အတွေးအခေါ်တော်လှန်ရေး (၃) (A Revolution of The Mind by Jonathan Israel )

Posted: July 30, 2011 in ဗဟုသုတ

* အနောက်ဥရောပ အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးသမား radical နဲ့ ပြုပြင်ရေးသမား moderate တွေ ပေါ်ထွက်လာလာပုံကို ဂျော်နသန်အစ္စရေးက ရှင်းပြထားတယ်။ ညီမျှရေး (equality) ဆိုင်ရာသဘောထားမှာ အခြေခံပြီး အယူအဆကွဲပြားသွားကြတာဖြစ်တယ်။ အင်္ဂလိပ်ပညာရှင် ဂျွန်လော့ခ် John Locke (၁၆၃၂-၁၇၀၄) က ပြုပြင်ရေးသမားတွေရဲ့ ရှေ့ပြေးခေါင်းဆောင်ဖြစ်လာပြီး ဒတ်ခ်ျပညာရှင် Spinoza စပင်နိုဇာ (၁၆၃၂-၁၆၇၇) က တော်လှန်ရေးသမားတွေရဲ့ ရှေးဦးဆရာဖြစ်လာတယ်။ ညီမျှရေးဝါဒမှာ အခြေခံတဲ့ လူမှုရေးအမြင်ကနေ ခေတ်သစ်ဒီမိုကရေစီ အယူအဆ ထွက်ပေါ်လာတာပါပဲ။ ဒီမိုကရေစီဟာ အကောင်းဆုံးအစိုးရစနစ်လို့ ပထမဆုံးပြောသူတွေထဲမှာ ‘စပင်နိုဇာ’ ပါဝင်တယ်။ * ရာထူးအဆင့်အတန်းနဲ့ မြေယာပိုင်ဆိုင်မှုကို ရှေးရိုးအစဉ်အလာတိုင်း လက်ခံထားတာဟာ လူ့အဖွဲ့အစည်းကို ပျက်စီးစေတယ်လို့ တော်လှန်ရေးဝါဒီတွေက မြင်ကြတယ်။ အဖိနှိပ်ခံ၊ အနှိမ်ခံ သာမန်လူတန်းစားထဲကသာ ပညာထူးချွန်သူတွေ ပေါ်ထွက်လာတာဖြစ်လို့ ပညာတတ်သူကသာ ရာထူးရပိုင်ခွင့်ရှိတယ်လို့ တော်လှန်ရေးဝါဒီတွေက မြင်တယ်။

ဂျွန်လော့နဲ့ စပင်နိုဇာကွယ်လွန်ပြီး အနှစ် (၇၀) လောက်ကြာတော့ အခွင့်ထူးခံလူနည်းစုအုပ်ချုပ်မှု Aristocracy ကို ဆန့်ကျင်မှု အားကောင်းလာတယ်။ လွတ်လပ်မှုဆိုတာ အာဏာပိုင်တွေ ထင်သလိုလုပ်တာကို ဆိုလိုတာဖြစ်ကြောင်း မီးအားဘူ- Mirabeau (၁၇၄၉-၉၁)၊ ဒေါလ်ဘတ်ရှ- d’Holbach၊ ဒီဒါရိုး-Diderot၊ အလ်ဗိရှု-Helvetius (၁၇၁၅-၁၇၇၁) တို့က ယူဆတယ်။ ဒါပေမယ့် လူသားအားလုံး စီးပွားရေးညီမျှရမယ်ဆိုတာကို သူတို့က လက်မခံဘူး။ လူ့အဖွဲ့အစည်းကို အများဆုံးအသုံးပြုသူဟာ အများဆုံးဆုလာဘ်ခံစားခွင့်ရှိရမယ်လို့ သူတို့ ယုံကြည်တယ်။ * လူတိုင်းဟာ အလုပ်ကြိုးစားကြတာမဟုတ်တဲ့အတွက် ကြိုးစားရင် ကြိုးစားသလို အကျိုးခံစားခွင့် ရှိတယ်လို့ဆိုတယ်။ တဦးနဲ့တဦး အရည်အချင်းမတူတာကြောင့် အရည်အချင်းကိုလိုက်ပြီး အကျိုးခံစားခွင့်ပေးရမယ်လို့ တော်လှန်ရေးဝါဒီတွေက ယုံကြည်တယ်။ တိုင်းပြည်ရဲ့ ဓနဥစ္စာခွဲဝေမှု အကြီးအကျယ် ကွာဟနေတာ လက်ခံနိုင်စရာမရှိလို့ နိုင်ငံသားရဲ့ပိုင်ဆိုင်မှုမှာ ချိန်ခွင့်လျှာလို မျှမျှတတ a just equilibrium ဖြစ်အောင် လုပ်ရမယ်လို့ ယူဆကြတယ်။ နိုင်ငံသားအားလုံးကို တတ်နိုင်သမျှ ကြည့်ရှုစောင့်ရှောက်ဖို့ အစိုးရတိုင်းမှာ တာဝန်ရှိတယ်လို့လည်း တော်လှန်ရေးဝါဒီတွေက ယူဆတယ်။ ဘာသာရေးကင်းရှင်းတဲ့ ကိုယ်ကျင့်တရားဟာ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး၊ အသားအရောင်မရွေး အတူတူသာဖြစ်ရမယ်လို့ ဆိုတယ်။ ဒေါလ်ဘတ်ရှ၊ မီးအားဘူ၊ ဘရီစိုနဲ့ တွမ်ပိန်းတို့က အကြမ်းမဖက်ဘဲ နှလုံးရည်တိုက်ပွဲဝင်ကြဖို့ ဆော်သြပေမယ့် ဒီဒါရိုးကတော့ ဖိနှိပ်တဲ့အာဏာပိုင်တွေကို ပုန်ကန်ဖို့ ဆင်းရဲသားတွေကို တိုက်တွန်းတဲ့အထိ ပြင်းထန်လာတယ်။ ပြင်သစ်တပြည်လုံးမှာ လျှို့ဝှက်ထုတ်ဝေတဲ့ တော်လှန်ရေးစာပေပျံ့နှံ့နေတာဟာ အတွေးအခေါ် တော်လှန်ရေးဖြစ်ပွားနေတာပါပဲ။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ ပဲရစ်အာဏာပိုင်တွေဟာ တော်လှန်တဲ့အတွေးအခေါ် စာအုပ် (၇) အုပ်ကို ၁၇၇၀ မှာ မီးလျှို့ဖျက်ဆီးပြတယ်။ * ဂန္ထ၀င်ဘောဂဗေဒ (classical economics) လို့ ဒီကနေ့ လူသိများတဲ့ စီးပွားရေးပညာဟာ ၁၇၆၅ နဲ့ ၁၇၇၅ အကြားမှာ ပေါ်ထွက်လာတယ်။ တူဂိုး-Turgot (၁၇၂၇-၁၇၈၁) ရဲ့ စီးပွားရေးစာတမ်း (၁၇၆၆) မှာ ထွက်လာပြီး ဘက်ကဲရီယာ-Beccaria (၁၇၃၈-၁၇၉၄) ရဲ့စာတမ်းဟာ (၁၇၇၁) မှာ ထွက်လာတယ်။ အဒမ်စမစ်- Adam Smith ရဲ့စာတမ်းကို (၁၇၇၆) မှာ ထုတ်ဝေတယ်။ ဒီပညာရှင် (၃) ဦးဟာ ထူးခြားတဲ့ပါရမီရှင် မိုးကျရွှေကိုယ်တွေမဟုတ်ဘူး။ သူတို့ခေတ်မှာ ရေပန်းစားတဲ့ ဒဿနအမြင်၊ ကိုယ်ကျင့်တရားနဲ့ လူမှုရေး အယူအဆက မွေးထုတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ ဂျော်နသန်အစ္စရေးက ရှင်းပြတယ်။ *

အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးသမားနဲ့ ပြုပြင်ရေးသမား ပြိုင်ဆိုင်ကြတဲ့ နောက်ခံသမိုင်းကြောင်းကို နားလည်မှ ဂန္ထ၀င်ဘောဂဗေဒပညာရဲ့ အခန်းကဏ္ဍကို နားလည်လိမ့်မယ်လို့ ဂျော်နသန်အစ္စရေးက ဆိုတယ်။ ဈေးကွက်ကို မချုပ်ချယ် မကန့်သတ်ဘဲ လွတ်လပ်ခွင့်ပေးလိုက်ရင် လူ့အဖွဲ့အစည်းဟာ တိုးတက်ဖွံ့ဖြိုးလာလိမ့်မယ်လို့ တူဂိုး၊ ဘက်ကဲရီယာနဲ့ အဒမ်စမစ်တို့က ဆိုတယ်။ ရှေးဓလေ့ထုံးစံ မှားယွင်းတဲ့လမ်းစဉ်၊ အခွင့်ထူးခံယူမှု၊ ချုပ်ချယ်မှု၊ လက်ဝါးကြီးအုပ်မှု၊ မတရားအခွန်စည်းကြပ်မှု စတာတွေဟာ စီးပွားရေးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေတယ်လို့ သူတို့က ယုံကြည်တယ်။ ဒါပေမယ့် ဒီချွတ်ယွင်းချက်တွေကို ပြုပြင်ပြောင်းလဲရာမှာ တည်ဆဲစနစ်နဲ့ ဘာသာရေးအကြီးအကဲတွေကို မထိခိုက်မနစ်နာစေဘဲ အကောင်အထည်ဖော်နိုင်တယ်လို့ သူတို့ကမြင်တယ်။ ပြည်သူတွေ ဆင်းရဲနွမ်းပါးနေတာကိုတော့ အဓိကမထားကြဘူး။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုတွေ ရုပ်သိမ်းလိုက်ရင် ဆင်းရဲမှုပြဿနာ ကွယ်ပျောက်သွားလိမ့်မယ်လို့သာ ဆိုပါတယ်။

စီးပွားရေးတိုးတက်မှုဆိတ်သုဉ်းနေလို့ တရုတ်ပြည်မှာ ဆင်းရဲသားများနေရတာကို တူဂိုးက ထောက်ပြတယ်။ * ဒီစီးပွားရေးပညာရှင်တွေရဲ့ ပြုပြင်ရေးအယူအဆကို ဒီဒါရိုး၊ အလ်ဗီရှု၊ ဒေါလ်ဘတ်ရှနဲ့ ဘရီစိုတို့က ဆန့်ကျင်ကြတယ်။ ခေတ်ဟောင်းကို ပြုပြင်ပြီးတည်ဆောက်တဲ့ စီးပွားရေးစနစ်သစ်ကို သူတို့က အယုံအကြည်မရှိကြဘူး။ မကောင်းတဲ့ စနစ်ဟောင်းကို ပြုပြင်နိုင်ရင် လူ့အဖွဲ့အစည်းတခုလုံး ကောင်းမွန်လာမယ်လို့ ပြောနေပေမယ့် ဆင်းရဲနွမ်းပါးမှု ကျဆင်းမသွားတဲ့အတွက် ပြုပြင်ရေးသမားတွေ သြဇာအရှိန်အ၀ါ ကျဆင်းလာတယ်။ ဒါကြောင့် ၁၇၈၀ နောက်ပိုင်းမှာ အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုကို တော်လှန်ရေးသမားတွေက ဦးဆောင်လာတယ်။ ပြုပြင်ရေးသမားတွေ အရေးနိမ့်သွားတာဟာ ပြင်သစ်တော်လှန်ရေးနဲ့ အတွေးအခေါ်တော်လှန်ရေး အရှိန်အဟုန် ပြင်းထန်လာတဲ့ အကြောင်းအရင်းတခုပါပဲ။ * (၁၈) ရာစု မြန်မာပြည်မှာ အိမ်နီးချင်းနိုင်ငံတွေ (အထူးသဖြင့် ယိုးဒယား) နဲ့ မကြာခဏစစ်ဖြစ်သလို ဥရောပမှာလည်း မကြာခဏစစ်ဖြစ်တယ်။ ထူးခြားတာကတော့ အတွေးအခေါ် တော်လှန်ရေးဖြစ်ပွားတဲ့ ဥရောပမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာပါပဲ။ တိုင်းသူပြည်သား သာယာဝပြောရေးကို ဂရုမစိုက်ဘဲ ဘုရင်နဲ့မင်းညီမင်းသားတွေ စစ်ဆင်တာကို ဒေါဘတ်ရှက ရှုတ်ချတယ်။ တရားတဲ့စစ်ပွဲဆိုတာဟာ အဖိနှိပ်ခံပြည်သူလူထုက ဖိနှိပ်သူတွေကို တော်လှန်တဲ့စစ်ပွဲသာဖြစ်တယ်လို့ ဒီဒါရိုးကဆိုတယ်။

