တရုပ်အင်အား အတွက် ပထ၀ီ

Posted: August 12, 2011 in ဗဟုသုတ, ဆောင်းပါး

အင်္ဂလိပ်ပထဝီပညာရှင် ဆာဟယ်လ်ဖို့ဒ် မက်ကင်ဒါက ၁၉၀၄ ခုနှစ် သူရဲ့ ကျော်ကြားတဲ့ ဆောင်းပါး တစ်ပုဒ်ဖြစ်တဲ့ “သမိုင်း၏ ပထဝီဆိုင်ရာ ဆုံချက်”  (The GeographicalPivot of History) မှာ တရုတ်ကို သတိထားစရာအဖြစ် ရည်ညွှန်းရင်း အခုလို ရေးခဲ့ပါတယ်။ “အကယ်၍ တရုတ်သည် သူ့နယ်နိမိတ်ကို ကျော်လွန်ပြီး အင်အားချဲ့ကားလာပြီဆိုလျှင်၊  ဤအရာက ကမ္ဘာကြီး လွတ်လပ်မှု အတွက် အဝါရောင် အန္တရာယ်ဆိုး ဖွဲ့တည်လာခြင်းပင် ဖြစ်သည်။ အကြောင်းမှာ သူ၏ ပင်လယ်မျက်နှာစာကို ယူရေးရှား (Eurasia) တိုက်ကြီး တခုလုံးအထိ ဆွဲဆန့် ထည့်သွင်းလာပြီး၊ ရင်းမြစ်အားလုံး သုံးစွဲရင်း ရုရှားသြဇာ မကြီးနိုင်အောင် မျိုချပစ်မည်အထိ ဖြစ်သွားမည်။”

 

မက်ကင်ဒါ ထောက်ပြတာက ဖြစ်တတ်တဲ့ လူမျိုးရေး အမျိုးသားရေးတွေ ခဏဘေးဖယ်ထား။ ပထဝီအမြင်နဲ့ ကြည့်ရင် ရုရှားနဲ့ အခြား ယူရေးရှား နိုင်ငံတွေဟာ ကုန်းတွင်းပိုင်း အင်အားကြီးပေမယ့်၊ ပင်လယ်မျက်နှာစာ ချဲ့ ကားဖို့အတွက် ရေခဲတွေက ပိတ်ကားထားလို့ အကန့်အသတ် ရှိနေတယ်။ တရုတ်ကျတော့ သဘာဝ ဆိပ်ကမ်းကောင်းတွေနဲ့ ကမ်းရိုးတန်းရေမိုင် ၉၀ဝ၀ ကျော်ရှိတာမို့၊ ကုန်းပိုင်း ပင်လယ်ပိုင်း အင်အားနှစ်ခုစလုံးကို ပိုင်ဆိုင်ထားပါတယ်။ မက်ကင်ဒါအနေနဲ့ တရုတ်ဟာ တနေ့နေ့မှာ ရုရှားကိုတောင် လွှမ်းမိုးသွားမှာ သူ စိုးရိမ်ကြောင်း ဖွင့်ပြောထားပါတယ်။

 

ဆက်ပြီး မက်ကင်ဒါပြောတာက တရုတ်ဟာ သူရဲ့တွင်းထွက်ပစ္စည်း၊ ဟိုက်ဒရိုကာဗွန် ဓနတွေနဲ့ ဗဟိုအာရှကို ဖြန့်ကျက်ပြီး ပစိဖိတ် သမုဒ္ဒရာကို အဓိက သင်္ဘောလမ်းကြောင်း ဖွင့်ထားမယ်။ ပြီးရင် အမေရိက၊ ဂရိတ်ဗြိတိန်တို့နဲ့ အပြိင်ကမ္ဘာ့ လေးပုံတစ်ပုံသော လူသား ယဉ်ကျေးမှုသစ် (အနောက်မပါ) ကို ဦးဆောင်သွားလိမ့်မယ်တဲ့။ မက်ကင်ဒါ သိဒွိတင်ထားတဲ့ တရုတ်ရဲ့ ပထဝီအနေအထားက ကနေ့ အလွန်ကို အရေးပါလာပါပြီ။ ပထဝီအားသာမက လက်ရှိ စီးပွားရေး စန်းပွင့်မှုနဲ့ အမျိုးသား ရေးစိတ် ပြင်းထန်မှုတို့ထက်ကို တရုတ်အတွက် ပိုမျက်နှာသာ ပေးနေတယ်လို့ ဆိုရပါမယ်။ ဆိုလိုတာက နှစ် (၃၀) လောက် နှစ်စဉ် ဂျီဒီပီ (၁၀) ရာခိုင်နှုန်းနဲ့ ပုံမှန်စီးပွားရေး မျဉ်းဖြောင့် အတိုင်း တိုးတက်နေရာကနေ ရုတ်တရက် ထိုးစိုက်ဆင်းဉီးတော့၊ ပထဝီနိုင်ငံရေး ဗဟိုချက်ကျမှုက တရုတ်ကို ကမ္ဘာအလယ်မှာ အမြဲတမ်း မားမားမတ်မတ် ရပ်တည်နေစေမယ့် သဘောပါပဲ။

 

