အတွေးအခေါ်တော်လှန်ရေး (၄) (A Revolution of The Mind by Jonathan Israel )

Posted: July 31, 2011 in ဗဟုသုတ

* ကမ္ဘာပေါ်မှာ ကိုးကွယ်ယုံကြည်မှုအမျိုးမျိုးရှိပေမယ့် တရားမျှတမှု၊ မေတ္တာစေတနာထားမှု၊ သစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်မှု စတာတွေမှာ အသွင်တူကြတယ်လို့ ဒီဒါရိုးကဆိုတယ်။ တရားမျှတတဲ့ဥပဒေနဲ့ အဖွဲ့အစည်းတွေကို ရိုသေလေးစားတာဟာ မှန်ကန်တဲ့ကိုယ်ကျင့်တရားပဲလို့ ဒီဒါရိုးကမြင်တယ်။ ကောင်းမွန်တဲ့ဥပဒေရှိရင် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား ထွက်ပေါ်လာမှာပါပဲ။ ဒါကြောင့် ဘာသာရေးကင်းတဲ့ တရားဥပဒေကို အတွေးအခေါ်တော်လှန်ရေးသမားတွေက တောင်းဆိုတာ ဖြစ်တယ်။ စပင်နိုဇာ၊ ဒီဒါရိုး၊ အယ်ဗီရှု၊ ဒေါလ်ဘတ်ရှ စတဲ့ပညာရှင်တွေ တင်ပြဆွေးနွေးတဲ့ အယူအဆတွေဟာ ပြင်သစ်မှာတင်မကဘဲ ဗြိတိန်၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေကို ပျံ့နှံ့သွားတယ်။ ဘာသာရေးခံယူချက် ကင်းရှင်းမှသာ လေ့လာစုံစမ်းစစ်ဆေးမှုကို လွတ်လပ်မှန်ကန်စွာ လုပ်နိုင်မယ်လို့ဆိုတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ဒတ်ချ၊ အမေရိကန်၊ အီတလီ၊ ဗြိတိန် စတဲ့နိုင်ငံတွေက အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးဝါဒီနဲ့ ပြုပြင်ရေးဝါဒီဆိုပြီး ဂိုဏ်းကွဲသွားတာဟာ ၁၇၇၅ မှာ ထင်ရှားနေပြီ။ ဒဿနအမြင်၊ သိပ္ပံ၊ ကိုယ်ကျင့်တရားနဲ့ နိုင်ငံရေးအမြင်တွေမှာ စေ့စပ်ညှိနှိုင်းလို့မရအောင် ကွဲပြားခြားနားသွားကြတယ်။ ဒီဒါရိုးနဲ့ ဒေါလ်ဘတ်ရှတို့ ချပေးတဲ့ အခြေခံအတိုင်း နောက်လိုက်တွေက ဆက်လက်ကျင့်သုံးကြတယ်။ ဥပမာ တော်လှန်ရေးကာလ ပြင်သစ်အမျိုးသားညီလာခံမှာ ခေါင်းဆောင်တဦးဖြစ်လာတဲ့ ပြင်သစ်လူငယ် ဗိုနေ (Volney) အာရပ်ဒေသမှာ သုံးနှစ်လေ့လာပြီး လွတ်မြောက်ရေးအကြောင်း စဉ်းစားတယ်။ ဘာသာရေးနဲ့နိုင်ငံရေးပူးပေါင်းပြီး ဖိနှိပ်ချုပ်ချယ်ထားတဲ့ ရှေးဟောင်းစနစ်ကို ဘယ်လိုတွန်းလှန်ရင် ကောင်းမလဲလို့ ဗိုနေက စဉ်းစားတယ်။

 

