထုတ်တဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချိန်က အိန္ဒိယဝန်ကြီးချုပ် ပန်ဒစ်နေရူးက နှစ်နိုင်ငံ ဆက်ဆံ ရေးကိုကြည့်လို့ အိန္ဒိယနွယ်ဖွား မိသားစုတွေကို ပြန်လက်ခံခဲ့ပါတယ်။ လေယာဉ်၊ သင်္ဘောတွေ လွှတ်ပေး ပြီး ကြိုတဲ့ အထိ ဆောင်ရွက်ပေးခဲ့ပါတယ်။ အချို့မိသားစုတွေက မြန်မာနိုင်ငံမှာ နေထိုင်တာ ကာလကြာမြင့်ပြီ ဖြစ်တဲ့အပြင်၊ မြန်မာ စကားကလွဲလို့ အခြားစကားတောင် မပြောကြတော့ပါဘူး။ ဒီလိုနှင်လိုက်တဲ့အထဲမှာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်၊ ရှေ့နေ၊ ဆရာဝန်၊ ကျောင်းဆရာ အများအပြား လည်း နိုင်ငံက ထွက်ခွာသွားကြရပါတယ်။ အာဏာ ရှင် အီဒီအာမင်ရဲ့ ယူဂန်ဒါမှာလည်း အလားတူ အိန္ဒိယန်း တွေကို နှင်ခဲ့ပါတယ်။ ရလဒ်ကတော့ တိုင်းပြည်စီးပွားရေး ပိုလို့ ထိခိုက်သွားရတာပဲ ဖြစ်ပါတယ်။ ကိုလိုနီအမွေ အဖြစ် ကျွင်းကျန်နေတဲ့ အိန္ဒိယနွယ်ဖွား၊ တရုတ်နွယ်ဖွားတွေကို ကောင်းစွာ ပေါင်းစည်းနိုင်ခဲ့တဲ့ မလေးရှားလို လူမှုအဖွဲ့အစည်းမှာတော့ ပိုလိုမြန်မြန်ဆန်ဆန် တိုးတက်အောင်မြင်ခဲ့တယ်လို့ စာရေးသူ က ယှဉ်ပြပါတယ်။

ဒီလို မူဝါဒအမှားတွေအောက်မှာ တိုင်းပြည်အခြေအနေက အလျှင်အမြန်ပဲ ယုတ်လျော့ကျဆင်းလာခဲ့ပါတယ်။
နောက်ပိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စစ်တပ်ထဲက ဗိုလ်တွေ၊ အငြိမ်းစားယူပြီးတဲ့ စစ်တပ်အရာရှိတွေ၊ သူယုံကြည် နိုင်တဲ့ လက်ဝဲနိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၆၅ ခုနှစ် ပါတီအစည်းအဝေးတခု မှာတော့ အကယ်၍ မြန်မာနိုင်ငံ မှာသာ စားစရာ ပေါကြွယ်ဝမနေခဲ့ရင်၊ လူတွေ ငတ်ပြီးသေနိုင်တယ်ဆိုပြီး ပြည်သူပိုင်သိမ်းတဲ့ လုပ်ငန်းရဲ့ အမှားတွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။ ဒီအချိန်မှာတော့ မြန်မာပြည်က ပြည်သူ့ဆိုင်တွေမှာ လူထုတွေက ခွဲတမ်းနဲ့ တန်းစီရတာ၊ ပုဆိုးတထည်ရဖို့ တန်းစီရတာတွေ ဖြစ်လာနေပါပြီ။ ဦးနေဝင်းက လာလည်တဲ့ စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယူ လာလည်တဲ့ အခါမှာ သူတော့ ကျားမြီးဆွဲမိသလို ဖြစ်နေပြီ၊ လွှတ်လို့လည်း မဖြစ်နိုင် တော့ပါဘူး၊ အခြားရွေးချယ်စရာလမ်းလည်း မရှိတော့ဘူးလို့ ထုတ်ဖော်ပြောခဲ့ ပါတယ်။ သူ့ဘေးမှာ ပတ်လည်ဝိုင်းနေ တာကလည်း စစ်တပ်အရာရှိဟောင်းတွေနဲ့ မသိနားမလည်တဲ့ အရပ် သားအရာရှိတွေမျှသာပဲ ရှိပါတော့တယ်။ ဒီတော့လည်း သူက ကျားမြီးကို ဆက်ဆွဲတဲ့လမ်းကိုပဲ ရွေးချယ်ခဲ့ ပါတယ်။

နောက်ပိုင်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ လက်ကျာအင်အားစုတွေက သူပုန်ထကြသလို၊ တိုင်းရင်းသား သူပုန်ထမှုတွေ ကလည်း ပိုလို့ ကျယ်ပြန့်လာပါတယ်။ တရုတ်ပြည်က ဝါဒရေးရာအရ အကူအညီပေးတဲ့အနေနဲ့ ဗမာပြည်ကွန်မြူနစ် ပါတီကို ထောက်ပံ့ပေးတဲ့အခါ မြန်မာပြည် မြောက်ဖက်မှာ ကွန်မြူနစ်သူပုန်ထမှုကလည်း ပိုလို့ ကြီးထွားလာခဲ့ပါတယ်။ သည်လို အခြေအနေတွေအောက်မှာ ပြည်တွင်းမှာ ရံဖန်ရံခါ ဆန္ဒပြပွဲတွေနဲ့ လုံးချာ လည်လာရင်း ၁၉၈၈ ခုနှစ် အထွေထွေ ဒီမိုကရေစီ လူထုအုံကြွမှုကြီး ဖြစ်လာခဲ့ပါတယ်။ ဦးနေဝင်းကိုယ်တိုင် လည်း နိုင်ငံရေးက အနားယူခဲ့ရသလို၊ သူ တည်ထောင်တဲ့ မဆလ ပါတီလည်း တခန်းရပ် ဇာတ်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့် စစ်အာဏာ သိမ်းအစိုးရနဲ့ ကြုံရ ပြန်ပါတယ်။ သေချာတာကတော့ ဒီကာလတွေမှာ မြန်မာနိုင်ငံက ကမ္ဘာ့မိသားစုရဲ့ အဖွဲ့ဝင် အိမ်သားကောင်း တယောက်အနေနဲ့ စွမ်းဆောင်ခဲ့တယ် ဆိုရင် တောင်မှ တကယ့်ကို အနိမ့်ဆုံးကာလ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း မဟန်၊ သူများလည်း မကူနိုင်ခဲ့တဲ့ ဘဝပါ။ နောက်တပတ်မှာတော့ ဒီနေ့ကာလ ပြဿနာတွေနဲ့ သူ့ရဲ့မေးခွန်းတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s