တရုတ်ဟာ သူ့ရဲ့ ဗဟိုကနေ ချုပ်ကိုင်ပြီး လူ့အဖွဲ့အစည်းကို ဆွဲတင်မယ့် “ဟိုက်ဒရောလစ်ယဉ်ကျေးမှု” (hydraulic civilization) နဲ့ အနောက်တိုင်းစတိုင် မော်ဒန်ဖြစ်မှုကို အဆုံးစွန် ရောသမမွှေမယ့် ပုံစံရှိပါတယ်။ ဗဟိုချုပ်ကိုင်မှုကြောင့်ပဲ ပေကျင်းအစိုးရဟာ သန်းပေါင်းများစွာသော လုပ်အားနဲ့ အဓိက အခြေခံအဆောက်အအုံ (infrastructure) တွေကို တည်ဆောက်နိုင်ခဲ့ ပါတယ်။ အဲဒီစနစ်ကြောင့်ပဲ ဒီမိုကရေစီ အစိုးရတွေ မလုပ်နိုင်တဲ့နည်းလမ်းတွေနဲ့ တရုတ်ဟာ မရပ်မနား တက်ကြွရှင်သန်နေပုံ ရပါတယ်။ နှစ်ပေါင်း ၄၀ဝ၀ လောက်က စခဲ့တဲ့ မင်းဆက်(၂၅)ဆက်ရဲ့ ပင်ပွားမျိုးဆက် ယနေ့ တရုတ်ကွန်မြူနစ် အုပ်စိုးသူများဟာ အနောက်တိုင်း နည်းပညာတွေနဲ့ ကျင့်သုံးပုံတွေကို စုပ်ယူနေတယ်။ အနောက်နည်းပညာတွေကို ကိုယ့်ကိုယ်ပိုင်ယဉ်ကျေးမှု အတွေ့အကြုံတွေနဲ့ စနစ်တကျ ပေါင်းစပ်ပြီး အခြားနိုင်ငံငယ်တွေကို မိမိရဲ့ မြစ်လက်တက်သဖွယ် ဆက်ဆံထား ပါတယ်။  

 

စင်ကာပူ အရာရှိတဉီး ပြောသလိုဆိုရင် “တရုတ်ဟာ ခင်ဗျားကို ဆွဲဆောင် ညိ့ယူချင်တဲ့အခါ ဖမ်းစားညို့ယူမယ်၊ ဖျစ်ညစ်ချင်တဲ့အခါ ဖျစ်ညစ်မယ်၊ နှစ်ခုစလုံးကို လုံးဝ စနစ်တကျလုပ်လိမ့်မယ်” တဲ့။ ဒီလိုနဲ့ တရုတ်ရဲ့ အတွင်းပိုင်း တက်ကြွရှင်သန်မှု (dynamism) က ပြင်ပရည်မှန်းချက်များကို ဖန်ဆင်းပေးလာ ပါတယ်။

 

ယနေ့ တရုတ်ပြည်ဟာ သူ့နယ်နိမိတ်တွေကို ကြံ့ခိုင်အောင် တည်ဆောက်ရင်း ပြင်ပကို ခေါင်းပြူထွက်ကြည့်လာပါတယ်။ တရုတ်နိုင်ငံခြားရေးပေါ်လစီ ရည်မှန်းချက်ကြီးပုံက လွန်ခဲ့တဲ့ ရာစုနှစ်က အမေရိကန်ပြည်ထောင်စုလိုပဲ ခပ်ကြမ်းကြမ်းရမ်းရမ်း။ သို့သော် အကြောင်းတရားအမျိုးမျိုးနဲ့ လုပ်ပုံနည်းနာတွေမှာ ခြားနားပါတယ်။

 

တရုတ်က သူ့အစိုးရစနစ် (သို့) အိုင်ဒီအိုလိုဂျီ ပျံ့ နှံ့စေဖို့အတွက် နိုင်ငံတကာကို မစ်ရှင်တွေ လွှတ်တာမျိုး မရှိပါဘူး။ အမေရိကန်ရဲ့  ရည်မှန်းချက် တခုက နိုင်ငံတကာ ရေးရာတွေမှာ သူ့ဂုဏ်သိက္ခာ တက်စေဖို့။ တရုတ်က ဒါမျိုးမလိုဘူး။ တရုတ်ရဲ့  နိုင်ငံတကာဆောင်ရွက်ချက်က သူ့မှာ လိုအပ်နေတဲ့ စွမ်းအင်၊ သတ္တု၊ တွင်းထွက်တွေ ရယူချင်လို့။ ကမ္ဘာ့လူဉီးရေရဲ့  ငါးပုံတစ်ပုံ ပမာဏရှိတဲ့ သူ့လူထုကို လူနေမှု အဆင့်အတန်း မြင့်တင်ပေးဖို့။ တိုးတက်မှုနဲ့ လောင်စာဆီ အပါအဝင် လိုချင်တာရဖို့ ဆိုရင် ကမ္ဘာ့နယ်မြေ ဘယ်လောက်ဝေးပါစေ၊ ပေကျင်းအစိုးရက မိုးမြေအဆုံး လိုက်ပြီး စွန့်စားဆက်ဆံမှာပဲ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာထွက် ဆက်ဆံဖို့ တွန်းအားပေးနေတာက စီးပွားရေး ရှင်သန်စေမှု ဆိုတဲ့ တရုတ်အမျိုးသားရေး အကျိုးစီးပွားပါ။

 