ပြည်သူလူထုကို ခိုင်းစားသူတွေဟာ ဘုရင်၊ အထက်တန်းစား၊ ကုန်သည်ပွဲစားနဲ့ ရဟန်းတွေဖြစ်တယ်လို့ဆိုတယ်။ တကယ်တော့ အသိဉာဏ်ပွင့်လင်းရေး လှုပ်ရှားမှုတခုလုံးဟာ (၁၈) ရာစုစစ်ဝါဒနဲ့ စစ်ပွဲတွေကို ဝေဖန်ရှုတ်ချကြတယ်။ ဒါပေမယ့် ဒီနေရာမှာလည်း တော်လှန်ရေးဝါဒီနဲ့ ပြုပြင်ရေးဝါဒီဆိုပြီး နှစ်ခြမ်းကွဲသွားတယ်။ ဥပမာ ပြုပြင်ရေးသမားအဖြစ် နာမည်ကြီးနေတဲ့ ဘုရင်ဖရက်ဒနစ် Frederick the great ကို အပြောတမျိုး အလုပ်တမျိုးလုပ်တဲ့ ပုဂ္ဂိုလ်အဖြစ် ဝေဖန်ရေးသားကြတယ်။ စစ်ဘုရင် ဖရက်ဒရစ်ကိုယ်တိုင် မခံမရပ်ဖြစ်ပြီး ပြန်လည်ချေပတဲ့အထိ အငြင်းပွားခဲ့ကြတယ်။ * ပြုပြင်ရေးဝါဒီတွေဖြစ်တဲ့ ဗော့တယ်-ရူးဆိုး (Rousseau) နဲ့ ကန့် (Immanual Kant) တို့ကတော့ စစ်ဝါဒကို ပြတ်ပြတ်သားသား ရှုတ်ချတာမျိုးမလုပ်ကြဘူး။ သည်းခံနိုင်ဖို့၊ တယူသန်မဖြစ်ဖို့၊ ဘာသာရေးအယူအသီးဖို့ ကြိုးစားရင်း ငြိမ်းချမ်းရနိုင်တယ်ဆိုတာလောက်ပဲ ဗော့တယ်ကရေးတယ်။ ကင်သရင်းဘုရင်မကြီးရဲ့ နယ်ချဲ့စစ်ပွဲကိုလည်း ဗော့တယ်က အပြစ်မမြင်ဘူး။ အမြဲတမ်းငြိမ်းချမ်းဖို့ဆိုတာဟာ မဖြစ်နိုင်တဲ့ အိပ်မက်ပဲလို့ ရူးဆိုးက မြင်တယ်။

ကန့်ကလည်း မင်းညီမင်းသားရဲ့ လုပ်ပိုင်ခွင့်ကိုသာ အဓိကထားနေပြီး ဒီမိုကရေစီသဘောတရားကို တမင်ရှောင်နေတယ်။ စစ်မဖြစ်အောင် လက်ရှိနိုင်ငံရေးစနစ်ကို ဘယ်လိုပြောင်းလဲမှာလည်းဆိုတာကို ပြုပြင်ရေးဝါဒီတွေ အဖြေမပေးနိုင်ဘဲ ဖြစ်နေတယ်။ စစ်ဖြစ်တာဟာ တည်ဆဲနိုင်ငံရေးအဆောက်အအုံရဲ့ အစိတ်အပိုင်းတခုဖြစ်နေတာမို့ တည်ဆဲနိုင်ငံရေးစနစ်ကို ပြောင်းလဲဖို့ စိတ်မကူးတဲ့ ပြုပြင်ရေးဝါဒီတွေမှာ စစ်ကိုဟန့်တားမယ့် အယူအဆ ကင်းမဲ့နေတယ်။ * နှစ်နဲ့ချီပြီးတိုက်ခိုက်ရလို့ လူပေါင်းသိန်းသောင်းချီပြီး သေဆုံးခဲ့ရတဲ့ Austria ထီးနန်းဆက်ခံရေးစစ်ပွဲ (၁၇၄၀-၄၈) (၇) နှစ်စစ်ပွဲ (၁၇၅၆-၇၃) စတဲ့ စစ်ပွဲတွေဟာ တိုင်းသူပြည်သားတွေ၊ စစ်သားတွေနဲ့ လုံးဝမဆိုင်တဲ့ စစ်ပွဲတွေဖြစ်လို့ လက်မခံနိုင်ဘူးလို့ တော်လှန်ရေးဝါဒီတွေက ဆိုတယ်။ ဘုရင်၊ မှူးမတ်၊ အထက်တန်းလွှာနဲ့ ငွေရှင်ကြေးရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဆင်နွှဲတဲ့ စစ်ပွဲတွေဖြစ်လို့ ရှောင်လို့ရတဲ့ စစ်ပွဲတွေပဲလို့ တော်လှန်ရေးသမားတွေက ဆိုတယ်။ (၁၈) ရာစုစစ်ပွဲတွေဟာ အကျိုးမရှိတဲ့ ပျက်စီးဆုံးရှုံးမှုတွေပဲလို့ ဒေါလ်ဘတ်ရှက သုံးသပ်တယ်။ * စစ်ဖြစ်တဲ့အခါမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို ကောင်းမွန်စွာဆက်ဆံဖို့နဲ့ မဆိုင်တဲ့အရပ်သားကို အန္တရာယ်မပေးဖို့ အတွေးအခေါ် တော်လှန်ရေးသမားတွေက တောင်းဆိုတယ်။ ဘုန်းတန်ခိုးကြီးချင်တဲ့ မင်းဟာ တိုင်းသူပြည်သားနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အန္တရာယ်ပေးတတ်ကြောင်း၊ အမြဲတမ်းစစ်တပ်ထားတာ လူ့အဖွဲ့အစည်းအတွက် အကျိုးမရှိကြောင်း ရေးသားကြတယ်။ လူ့အဖွဲ့အစည်းတခုလုံး အသိဉာဏ်ပွင့်လင်းလာရင် စစ်ဗိုလ်ကြီးစိုးပြီး အမြဲတမ်းစစ်တပ်ထားတာမျိုး ထင်သလို စစ်တိုက်နေတာမျိုး မလုပ်နိုင်တော့ဘူးလို့ တော်လှန်ရေးဝါဒီတွေက ယုံကြည်ကြတယ်။ ရာထူးအဆင့်အတန်း ရိုသေလေးစားတဲ့ အယူသီးမှု ကွယ်ပျောက်သွားရင် စစ်ဗိုလ်ကြီးစိုးမှုလည်း နိဂုံးချုပ်သွားမယ့် သဘောပါပဲ။ * ကိုယ်ကျင့်တရားနဲ့ တရားတဲ့ဥပဒေကို နိုင်ငံတွင်းမှာသုံးနိုင်ရင် ညီမျှမှုကို ရရှိနိုင်သလို နိုင်ငံအချင်းချင်း ဆက်ဆံရာမှာလည်း အသုံးပြုနိုင်ရင် အကောင်းဆုံးပဲလို့ ယူဆကြတယ်။

အသိဉာဏ်ပွင့်လင်းမှုနဲ့ စစ်မှန်တဲ့ ကိုယ်ကျင့်တရားမရှိလို့ တဦးကိုတဦးက ဖိနှိပ်ညှဉ်းပန်းပြီး စစ်တိုက်နေကြတာကို အတွေးအခေါ် တော်လှန်ရေးသမားတွေက မြင်တယ်။ ဖိနှိပ်တဲ့အစိုးရနဲ့ စစ်ဝါဒီတွေ ပေါ်ပေါက်လာတာဟာ အာဏာရှင်ဘုရင်စနစ်ကြောင့်ပဲလို့ တွမ်ပိန်းကဆိုတယ်။ လူသားဟာ အချင်းချင်း ရန်လုပ်တတ်တဲ့ သတ္တ၀ါမဟုတ်တဲ့အတွက် အသိဉာဏ်ပွင့်လင်းလာရင် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ဆိုတယ်။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးရဖို့ အပြောင်းအလဲနှစ်ခုလိုတယ်။ ပထမအပြောင်းအလဲက နိုင်ငံတိုင်းမှာ ဒီမိုကရေစီအစိုးရစနစ် တည်ထောင်ဖို့ဖြစ်ပြီး