ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (၂၄)။ ရှေးမူနှင့် ကွဲလာခြင်း

Posted: July 24, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ နောက် တခန်းကို “ရှေးမူကို အထပ်ထပ်ပြင် ရေးခဲ့တဲ့ စပ်ထိုးစာ” ဆိုပြီး ဆက်လက်တင်ပြခဲ့ပါတယ်။ လက်ရှိ စစ်အစိုးရ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နောက်ပိုင်း အခြေအနေတွေနဲ့ မြန်မာ့ လူ့အဖွဲ့အစည်းတခုလုံး ‘စစ်နိုင်ငံတော်’ ဖြစ်လာပုံကို သုံးသပ် တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
၁၉၈၈ ခုနှစ်၊ လူထုအုံကြွမှုအပြီးမှာတော့ မြန်မာနိုင်ငံ ကို အထီးကျန်နိုင်ငံတခုအဖြစ် နှစ် ၂ဝ ကျော် တံခါးပိတ် အုပ်ချုပ် နေခဲ့တဲ့ ဦးနေဝင်း နိုင်ငံရေးဇာတ်ခုံပေါ်က ဆင်း သွားခဲ့ပါတယ်။ တချိန်က မြန်မာ့နိုင်ငံမှာ တခုတည်းသော ဦးဆောင် ပါတီလို့ ဆိုခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလည်း တခန်းရပ်ခဲ့ရပါတယ်။ ဒါပေမယ့် ကံဆိုးတာက စစ်အာဏာသိမ်း အစိုးရ နဲ့ နောက်ထပ် ကြုံကြရပြန်ပါတယ်။ ဦးနေဝင်း ဆင်းသွားတာကို ဘယ်သူမှ ဝမ်းမနည်းကြ သလို၊ မြန်မာနိုင်ငံ မှာလည်း ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ် မလာခဲ့ပါဘူး။ စစ်အစိုးရက မာရှယ်လောနဲ့ ယနေ့တိုင် ဆက်လက် အုပ်ချုပ်နေတဲ့ အတွက်ကြောင့်လည်း၊ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး စစ် အာဏာရှင်စနစ်လို့တောင် ဆိုနိုင်ပါ တယ်။

စစ်အာဏာသိမ်းပြီးတဲ့ အချိန်မှာ လူငယ်ကျောင်းသားတွေက လက်နက်ကိုင်တော်လှန်ရေး လုပ်မယ်ဆိုပြီး၊ နယ်စပ်က တိုင်းရင်းသား သူပုန်တွေနဲ့ ပူးပေါင်းလာတဲ့အခါ လူငယ်တဦးဖြစ်တဲ့ ဦးသန့်မြင့်ဦးကလည်း နယ်စပ်ကို ခဏတဖြုတ် ရောက်လာ ကူညီပေးခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ မြန်မာပြည်ကို ပြောင်းလဲနိုင်လိမ့် မယ်လို့လည်း ထင်ခဲ့ပါတယ်။ စစ်အစိုးရ အပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ လုပ်လာစေဖို့လည်း နိုင်ငံတကာ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပူးပေါင်းခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း