တရုတ်ကို အဓိပ္ပါယ်ဖွင့်ကြည့်ရင် တကယ် သွေးထွက်အောင်မှန်တဲ့ လက်တွေ့ပါဝါသမား (realist power)ရေနံနဲ့တွင်းထွက် ပေါကြွယ်ဝတဲ့ အာဖရိက နေရာဒေသ တော်တော်များများကို အခုခြေဆန့် ထားပါတယ်။ အိန္ဒိယပင်လယ်၊ တောင်တရုတ်ပင်လယ် ဆိပ်ကမ်းအားလုံး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ တရုတ်က သူဆက်ဆံနေတဲ့ အစိုးရ ဘာအစိုးရ ဖြစ်တယ်ဆိုတာ ဂရုမစိုက်ဘူး။ ဘယ်လို အစိုးရပုံစံဖြစ်ဖြစ် သူ့အတွက် အကျိုးရှိမယ်ဆိုရင် ထိတွေ့ သွားမှာပဲ ဖြစ်ပါတယ်။

 

ဒါကြောင့်လည်း အီရန်၊ မြန်မာ၊ ဆူဒန် တို့လို့ အသိပညာ ကင်းမဲ့တဲ့ အာဏာရှင်တွေ ဆီက ရင်းမြစ်တွေကို တရုတ်က အရမ်းနှိုက်ယူ နေတဲ့အခါ သံတမန်နည်း မစ်ရှင်နည်းတွေနဲ့ ချဉ်းကပ်ဖို့ ကြိုးစားတဲ့ အမေရိကန်၊ အိန္ဒိယတို့နဲ့ ထိပ်တိုက် တိုးကုန်ပါတယ်။ ဒါပေမယ့် တရုတ်နဲ့ အမေရိကန်ကြားမှာ စစ်ဖြစ်လောက်မယ့် အခြေအနေက ဝေးလှပါတယ်။ တရုတ်စစ်တပ်က အမေရိကန်ကို ခြိမ်းခြောက်ရင်တောင် သွယ်ဝိုက်တဲ့ပုံစံနဲ့ပဲ ရှိပါမယ်။ တရုတ်နဲ့ ပတ်သက်ပြီး အမေရိကန် နေ့စဉ် ရင်ဆိုင်နေရတဲ့ ကြွေးပြဿနာ၊ ကုန်သွယ်ရေးပြဿနာ၊ ကမ္ဘာ့ကြီးပူနွေးမှု ပြဿနာတွေ ရှိလင့်ကစား တကယ် တရုတ်စိန်ခေါ်မယ့် အရာက

သူ့ရဲ့ ပထဝီအားသာမှု ပါပဲ။ တရုတ်က ယူရေးရှားနဲ့ အာဖရိကတို့အပေါ် တနေ့တခြား သြဇာ လွှမ်းမိုးလာမှုဟာ ၁၉ ရာစု ကိုလိုနီပုံစံမျိုး မဟုတ်ဘဲ၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်နဲ့ ပိုမို အံဝင် သင့်လျော်အောင် သကာဖုံး ပါးနပ်လွန်းတဲ့ အပြုအမူမျိုး ဖြစ်နေပါတယ်။ သူ့စီးပွားရေး လိုအပ်ချက် အတွက် အရှေ့ကမ္ဘာ့ခြမ်းရဲ့  ပါဝါချိန်ခွင်လျှာကို ထိန်းချုပ်ဖို့ ကြိုးစားနေမှုက အမေရိကန်ကို အများကြီး စိုးရိမ်ပူပန် နေမထိ ထိုင်မသာ ဖြစ်စေပါတယ်။

 

မြေပုံအရ ကုန်းမြေနဲ့ ပင်လယ် မျက်နှာသာပေးမှုအခြေအနေကြောင့် တရုတ်ဟာဗဟိုအာရှကနေ တောင်တရုတ်ပင်လယ်၊ ရုရှားအရှေ့ ဖျားကနေ အိန္ဒိယပင်လယ်အထိ မြင်မြင်ထင်ထင် ချဲ့ကားနေပါတယ်။ တိုက်ကြီးတခုလုံးအတွက် သြဇာအာဏာ ကြီးထွားလာတာနဲ့အမျှ၊ နပိုလီယံတခါကပြောခဲ့တဲ့ “တရုတ်နဲ့ အာရှနိုင်ငံတွေရဲ့  မူဝါဒတွေဟာ ရေရှည်မှာ သူတို့ပထဝီအနေအထားထဲကပဲ ထွက်လာမယ်” ဆိုတဲ့ စကားဟာ ပိုမှန်လာနေပါတယ်။

စပ်ဖျဉ်းဖျဉ်း နယ်စပ်ရောဂါစုများ

 

စင်ကျန်း နဲ့ တိဘက်က တရုတ်ယဉ်ကျေးမှုကို အမြဲခုခံတတ်တဲ့ လူတွေ နေထိုင်တဲ့ ဒေသကြီးနှစ်ခုပါ။ ဒီဒေသနှစ်ခုရဲ့ လူမျိုးရေး အမျိုးသားရေး တင်းမာမှုများက ပေကျင်းမြို့ တော်နဲ့ နီးစပ်တဲ့ ပြည်နယ်များအထိ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာစေ ပါတယ်။ တရုတ်ပြည် အနောက်ဘက် အကျဆုံး ပြည်နယ်ရဲ့အမည် စင်ကျန်း ဆိုတာ “လက်အောက်ခံ ပိုင်နက်သစ်” (new dominion) လို့ ဆိုလို ပါတယ်။ အမေရိကန် တက်ဆပ်ပြည်နယ် နှစ်ဆခန့် ရှိပါတယ်။ တရုတ်-တာကစ္စတန် လူမျိုးတွေဖြစ်ပြီး တရုတ်ပြည် အချက်အခြာရဲ့ အဝေးမှာ ဂိုဘီသဲကန္တာရကို ဖြတ်လျက် တည်ရှိပါတယ်။ တရုတ် နဲ့ စင်ကျန်းဟာ နှစ်ထောင်ပေါင်းများစွာ သီးခြားစီ တည်ရှိခဲ့ရာက၊ ၁၉ ရာစု နှောင်းပိုင်းကျမှ စင်ကျန်းဟာ တရုတ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်သွားရပါတယ်။