* အာရေဗျသဲကန္တာရနေ တိုင်းရင်းသားတွေကိုယ်တိုင် လက်နက်ကိုင်တော်လှန်မှ ဖိနှိပ်မှုအောက်က လွတ်မြောက်နိုင်မယ်လို့ ဗိုနေက ယုံကြည်တယ်။ ဒါပေမယ့် ဘာသာရေးအာဏာပိုင်၊ နိုင်ငံရေးအာဏာပိုင်၊ အသိဉာဏ်ကင်းမဲ့မှု၊ အယူသီးမှု၊ စတာတွေကြောင့် ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်လာရတယ်ဆိုတာကို အရင်ဆုံးသိဖို့ လိုတယ်လို့ဆိုတယ်။ အာဏာပိုင်အဖွဲ့အစည်းထဲက ပုဂ္ဂိုလ်တွေ ကိုယ့်ဘက်ပါအောင် စည်းရုံးသိမ်းသွင်းတာမျိုးကို အတွေးအခေါ်တော်လှန်ရေး သမားတွေက လက်မခံကြဘူး။ ခေတ်ဟောင်းကို တိုက်ဖျက်တဲ့ အတွေးအခေါ်သစ်ကို လျှို့ဝှက်စာစောင်တွေထုတ်ပြီး ဖြန့်ဝေရမယ်လို့ဆိုတယ်။ ပြည်သူတရပ်လုံး အသိဉာဏ်ပွင့်လင်းလာတဲ့အထိ တော်လှန်ရေးစာပေကို လျှို့ဝှက်ထုတ်ဝေရမယ်လို့ ဆိုတယ်။ ပြည်သူလူထုရဲ့ အတွေးအခေါ် အယူအဆဟောင်းတွေကို ဖယ်ရှားနိုင်မှသာ အသိဉာဏ်ပွင့်လင်းပြီး လွတ်မြောက်အောင် ကြိုးပမ်းနိုင်လိမ့်မယ်လို့ ဗိုနေက ယုံကြည်တယ်။

 

* ၁၆၆၀ နဲ့ ၁၇၉၀ အကြားပေါ်ပေါက်ကြီးထွားလာတဲ့ အသိဉာဏ်ပညာပွင့်လင်းရေးလှုပ်ရှားမှုဟာ ပြင်သစ်တော်လှန်ရေးကို လွှမ်းသွားတာသိသာတယ်။ ဒီလှုပ်ရှားမှုကြောင့် လွတ်လပ်ရေး၊ ညီမျှရေးနဲ့ ချစ်ကြည်ရေးသဘောတရားနဲ့ ရှေးဟောင်းအဖွဲ့အစည်းကို အစားထိုးဖို့ ကြိုးပမ်းကြတာပါပဲ။ ဒါပေမယ့် ပြင်သစ်တော်လှန်ရေးမှာ သဘောတရားဟာ အရေးကြီးတဲ့အခန်းက ပါဝင်တယ်ဆိုတာကို သမိုင်းဆရာအများစုက လက်မခံနိုင်ကြဘူးလို့ ဂျော်နသန်အစ္စရေးကဆိုတယ်။ အသိဉာဏ်ပွင့်လင်းရေးဆိုတဲ့ တော်လှန်ရေးလှုပ်ရှားမှုကို အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ လေ့လာကြတဲ့အခါ သမိုင်းအရေးအသား လေ့လာရေးပညာ historiography မှာ ပြဿနာအတော်ကြီးသွားတယ်လို့ဆိုတယ်။

 