အခုလိုအချိန်ကြာမြင့်လာတဲ့အချိန်မှာ သူ့ရဲ့သုံးသပ်ချက်တွေကလည်း ပြောင်းလဲလာခဲ့တာကို ဦးသန့်မြင့်ဦး က ဖော်ပြပါတယ်။ သူက ဂျော်နီထူး၊ လူသာထူး ကလေး နှစ်ယောက်က ဦးဆောင်တဲ့ ဂေါ့ဒ်အာမီ (God Army) က ထိုင်းနိုင်ငံက ဆေးရုံတခုဝင်သိမ်းတဲ့အကြောင်း၊ ထိုင်းအစိုးရက ချက်ချင်းအရေးယူခဲ့ပြီး ဆေးရုံသိမ်းပိုက်စီး နင်းတဲ့သူတွေ အားလုံးကို ကွပ်မျက်ခဲ့တဲ့အကြောင်း ဖြစ်ရပ်တခုကို ဥပမာပေးလို့ မြန်မာနိုင်ငံအရေးက နိုင်ငံတကာပရိသတ်တွေ အကြားမှာ အတော် ဝေဝေဝါးဝါးနိုင်လှကြောင်း ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံသတင်းကို ပြည်ပက သိကြသူတွေမှာ တခါတလေ ကလေးစစ်သားကိစ္စ၊ တခါတလေ ဘိန်းကုန်ကူးနေသူအကြောင်း၊ ဗီယက်နမ် စစ်ပွဲလိုမျိုး တောနက်မဲကြီးထဲ ဖြစ်နေတဲ့စစ်ပွဲတွေ၊ စသဖြင့် ဘယ်မှာစ ဘယ်မှာဆုံးမယ် မသိတဲ့ ဝေဝေဝါးဝါး အကြောင်းတွေ၊ မျှော်လင့်ချက် ကင်းမဲ့စရာ အခြေအနေတွေလည်း ရှိသလို ဒေါ်အောင် ဆန်းစုကြည်နဲ့ ရန်ကုန် မြို့ပြက ဒီမို ကရေစီလှုပ်ရှားမှုဆိုတာလည်း ကြားသိ နေရတယ် ဆိုပါတယ်။ ဘယ်သူကမှ အခြေအနေ တစုံလုံးကို နားလည် နိုင်ဖို့ခက်တဲ့အခါ လှုပ်ရှားသူ၊ ကမ်ပိန်းလုပ်သူ တွေက မြန်မာနိုင်ငံအကြောင်းကို အဖြူ-အမဲ ခပ်လွယ် လွယ် တင်ပြနိုင်မယ့်နည်းမျိုးကို ရွေးချယ်ခဲ့ရတဲ့ အခြေအနေ ကိုလည်း ပြောပါတယ်။ အင်တာနက်၊ သတင်းနည်း ပညာတွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာတဲ့ တက်ကြွလှုပ်ရှားသူ တွေကလည်း နိုင်ငံတကာ စည်းရုံးလှုပ်ရှားမှု တွေကြားမှာ “စစ်အစိုးရဆိုရင် အကုန်ဆိုး၊ ဒေါ်အောင်ဆန်းစုကြည် အကုန်ကောင်းတယ်” ဆိုတဲ့ သတင်းမျိုးကိုသာ ရွေးထုတ် တင်ပြနိုင်ကြတော့တယ်လို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုတွေက အတော်လည်း အောင်မြင်မှုရခဲ့ပါတယ်။

ဒါပေမယ့် စာရေးသူ ဦးသန့်မြင့်ဦးက စစ်အစိုးရရဲ့ စဉ်းစားချက်၊ စစ်အစိုးရဖက်က မြင်တဲ့အခြေအနေကိုလည်း ဆွေးနွေးပြခဲ့ ပါတယ်။ စစ်အစိုးရကတော့ ဒီနေ့အခြေအနေကို သူတို့အတွက် အကောင်းဆုံးလို့ မြင်နိုင်ပါတယ်။ စစ်အင်အား ၄ သိန်း အထိ အဆမတန် တိုးတက်လာသလို၊ ပိုလို့ အဆင့်မြင့်လက်နက်တွေ တပ်ဆင်ထားတဲ့ စစ်တပ်ဖြစ်နေခဲ့ပါပြီ။ အဲဒါအပြင် အစိုးရ ယန္တယား၊ ဘဏ္ဍာဝင် ငွေတွေကိုလည်း ထင်သလို သုံးနိုင်၊ ချယ်လှယ် နိုင်တဲ့ အခြေအနေပါ။ အရင်တိုင်းရင်းသား သူပုန် အင်အားစု အများကိုလည်း အပစ်အခတ်ရပ်စဲထားနိုင်ခဲ့ပါပြီ။ ဒီလိုအခြေအနေမျိုးကို စစ်တပ်က အိပ်မက်ကမ္ဘာ (Fantasy world) လို့ ယူဆလိမ့်မယ်လို့ သူက တင်ပြပါ တယ်။ သမိုင်းကြောင်းအရလည်း တိုင်းပြည်ပြိုကွဲမယ့် အခြေ အနေတိုင်း စစ် အင်အားနဲ့ စုစည်းခဲ့ရတာချည်း၊ စစ်တပ်က ကယ်တင်ရှင် စသဖြင့် သူတို့သမိုင်းကို မြင်ထားနိုင်ပါတယ်။ ဒီလို အခြေအနေက ဆုတ်ခွာအောင် ဘယ်လိုလုပ်ကြမှာလည်း ဆိုတာလည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။

ဦးသန့်မြင့်ဦးကတော့ မြန်မာနိုင်ငံအပေါ် သူ့ရဲ့အဓိက သုံးသပ်ချက် (၂) ခုကို အခုလို တင်ပြပါတယ်။ ပထမ တချက်က မြန်မာ နိုင်ငံမှာ “နိုင်ငံတော်တည်ဆောက်ရေး” လို့ခေါ်တဲ့ (State building) လုပ်ငန်းဟာ မအောင်မြင်ခဲ့ဘူး၊ မလုပ်နိုင်ခဲ့ ဘူးလို့ ဆိုပါတယ်။ ခေတ်ပြိုင်ကမ္ဘာနဲ့အညီ ပြုပြင်ပြောင်းလဲမယ့် မင်းတုန်းမင်း၊ သီပေါမင်း ကာလ ကြိုးပမ်းချက်တွေက ဗြိတိသျှ ကိုလိုနီနယ်ချဲ့ စနစ်အောက်မှာ အရာမရောက်ဖြစ်ခဲ့ရပါတယ်။ ရိုးရာဓလေ့ ထုံးတမ်းတွေလည်း ပျက်စီးကျဆုံး ခဲ့ရပါတယ်။ ဗြိတိသျှ အုပ်ချုပ်သူတွေက လာရောက်အစပျိုးလာတဲ့ အစိုးရ အုပ်ချုပ်ရေးစနစ်တွေ၊ တရားရေးစနစ်၊ စနစ်ကျတဲ့ ရဲစနစ်၊ စစ်တပ်ဆိုင်ရာ ကိစ္စတွေ၊ နောက်ပိုင်း ရွေးချယ်တင်မြှောက်တဲ့ ပါလီမန်စနစ်တွေကိုလည်း နိုင်ငံရပ်ခြားက သဘောမတူဘဲ လာချတဲ့စနစ်လို့ မြင်ကြပါတယ်။ မြန်မာ့ လူမှုအဖွဲ့အစည်းထဲ ဒီလို ဓလေ့အသစ်တွေ မစိမ့်ဝင်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ဗြိတိသျှ အုပ်ချုပ်ရေးက ရုတ်ချည်းပြိုဆင်းခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဦးနုက ဒီမိုကရေစီနိုင်ငံ ထူထောင် ဖို့ ကြိုးပမ်း ချက်တွေမှာလည်း ပြည်တွင်းစစ်မီး၊ တရုတ်ဖြူ ကျူးကျော်စစ်၊ နောက်ပိုင်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုတွေ နဲ့ နိဂုံးချုပ်ခဲ့ရပြန်ပါတယ်။ ဒီနေ့အခြေအနေမှာတော့ တနိုင်ငံလုံးက စစ်အဖွဲ့အစည်း၊ စစ်နိုင်ငံတော် ဖြစ်နေခဲ့ပါ ပြီ။