 

၂၀ ရာစု ဗြိတိသျှ သံတမန် ဆာဖစ်ဇ်ရွိုင်း မက်လန် ပြောသလိုဆိုရင် စင်ကျန်းဒေသဟာ တရုတ်အောက် ရောက်သွားကတည်းက လွတ်လပ်ရေးအတွက် ပုန်ကန်မှုတွေ တောက်လျှောက် ဖြစ်လာလိုက်တာ ၁၉၄၀ ပြည့်လွန်နှစ်များ အထိ ပါပဲတဲ့။ ၁၉၄၉ ခုနှစ်မှာတော့ မော်စီတုန်း ကွန်မြူနစ်တွေ စင်ကျန်းထဲကို ချီတက်လာတယ်။ အတင်းအကြပ်သတ်ဖြတ်ပြီး တရုတ်ပြည်ရဲ့ အစိတ်အပိုင်းအဖြစ် စင်ကျန်းကို သေချာအောင် လုပ်ပစ်လိုက်တယ်။ ဒါပေမယ့် ၁၉၉၀ နဲ့ ၁၉၉၁ မှာ အဲဒီဒေသက တာကစ်-ဥရဂါ မျိုးနွယ်စုတွေက ပေကျင်းအစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေ လုပ်ခဲ့ကြ ပါတယ်။ တာကစ်-ဥရဂါ မျိုးနွယ်စုတွေကလည်း ပေါ့သေးသေး မဟုတ်ဘဲ ခွန်နှစ်ရာစုနဲ့ ရှစ်ရာစု တွေမှာ မွန်ဂိုလီးယားကို စိုးမိုးခဲ့တဲ့ တာ့ခ်မျိုးနွယ်စုတွေက ဆင်းသက်လာသူတွေမို့ မျိုးကြီးရိုးကြီးပါ။ တရုတ်မှာ ဥရဂါလူမျိုး အရေအတွက်က (၈)သန်းခန့် ရှိပြီး တရုတ်လူဦးရေရဲ့ တစ်ရာခိုင်နှုန်း အောက်မှာပဲ ရှိပါတယ်။ သို့သော် စင်ကျင်းဒေသမှာတော့ (၄၅) ရာခိုင်နှုန်း ရှိပါတယ်။တရုတ်မှာ ဟန်လူမျိုးက အများစုဖြစ်ပြီး၊ သူတို့က တိုင်းပြည်ရဲ့ ဗဟိုမြေနိမ့်ပိုင်းတွေမှာ နေထိုင်ကြပါတယ်။ တိုင်းပြည်ရဲ့ အနောက်ဘက်နဲ့ အနောက်တောင်ဘက်ရှိ ခြောက်သွေ့တဲ့ ကုန်းပြင်မြင့်တွေဟာ ဥရဂါလူမျိုးတွေနဲ့ တိဘက်လူမျိုးစုတွေ ရဲ့  သမိုင်းဝင်အိမ်ယာဖြစ်ပါတယ်။

 

အခု ပေကျင်းအစိုးရ ရဲ့ ခေတ်သစ် တရုတ်နိုင်ငံတော် မျက်စိအရတော့ စင်ကျန်းဒေသကို သူတို့ ထိန်းချုပ်ထားရမယ့် ပိုင်နက်လို့ ယူဆထား ပါတယ်။ ဒါကိုကပဲ တင်းမာမှုတွေ အမြဲရှိနေတတ်တာ ဖြစ်ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကြေးနီနဲ့ သတ္တုတွင်းတွေရှိတဲ့ မြေကြီးကို သိမ်းပိုက်ဖို့၊ ပေကျင်းအစိုးရက ဟန်တရုတ်တွေကို တိုင်းပြည်ဗဟိုအချက်ချာကနေ အဲဒီဒေသတွေဆီ ဆယ်စုနှစ်များချီပြီး အတင်းရွှေ့ ပြောင်းနေထိုင်ခိုင်းပါတယ်။ ဒီတော့ စင်ကျန်းက ဥရဂါတွေအတွက် အန္တရာယ်ဆိုးတွေ တနေ့တခြား ရောက်ရှိလာသလို ဖြစ်နေပါတယ်။ ပေကျင်းအစိုးရဟာ ဗဟိုအာရှ အစိုးရများကို မြူဆွယ် ဖြားယောင်းပြီး သူ့ရဲ့ သြဇာနယ်ပယ်ချဲ့ကားဖို့ ကြိးစားနေပါတယ်။ တရုတ်လက်တံက ယူရေးရှားအထိ ချဲ့ကား ဆန့်တန်းပြီးပေမယ့် သူ့သဘာဝရင်းမြစ် တောင့်တမှု လိုအင်က မလုံလောက် သေးပါဘူး။ ဗဟိုအာရှကို စိုးမိုးချယ်လှယ်ဖို့ စင်ကျန်းဒေသက ဖြတ်ပြီး မကြာခင် ပြီးတော့မယ့် ပိုက်လိုင်းကြီးနှစ်ခု သွယ်တန်း တည်ဆောက်နေပါတယ်။ တစ်ခုက ကာဇက်စတန်ကို ဖြတ်ပြီး ကက်စပီယံပင်လယ်မှ ရေနံသယ်ဖို့။ နောက်တစ်ခုက ဥဇဘက်ကစ္စတန်နဲ့ ကာဇက်စတန်တို့ကို ဖြတ်ပြီး တက်မင်နစ္စတန်မှ သဘာဝဓါတ်ငွေ့ သယ်ထုတ်ဖို့ ဖြစ်ပါတယ်။