* တော်လှန်ရေးရဲ့ နောက်ခံသဘောတရားမပါတဲ့ ပြင်သစ်တော်လှန်ရေးနဲ့ပတ်သက်တဲ့ အရေးအသားတွေမှာ ဟာကွက်ကြီးကို တွေ့နေရတယ်။ ပြင်သစ်တော်လှန်ရေးကို ဖြစ်ပွားစေတဲ့ သဘောတရားတွေကို လေ့လာတာမျိုး မရှိသလောက် ဖြစ်ခဲ့ရတယ်လို့ ဆိုတယ်။ ပြင်သစ်တော်လှန်ရေးအကြောင်းရေးတဲ့ စာအုပ် စာတမ်းတွေ တောင်ပုံရာပုံရှိပေမယ့် အသိဉာဏ်ပွင့်လင်းရေး လှုပ်ရှားမှုနဲ့ ဆက်စပ်လေ့လာတာမျိုးရှားတယ်။ ဖရန်စွာဖြူးရေ Furet ရေးတဲ့ “တော်လှန်သောပြင်သစ် ၁၇၇၀-၁၈၈၀” ဆိုတဲ့ စာမျက်နှာ (၆၀၀) ကျော် စာအုပ် ၁၉၈၈ က ထွက်လာတယ်။ ဒီစာအုပ်ထဲမှာ ဒီဒါရိုး၊ ဒေါလ်ဘတ်ရှ၊ ဘရိစို၊ ကိုဒိုစေး၊ မီးအားဘူ၊ ဗိုနေ၊ တွမ်ပိန်း စတဲ့နာမည်တွေကို မတွေ့ရဘူးလို့ ဂျောနသန်အစ္စရေးကဆိုတယ်။ ဒါကြောင့် နှစ် (၁၀၀) အတွင်းမှာ ဘာတွေ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာကို စာဖတ်သူအနေနဲ့ မသိနိုင်ဘူးတဲ့။

 

* အခွင့်ထူးခံရာထူးအဆင့်အတန်းကိုဖြိုဖျက်ပြီး ဆင်ခြင်တုံတရားနဲ့အညီ လူ့ဘောင်သစ်ကို တည်ထောင်ဖို့ဆိုတဲ့ သဘောတရား ပြင်သစ်၊ ဂျာမဏီ၊ ဟော်လန်၊ ဗြိတိန်၊ အမေရိကန်နဲ့ အခြားဒေသတွေမှာ ပျံ့နှံ့ခဲ့ပြီးတော့မှ ၁၇၈၉ မှာ ပြင်သစ်တော်လှန်ရေး ဖြစ်ပွားတာပါ။ အတွေးအခေါ်တော်လှန်ရေးဖြစ်ပွားပြီးတော့မှ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်ပွားတာဟာ မငြင်းနိုင်တဲ့ကိစ္စ ဖြစ်တယ်။ ခေတ်ဟောင်းစနစ်ဟောင်းကို ဖြိုဖျက်နိုင်ခဲ့ပေမယ့် ဒီမိုကရေစီနိုင်ငံတော်ကို မတည်ထောင်နိုင်တဲ့အတွက် အကြမ်းဖက်တဲ့ခေတ်ဆိုး (၁၇၉၃-၉၄) ကြီး ပေါ်ထွက်လာပြီး ဂိုဏ်းဂဏတိုက်ပွဲမှာ ရောဗစ်ပြဲ (Robespierre) ကြီးစိုးတဲ့ဂိုဏ်းက လူပေါင်းလေးသောင်းလောက်ကို သတ်ဖြတ်လိုက်တယ်။ အတွေးအခေါ် တော်လှန်ရေးသမားတွေ ပုန်းအောင်းနေရတဲ့ကာလဖြစ်တယ်။ မသေဘဲ ကျန်ရစ်သူတွေကတော့ ရောဗစ်ပြဲကို သွေးဆာနေတဲ့ အာဏာရှင်အဖြစ် ရှုတ်ချကြတယ်။

 

* ရောဗစ်ပြဲအသတ်ခံရတော့မှပဲ အတွေးအခေါ်တော်လှန်ရေးသမားတွေ ခေါင်းထောင်လာနိုင်တယ်။ အတွေးအခေါ်တော်လှန်ရေးသမားတွေထဲမှာ (၁၇) ရာစုပညာရှင် ဘာရော့ခ်စပင်နိုဇာ (Baruch Spinoza) ကို သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ဂျော်နသန်အစ္စရေးက မှတ်တမ်းတင်ထားတယ်။ စပင်နိုဇာရဲ့ အယူအဆတွေဟာ (၁၈) ရာစုနဲ့ (၁၉) ရာစုအထိ သြဇာလွှမ်းမိုးနိုင်တာတွေ့ရတယ်။ ဒီကနေ့လက်ခံထားကြတဲ့ လစ်ဘရယ်ဒီမိုကရေစီသဘောတရားတွေကို အတွေးအခေါ်တော်လှန်ရေးသမားတွေက အုတ်မြစ်ချခဲ့တာဖြစ်ကြောင်း ဂျော်နသန်အစ္စရေးက မှတ်တမ်းတင်ထားပါတယ်။