စစ်တပ်ကတော့ မြင်မြင်ရာ ရန်သူလို့ ထင်လိုက်၊ အလုံးစုံကို သူကြေကိုယ်ကြေ ချေမှုန်းရေး စစ်ပွဲ၊ ပြည်ပဆိုရင်လည်း သံသယ နဲ့မြင်၊ နိုင်ငံခြား မုန်းတီးရေးကလည်း ကြီးထွားလာ၊ ပြည်သူလူထုတွေကတော့ သူတို့ စစ်ယန္တယားကို ထောက်ခံ ပံ့ပိုးဖို့ အနေ အထားမှာပဲ မြင်ထားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဒုတိယ အချက်ကတော့ နိုင်ငံမှာရှိတဲ့ လူထုတွေရဲ့ အတွေးအခေါ်နဲ့ ဆိုင်တယ်လို့ သုံးသပ်ပါတယ်။ မြန်မာ့လူ့ အဖွဲ့အစည်း သမိုင်း တလျှောက်လုံး သယ်ဆောင်လာတဲ့ ဗုဒ္ဓြွဘာသာ၊ ရိုးရာတွေက ကိုလိုနီစနစ်အောက်မှာ ဖြည်းဖြည်းချင်း ဆိတ်သုဉ်း ခဲ့ရပါတယ်။ ယခင် မင်းနဲ့ပြည်သူ ယုံကြည်နားလည်မှုလည်း ပျောက်ခဲ့ရပြီး၊ ကိုလိုနီ လက်ထက်မှာ အစိုးရ-ပြည်သူ ဆက်ဆံရေးက မယုံ သင်္ကာသဘော ပိုဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း လွတ်လပ်ရေးလှုပ်ရှားမှုကာလတွေ နောက်ပိုင်းမှာတော့ စစ်သွေးကြွတဲ့ အမျိုးသားရေးဝါဒရယ်၊ အနာဂတ် မြန်မာနိုင်ငံအပေါ် မတူကွဲပြားတဲ့ စိတ်ကူးတွေ ပေါ်ထွက်လာပါတယ်။ ၁၉၃ဝ-ခုနှစ်များ ကျောင်း သားသမဂ္ဂ ကာလတွေကတည်းက ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဒီမိုကရေစီ စသဖြင့် အတောမသတ် ဆွေးနွေးပွဲတွေနဲ့ မြန်မာ့အရေးကို တွေးဆခဲ့ကြပါတယ်။ ဒါပေမယ့် အားနည်းချက်က မြန်မာ့ သမိုင်းမှာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စသဖြင့် မူတွေအပေါ် လက်တွေ့ကျကျ-ပိုလို့ သက်ဝင်နက်နဲစွာ ဆွေးနွေး ငြင်းခုန် တိုင်ပင်မှုတွေ အားနည်းခဲ့တယ် လို့ ဆိုပါတယ်။ အလားတူပဲ လူနည်းစု တိုင်းရင်းသားတွေ အခွင့်အရေး၊ မြန်မာ့ လူအဖွဲ့အစည်းရဲ့ ဝိသေသ လက္ခဏာအသစ်၊ ဒါတွေကိုလည်း အကျေအလည် တိုင်ပင်ဆွေးနွေးနိုင်ခဲ့တာ မရှိခဲ့ပါဘူး။ စစ်အစိုးရဖက်မှာချည်း အားနည်းနေတာမဟုတ်၊ အတိုက်အခံတွေဖက်မှာလည်း ဒီလို အချက်တွေ အားနည်းနေခဲ့တယ်လို့ ထောက်ပြပါတယ်။

နောက်တပတ်မှာတော့ ဒီနေ့ကာလအတွက် သူမြင်တဲ့ အဖြေနဲ့ မြန်မာ့လူ့အဖွဲ့အစည်း ဘယ်လိုပြုပြင် ပြောင်းလဲနိုင်မယ် ဆိုတဲ့ သူ့အမြင်၊ စာအုပ်နိဂုံးကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s