 

သဘာဝရင်းမြစ်တွေ ဆာလောင်နေတဲ့ တရုတ်ဟာ အဲဒီဒေသတွေကို လုံးဝ ဆုပ်ကိုင်ထားဖို့ စွန့်စား လုပ်ဆောင်မှာပါ။ စစ်ဒဏ်နဲ့ စုတ်ပြတ်နေတဲ့ အာဖဂန်နစ္စတန်ရဲ့ ကာဘူး တောင်ဘက်ရှိ ကြေးနီတွေကို တူးထုတ်နေပါပြီ။ ကမ္ဘာ့နောက်ဆုံး ရတနာသိုက်ဖြစ်တဲ့ အာဖဂန်ရဲ့  သံ၊ရွှေ၊ ယူရေနီယံ၊ အဖိုးတန် ကျောက်မျက်တွေကို မျက်စ ပစ်နေပါပြီ။ ပေကျင်းအစိုးရဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကို ဖြတ်ပြီး လမ်းတွေဆောက်၊ ပိုက်လိုင်းတွေသွယ်တန်း၊ ဗဟိုအာရှကို လွှမ်းမိုးဖို့ အိန္ဒိယ ပင်လယ်ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်။ အမေရိကန်က အာဖဂန်နစ္စတန်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်ပြီဆိုလျှင် တရုတ်ရဲ့ မဟာဗျုဟာ ကျသော ပထဝီ ပိုမိုအောင်မြင်ဖို့ ရှိလာပါဦးမယ်။ စင်ကျန်းလိုပဲ တိဘက်ဒေသကိုလည်း တရုတ်က သူ့ကိုယ်ပိုင် နယ်နိမိတ်လို့ ယူဆထားတာပါ။ တောင်တွေထူထပ်တဲ့ တိဘက်ကုန်းပြင်မြင့် များမှာ ကြေးနီနဲ့ သံရိုင်းသိုက်ကြီး ရှိနေတယ်။ ဒါကြောင့်လည်း တိဘက်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုမှုကို အထိတ်တလန့် မြင်တတ်ပါတယ်။ တိဘက် လုံးဝလွတ်လပ်ရေး ဆိုတာတော့ လေသံတောင် မကြားချင်ပါဘူး။အဲဒီ ဒေသကြီးကိုဖြတ်ပြီး ကားလမ်းတွေ မီးရထားလမ်းတွေ အသည်းအသန် တည်ဆောက် နေပါတယ်။ တကယ်လည်း တိဘက်မပါရင်၊ တရုတ်ဟာ ခနွာကိုယ် အောက်ပိုင်း မပါသလို ဖြစ်သွားပါမယ်။ တရုတ်က လက်လွှတ်လိုက်ရင် တဘက်က အိန္ဒိယကလည်း သူ့ရဲ့ မြောက်ပိုင်းဇုံထဲ တိဘက်ကို ဆွဲထည့် သွားပါလိမ့်မယ်။

 

လူဉီးရေ သန်းတစ်ထောင် ကျော်လာပြီဖြစ်တဲ့ အိန္ဒိယက တရုတ်ရဲ့ အာရှဇုံ လွှမ်းမိုးချယ်လှယ်လိုမှု အပေါ် ပထဝီအရ စိန်ခေါ်မယ့်သူ ဖြစ်ပါတယ်။ ပထဝီရေစက်အရ တရုတ်နဲ့ အိန္ဒိယဟာ ပြိင်ဘက်တွေ ဖြစ်ပါတယ်။ လူဉီးရေများပြားလွန်းကြတဲ့ အိမ်နီးချင်းတွေ၊ ကြွယ်ဝတဲ့ယဉ်ကျေးမှုကြီးတွေ၊ နယ်မြေအပေါ် ပြိုင်ဆိုင်လိုမှုတွေ ရှိနေပါတယ်။ တိဘက်ကိစ္စက အဲဒီပြဿနာတွေကို ထပ်ချဲ့ကား စေပါတယ်။

 

၁၉၅၇ ခုနှစ်ကတည်းက ပြည်ပြေးခဲ့ရတဲ့ ဒလိုင်းလားမား အစိုးရအဖွဲ့ကို အိန္ဒိယက လက်ခံထား ပါတယ်။ တရုတ် အိန္ဒိယ နယ်စပ်တင်းမှာမှုဟာ ဒလိုင်းလားမားနေရာ ဆက်ခံမယ့်နောက် လားမား အသစ်အပေါ် တရုတ်ရဲ့ စိုးရိမ်မတွေနဲ့လည်း ပတ်သက်မှုရှိပါတယ်။ နောက်ဆက်ခံမယ့် လားမားအသစ်ဟာ အိန္ဒိယမြောက်ဘက်၊ နီပေါ၊ ဘူတန်တို့နဲ့ ထိစပ်နေတဲ့ တိဘက်ယဉ်ကျေးမှု စီးကြောင်းထဲက ထွက်ပေါ်လာဖို့ ရှိပါတယ်။

 