ဒုတိယအပြောင်းအလဲက အပြည်ပြည်ဆိုင်ရာ အထွေထွေညီလာခံကြီးကျင်းပပြီး နိုင်ငံတကာဆက်ဆံရေး ဥပဒေတွေရေးဖို့နဲ့ အငြင်းပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဖြစ်တယ်။ ဒီလိုအဖြစ်ကို ရောက်ရှိလာဖို့အတွက် အမြဲတမ်းစစ်တပ်ထားရှိပြီး အခွန်တော်ကြီးလေးစွာ ကောက်ယူနေတဲ့ ဘုရင်စနစ်၊ လူတစုအုပ်ချုပ်ရေးစနစ်နဲ့ ဘာသာရေးအာဏာပိုင်ကို အရင်ဆုံးတော်လှန်ရလိမ့်မယ်လို့ တွမ်ပိန်းနဲ့ အခြားအတွေးအခေါ် တော်လှန်ရေးသမားတွေက ဆိုတယ်။ တော်လှန်တဲ့အတွေးအခေါ်ဟာ မှန်ကန်ကြောင်း ကမ္ဘာ့သမိုင်းက သက်သေပြနေတယ်။ * (၁၆) ရာစု ဘုရင့်နောင်ရဲ့ စစ်အောင်ပွဲတွေဟာ မြန်မာ့ဇာတိမာန်ကို အမြဲတစေ နိုးဆွပေးနိုင်တဲ့ ဂုဏ်သတ္တိထူးရှိတာကြောင့် လက်ရှိစစ်အစိုးရရဲ့ ၀ါဒဖြန့်လုပ်ငန်းမှာ အရေးပါနေဆဲဖြစ်တယ်။ ဒါပေမယ့် ဘုရင့်နောင်သေပြီး မကြာမီ မြန်မာနိုင်ငံ ပြိုကွဲပျက်စီးရတာကြောင့် စစ်အင်အားအပေါ် အခြေခံတဲ့ နိုင်ငံရဲ့ အားနည်းချက်ကို သိနိုင်တယ်။ နှစ်ပေါင်း (၅၀) ကျော် စစ်တိုက်ခဲ့ပေမယ့် အရာမထင်တာ တွေ့နိုင်တယ်။ စစ်ပွဲကြောင့် လူဦးရေနည်းပါးလာတဲ့ တိုင်းပြည်ကို (၁၇) ရာစုမှာ ပြုပြင်သူဟာ သာလွန်မင်းပဲ။ *

ပြည်သူ့အကျိုးထမ်းဆောင်သူဟာ သာလွန်မင်းတဦးတည်း ရှိသလိုဖြစ်နေတယ်။ သာလွန်မင်းရဲ့ ပြုပြင်ရေးလုပ်ငန်းတွေမှာ အတင်းအကျပ်ခိုင်းတာမျိုး မရှိဘူး။ ၁၆၃၇ က တရုတ်စစ်တပ်တွေ နယ်စပ်မှာ လှုပ်ရှားနေတဲ့အတွက် နယ်ခြားဒေသကို ဗမာစစ်တပ်ချီရာမှာ လိုက်နာရမယ့် စည်းကမ်းကို သာလွန်မင်းက ပြဋ္ဌာန်းတယ်။ စစ်ချီနေတုန်း လမ်းမှာတွေ့တဲ့ ကြက်၊ ၀က်၊ ဆိတ်၊ နွားစတာတွေကို သတ်မစားဖို့၊ ပြည်သူ့သားသမီးကို မစော်ကားဖို့နဲ့ ပြည်သူ့ပစ္စည်းကိုမလုယက်ဖို့ အမိန့်ထုတ်ထားတယ်။ ပြည်သူ့အခွင့်အရေးကို စစ်သားကရိုသေလေးစားပြီး စစ်တပ်ဟာ ပြည်သူပိုင်တဲ့ အဖွဲ့ဖြစ်ကြောင်း ယုံကြည်လာအောင် ပြသရမယ်လို့ သာလွန်မင်းက ယူဆကြောင်း ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ သုတေသနစာတမ်းတွေမှာ ဖော်ပြတယ်။

အပိုင်း (၄) နိဂုံးကို ဆက်လက်ဖော်ပြပါမည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s