 

* ကျနော်တို့ကျောင်းသားဘ၀မှာ တွမ်ပိန်းကိုသာ ကြားဖူးတယ်။ ပြင်သစ်က အတွေးအခေါ်တော်လှန်ရေးသမားတွေအကြောင်း မကြားဖူးပါ။ ကျနော်တို့ကို စာသင်ကြားပို့ချတဲ့ ဆရာဆရာမတွေလည်း ကြားဖူးဟန်မတူပါ။ ဒါကြောင့် ဂျော်နသန်အစ္စရေးရဲ့ အတွေးအခေါ်တော်လှန်ရေးကို လက်ကမချနိုင်အောင် ဖတ်မိတယ်။ ဒီမိုကရေစီရေးအတွက် အလွန်အဖိုးတန်တဲ့စာအုပ်ဖြစ်လို့ မြန်မာလိုအကျဉ်းချုပ် ပြန်ရေးမိတယ်။ အမေရိကန်တော်လှန်ရေးဟာ နယ်သစ်မှာ ဆင်နွှဲရတာမို့ အဟန့်အတား အနှောင့်အယှက် မရှိသလောက်ပါပဲ။ ပြင်သစ်တော်လှန်ရေးကတော့ ရှေးဟောင်းအစဉ်အလာ အယူသီးမှုတွေနဲ့ ထိပ်တိုက်တွေ့ရတာမို့ ရည်ရွယ်ချက်ကို ချက်ချင်းအကောင်အထည် မပေါ်နိုင်ဘဲဖြစ်သွားရတယ်။ ပြင်သစ်တော်လှန်ရေး ဖြစ်ပွားပြီး အနှစ် (၈၀) ကျော်ကြာတော့မှ ခေတ်သစ်ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ တတိယသမ္မတနိုင်ငံကို တည်ဆောက်နိုင်တယ်။

 

* ဒီမိုကရေစီခရီးရှည် ချီတက်နေစဉ်မှာ စစ်အာဏာရှင်စနစ်နဲ့ဘုရင်စနစ် ပြန်လည်ခေါင်းထောင်တဲ့ အချိန်အခါတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ လူတစုကြီးစိုးတဲ့ ဘုရင်စနစ်ပျောက်ကွယ်သွားပြီး အတွေးအခေါ်တော်လှန်ရေးသမားတွေရဲ့ အယူအဆအောင်ပွဲခံသွားတယ်။ ဒီအကြောင်းကို ပြင်သစ်ပြည်မှာ နေထိုင်ပြီး ပြင်သစ်ဘာသာစကားကျွမ်းကျင်တဲ့ မြန်မာလူငယ်တွေက လေ့လာပြီး တဆင့်ဖြန့်ဝေမယ်ဆိုရင် အလွန်အကျိုးရှိမယ်လို့ ယုံကြည်တယ်။ မိမိတိုင်းပြည် တိုးတက်ဖွံ့ဖြိုးလာတာကို မြင်ချင်တဲ့ ပြည်ချစ်ပုဂ္ဂိုလ်ဟာ သူများနိုင်ငံတွေရဲ့သမိုင်းကို နားလည်သဘောပေါက်ဖို့လိုတယ်။

 