တရုတ် အိန္ဒိယ ဂိမ်းပြိင်ပွဲက တိဘက်ဒေသ လောက်တင်မကဘဲ ဘင်္ဂလားဒေရှ့်၊ သီရိလင်္ကာတို့ အတွက် အကျိုးစီးပွားပြိင်ဖို့တွေ ရှိနေပါတယ်။ စင်ကျင်းနဲ့ တိဘက်ဒေသ နှစ်ခုစလုံး တရုတ်ရဲ့ တရားဝင် နယ်နိမိတ်ထဲ ကျရောက်နေရပေမယ့် တရုတ်အစိုးရဟာ အမြဲတမ်း ဒေသခံလူမျိုးစုများရဲ့ တင်းမာတဲ့ ဆက်ဆံရေးကို ကြုံနေရပါမယ်။ အကြောင်းက တရုတ်ရဲ့  အိနြေ္ဒမဲ့ သြဇာထူထောင်ချင်တဲ့ ပြဿနာ၊ ဟန်လူမျိုးကြီးတွေနဲ့ ဒေသခံလူမျိုးစုတွေရဲ့ ပြဿနာတွေက အစိုးရကို အမြဲခုခံ ဆန့်ကျင်လိုမှုတွေ ပေါ်ထွက်နေဉီးမှာ ဖြစ်ပါတယ်။

 

တောင်ဘက်ရဲ့  အလားအလာ

 

တရုတ်သြဇာ လွှမ်းမိုးမှုက အရှေ့တောင်ဘက်ဆီလည်း ပျံ့နှံ့နေပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများဟာ ပင်ကိုယ်အားဖြင့် အားပျော့သူများဖြစ်ပြီး မဟာတရုတ်ပြည်ကြီး ပေါ်ထွက်လာမှုကို ခုခံနိုင်စွမ်း အနည်းဆုံးသူများ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တရုတ်ရဲ့ စီးပွားရေး နိုင်ငံရေး အရှိန်အဝါက ဗီယက်နမ်၊ လာအို၊ ထိုင်း၊ မြန်မာတို့အပေါ် အမြဲလွှမ်းနေတာပါ။ နောက် မဲခေါင်မြစ်အပေါ် အခြေပြုထားပြီး၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်နိုင်ငံများ အားလုံးကို ကုန်းကြောင်း ရေကြောင်းတို့နဲ့ ချိတ်ဆက်ပေးတဲ့ အဓိကမြို့ကလည်း တရုတ်ရဲ့ ယူနန်ပြည်နယ်က ကူမင်းပဲ ဖြစ်ပါတယ်။

 

အရှေ့ တောင်အာရှမှာ အကြီးဆုံး နိုင်ငံတစ်ခုက မြန်မာပါ။ ပါကစ္စတန်ကို အာရှရဲ့ ဘောလ်ကန် ဒေသလို့ ပြောမယ်ဆိုရင်၊ မြန်မာကတော့ ၂၀ရာစု အစောပိုင်း ဘယ်လ်ဂျီယံနိုင်ငံ အခြေအနေမျိုးမို့ အိမ်နီးချင်းနိုင်ငံများရဲ့ စားကျက်ဖြစ်သွားပါမယ်။ တရုတ်က အရေးပေါ် လိုအပ်နေတဲ့ သဘာဝရင်းမြစ် အားလုံးကို ချည့်နဲ့တဲ့ မြန်မာက ရင်းပေးရဖို့ ရှိပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့က မြန်မာပိုင် အိန္ဒိယပင်လယ်ပေါ်ရှိ စစ်တွေမှာ ရေနက် ဆိပ်ကမ်း အပြိင်ဆောက်ဖို့ လုပ်နေကြပါတယ်။ ဘင်္ဂလားပင်လယ်အော်ရှိ မြန်မာ့ကမ်းလွန်တွင်းများကနေ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေ အဆုံးစွန် ဆွဲထုတ်ဖို့ ရည်မှန်းထားပြီး ဖြစ်ပါတယ်။တရုတ်က အရှေ့တောင်အာရှ ဒေသတစ်ခုလုံးအတွက် ခွဲခြားသိမ်းပိုက်ရေး မဟာဗျူဟာ (divde-and-conquer) ကို နေရာတိုင်းမှာ ကျင့်သုံးပါတယ်။ အရင်တုန်းက အာဆီယံနိုင်ငံတွေ အားလုံးကို ယူနစ်တစ်ခုအနေနဲ့ မဆက်ဆံပဲ တနိုင်ငံချင်းစီ ခွဲခြား ဆက်ဆံခဲ့ပါတယ်။ အခု အာဆီယံနဲ့ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် ရေးထိုးပြီးတဲ့နောက် နိုင်ငံအားလုံးနဲ့ ဆက်ဆံမှုကနေ အကျိုးအမြတ်ရဖို့ ပိုလုပ်ဆောင်လာပါတယ်။ အာဆီယံဈေးကွက်ထဲ တရုတ်အဆင့်မြင့် ထုတ်ကုန်တွေ ရောင်းချပြီး၊ တန်ဖိုးနိမ့် စိုက်ပျိုးရေးထွက်ကုန်တွေကို ပြန်ဝယ်ပါတယ်။ ဒါက ကုန်သွယ်မှုမှာ တရုတ်ကို အမြတ်ပိုထွက် (surplus) စေပြီး၊ အာဆီယံနိုင်ငံများ အဖို့တော့ တရုတ်လုပ်သားများက ဈေးပေါပေါထုတ်တဲ့ မစွံတဲ့ လျှော့ဈေး အမှိုက်ပုံနေရာကြီးလို ဖြစ်လာပါတယ်။ အဲဒီ အခြေအနေက ထိုင်းနိုင်ငံမှာ သိသိသာသာ ဖြစ်ပျက်နေပါတယ်။

 

တချိန်က ထိုင်းဟာ ဒေသတွင်း အားကောင်းတဲ့ နိုင်ငံဖြစ်ခဲ့ပေမယ့် အခု ပြည်တွင်း နိုင်ငံရေး ပြဿနာများကြောင့် တရုတ်ကို တန်ပြန်ကျားကန်နိုင်မယ့် အနေအထား နည်းသထက် နည်းလာပါတယ်။ မကျန်းမာတဲ့ ဘုရင်ကြီးနဲ့အတူ တော်ဝင်မိသားစုရဲ့ သြဇာ ကျသည်ထက် ကျလာပြီး၊ ထိုင်းစစ်တပ်အတွင်း အုပ်စုဖွဲ့မှုတွေ ရှိလာပါတယ်။ ဒီအချိန်မှာ တရုတ်က နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု ဖွံဖြိုးအောင်လုပ်သလို၊ အာဆီယံနိုင်ငံများအားလုံးနဲ့ပါ ဆက်ဆံရေး တိုးမြင့်တည်ဆောက် လာပါတယ်။ အမေရိကန် အဖို့တော့ အီရတ်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံနဲ့ ပျာယာခတ်နေသမို့ တရုတ်ခြေလှမ်းကို အာရုံမစူးစိုက် နိုင်ပါဘူး။ ထိုင်းရဲ့ တောင်ဘက် မလေးရှားနဲ့ စင်ကာပူ နှစ်နိုင်ငံစလုံးကလည်း မဟာသီယာနဲ့ လီကွမ်ယူတို့ မြင်ကွင်းက ပျောက်သွားတာနဲ့အမျှ ဒီမိုကရက်တစ် လမ်းကြောင်းအတွင်း စမ်းသပ်လျှောက်လှမ်း လာပါတယ်။ မလေးရှားမှာ တရုတ်လူနည်းစုက မူဆလင်-မလေး လူများစုရဲ့ ခြိမ်းခြောက်မှု ခံစားနေရပေမယ့်၊ မလေးစီးပွားရေးက တရုတ်အရိပ်အောက်ကနေ ထပ်ကြပ် လိုက်လာပါတယ်။

 

စင်ကာပူဟာ တရုတ်လူမျိုးအများစုနေထိုင်ရာ နိုင်ငံဖြစ်ပေမယ့်၊ အစိုးရက တရုတ်ပြည်မရဲ့  လက်အောက်ခံဖြစ်ရမှာ သိပ်ကြောက်ပါတယ်။ ဒါကြောင့်လည်း မကြာခင်က ထိုင်ဝမ်နဲ့ စစ်ရေးပူးတွဲလေ့ကျင့်မှုတွေတောင် လုပ်ခဲ့ပါသေးတယ်။ လီကွမ်ယူကိုယ်တိုင်ကလည်း အမေရိကန် ပြည်ထောင်စုကို စစ်ရေးရော သံတမန်ရေးပါ ဒေသနဲ့ အမြဲထိစပ်ပေးထားဖို့ ပြောင်ပြောင်တင်းတင်း တိုက်တွန်းခဲ့ပါတယ်။

 

အင်ဒိုနီးရှားကျတော့ တရုတ်ကို ကျားကန်ထားဖို့အတွက် အမေရိကန်ရေတပ် တည်ရှိခွင့် ပေးထားရသလို၊ တဘက်က အမေရိကန်တွေကို နေရာပေးထားတဲ့ အတွက် ကျန်အစ္စလာမ် ကမ္ဘာက မျက်မုန်းကျိုးမှာလည်း ပူပန်ရတာမို့ နှစ်ဘက်ကြား ညှပ်နေပါတယ်။ မည်သို့ဆိုစေ အရှေ့ တောင်အာရှမှာ အမေရိကန်ပါဝါ လဆုတ်ရက်တွေ ရောက်လာနေတာမို့၊ ပေကျင်းအစိုးရရဲ့  ခွဲခြား-သိမ်းပိုက်ရေး မဟာဗျူဟာ လျော့ပါးစေဖို့အတွက် ဒေသတွင်း နိုင်ငံများဟာ အချင်းအချင်း မဟာမိတ် ပြုလာ ကြရပါတယ်။ ဥပမာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့ဟာ ခိုးတတ်လွန်းတဲ့ တရုတ်ကို ကာကွယ်ဖို့ မူပိုင်ခွင့်ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်လာ ကြပါတယ်။ ဒီ နိုင်ငံတွေ ပိုမိုပေါင်းစည်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လာနိုင်တာနဲ့အမျှ၊ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ဟန့်တားထား နိုင်မှာပဲ ဖြစ်ပါတယ်။

 

စစ်တပ်ထဲမှာ

 

ဗဟိုအာရှ၊ မွန်ဂိုလီယား၊ ရုရှားအရှေ့ ဖျားနဲ့ အရှေ့ တောင်အာရှတို့ဟာ တရုတ်သြဇာလွှမ်းမိုးဖို့ သဘာဝဇုံတွေ ဖြစ်ပါတယ်။ သို့သော် ဒီဇုံတွေရဲ့  နိုင်ငံရေး နယ်နိမိတ်တွေက အပြောင်းအလဲ သိပ်မရှိလို့ ထူးထူးခြားခြား ပြဿနာဖြစ်မယ့်ပုံ မပေါ်ပါဘူး။ ကိုရီးယားကျွန်းဆွယ် ကျတော့ တမူခြားနားပါတယ်။ တရုတ်မြေပုံက အဲဒီနားမှာ အတိခံထားရပြီး နိုင်ငံရေးနယ်နိမိတ် ပြောင်းရွှေ့ သွားနိုင်ပါတယ်။