* သမိုင်းကပေးထားတဲ့ သင်ခန်းစာကိုနားလည်ရင် သူများကြုံတွေ့ခဲ့ရတဲ့အမှားကို ရှောင်နိုင်တာမို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာမှာ မကြန့်ကြာဘဲ မနှေးအမြန် လုပ်နိုင်ပါလိမ့်မယ်။ သမိုင်းဖြစ်ရပ်တခုက သင်ခန်းစာထုတ်ယူပြီး အခြားတခုမှာ အသုံးပြုတာဟာ အခုခေတ်မှာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။ ဒီလိုဂရုတစိုက် သင်ခန်းစာယူထားတာတောင် သတိလစ်သွားလို့ မျှော့်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့ သာဓကတွေ အများကြီးရှိတယ်။ ဥပမာ ၁၉၁၇ ခုနှစ် ရုရှားပြည်မှာ ကွန်မြူနစ်တော်လှန်ရေး ဖြစ်ပွားတော့ ပြင်သစ်တော်လှန်ရေးကပေးတဲ့ သင်ခန်းစာကို ကောင်းစွာသတိရနေခဲ့ကြတယ်တဲ့။ ပြင်သစ်တော်လှန်ရေးက အာဏာရှင်နပိုလီယံကို မွေးထုတ်လိုက်သလို ရုရှားတော်လှန်ရေးက အာဏာရှင်မွေးထုတ်လိုက်မှာကို အထူးစိုးရိမ်ခဲ့ကြပါတယ်။ ဒီလိုသမိုင်းကပေးတဲ့ သင်ခန်းစာကို သတိထားနေတာတောင် ရုရှားမှာ အာဏာရှင်စတာလင် ပေါ်ထွက်လာခဲ့တယ်။

 

* သေဆုံးသွားတဲ့ မျိုးဆက်တွေထားရစ်ခဲ့တဲ့ ရိုးရာအစဉ်အလာတွေဟာ အသက်ရှင်နေသူတွေရဲ့ စိတ်သဘာဝကို အိပ်မက်ဆိုးကြီးလို ဖိစီးနေတယ်လို့ Karl Marx က The 18th Brumaire of Louis Bonaparte (ဘရူးမဲရား လူးဝီဘိုးနာပတ်) ဆိုတဲ့ စာတမ်းမှာ ရေးထားတယ်။ အာဏာရှင်ဆန့်ကျင်တဲ့ ပြင်သစ်တော်လှန်ရေးထဲက အာဏာရှင်စနစ်ပေါ်လာပုံကို လေ့လာတာပါပဲ။ ပြင်သစ်တော်လှန်ရေးပြက္ခဒိန်မှာ ၁၇၉၉ နိုဝင်ဘာ (၉) ရက်နေ့ကို ဘရူးမဲရား (၁၈) ရက်နေ့လို့ခေါ်တယ်။ အဲဒီနေ့မှာ နပိုလီယံက စစ်အာဏာသိမ်းတဲ့အတွက် ပြည်သူ့တော်လှန်ရေးဟာ အာဏာရှင်ဘုရင်စနစ်အဖြစ် အသွင်ပြောင်းသွားရတယ်။

 

* သမိုင်းကပေးတဲ့ သင်ခန်းစာကို နားလည်သဘောပေါက်ပြီး အနာဂတ်ကို ခန့်မှန်းနိုင်မယ်ဆိုရင် သမိုင်းသံသရာလည်စရာ အကြောင်းမရှိပါဘူး။ သမိုင်းကပေးတဲ့ သင်ခန်းစာကို နားမလည်သူဟာ မှားပြီးခဲ့တာကိုပဲ ထပ်ခါတလဲလဲလုပ်နေလို့ သမိုင်းသံသရာက မထွက်နိုင်တာပါပဲ။ ဒါဟာ အမှန်တရားကို မမြင်နိုင်တာနဲ့ အတူတူပါပဲ။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ ကာလသုံးပါးဟာ ဆက်နေတယ်။ အတိတ်နဲ့ အနာဂတ်ကို ပစ္စုပ္ပန်က ဆက်ထားတယ်လို့လည်း သမိုင်းဆရာတွေက ပြောလေ့ရှိတယ်။ အတိတ်က ပစ္စုပ္ပန်ကို ဖန်တီးပြီး ပစ္စုပ္ပန်က အနာဂတ်ကို ဖန်တီးတဲ့ဖြစ်စဉ်ပါပဲ။ အသိဉာဏ်ပွင့်လင်းနိုင်ကြပါစေ။

(ဘာသာပြန် – ဒေါက်တာအောင်ခင်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s