 

အထီးကျန်ရသေ့ကြီး မြောက်ကိုရီးယားအစိုးရက အခြေခံအားဖြင့် မတည်ငြိမ်တဲ့ သဘောရှိပြီး သူပြိကွဲပျက်ပြားရင် ဒေသကြီးတခုလုံးကို အကျိုးသက်ရောက်စေပါလိမ့်မယ်။ မန်ချူးရီးယားကနေ ငေါထွက်နေတဲ့ ကိုရီးယားကျွန်းဆွယ်ဟာ တရုတ် အရှေ့မြောက်ဘက် ပယ်လယ်ရေကြောင်း အသွားအလာ အားလုံးကို ထိန်းချုပ်ထားနိုင်ပါတယ်။ တရုတ်က ကိုရီးယားကျွန်းဆွယ်ရဲ့ တစုံတရာသော အစိတ်အပိုင်းကို သိမ်းပစ်ဖို့ဆိုတာတော့ ဘယ်သူမှ မမျှော်လင့်ပါဘူး။ နို့ပေမယ့် မြောက်ဘက်ကိုတော့ အချုပ်အခြာ ပိုင်ဆိုင်ခွင့်အကြောင်းပြရင်း ဆရာကြီးလုပ်ထား နိုင်မှာပါပဲ။ ကင်ဂျုံအီးရဲ့ စတာလင်ပုံစံအစိုးရကို ထောက်ခံပေးနေပေမယ့်၊ တရုတ်မှာ ကျွန်းဆွယ်တခုလုံးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ ရှိနေပါတယ်။ တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့ဆုံတွေ့ရာ တူမန်မြစ်ဒေသဟာ ပစိဖိတ်သမုဒ္ဒရာပေါ်က ဂျပန်ကို ဖြတ်သွားမယ့် ဆိပ်ကမ်းကောင်းတွေ ရှိပါတယ်။ ဒီဒေသကို စီးပွားရေးအရ ပုံမှန်ကြီးစိုးထားပြီး နိုင်ငံရေးအခြေခံ တည်ထားဖို့ တရုတ်က စီမံနေပါတယ်။ ဒီရည်ရွယ်ချက်အတွက် မြောက်ကိုရီးယားကနေ ထွက်ပြေးပြီး အခု တရုတ်ပြည်မှာ လာရောက် ခိုလုံနေသူ ထောင်ပေါင်းများစွာကို အတင်းပြန်ပို့ရင်း၊ မြောက်ကိုရီးအစိုးရကို သူ့စီမံကိန်းအတွက် အပေးအယူ လုပ်ကိုင်ထားဖို့ ဖြစ်ပါတယ်။

 

တကယ်တော့ ပေကျင်းအစိုးရက မြောက်ကိုရီးယားကို ပိုမိုတိုးတက် ခေတ်မှီတဲ့ အာဏာရှင်နိုင်ငံ ဖြစ်စေချင်ပုံ ရပါတယ်။ မြောက်ကိုရီးယားကို တရုတ်နဲ့ လူလတ်တန်းစား တိုးတက်များပြားလာတဲ့ တောင်ကိုရီးယားအကြားမှာ ကြားခံအဖြစ် ထားချင်ပုံရတယ်။ ကိုရီးယားကျွန်းဆွယ် ပြန်လည် ပေါင်းစည်းသွားရင်တောင်မှ အဆုံးမှာ ပေကျင်းအစိုးရပဲ အမြတ်ရဉီးမယ်လို့ တွက်ထားပါတယ်။

 

ပြန်လည်ပေါင်းစည်းမယ့် ကိုရီယားဟာ အမျိုးသားရေးဝါဒ ပြင်းထန်ပြီး အတိတ်မှာ သူ့ကို သိမ်းပိုက်ဖို့ ကြိုးစားဖူးတဲ့ တရုတ်နဲ့ ဂျပန်တို့ကို ရန်လိုစိတ်တွေ မွေးမယ်။ သို့နှင့်တိုင် ကိုရီးယားရဲ့ မုန်းတီးမှုက တရုတ်ထက် ဂျပန်ပေါ်မှာ ပိုကြီးပါတယ်။ ဂျပန်က ၁၉၁၀ ကနေ ၁၉၄၅ အထိ သိမ်းပိုက်ထားခဲ့ပြီး၊ အခုထိလည်း ကျွန်းနှစ်ကျွန်းနဲ့ပတ်သက်ပြီး အငြင်းပွားနေရတုန်းပါပဲ။

 

စီးပွားရေးအရ ဆက်ဆံမှုမှာ ဂျပန်ထက် တရုတ်နဲ့ ပိုကြီးမားလာဖို့ပဲ ရှိပါတယ်။ တကယ်လို့ ပေါင်းစည်းမယ့် ကိုရီးယားကိုလည်း ဆိုးလ်ဘက်ပဲ အနည်းနဲ့အများ ထိန်းချုပ်ထားနိုင်ဖို့ ရှိပါတယ်။ လက်ရှိမှာတော့ တရုတ်က တောင်ကိုရီးယားရဲ့  ကုန်သွယ်ရေးပါတနာ ဖြစ်နေပါပြီ။

အဆုံးစွန်တွက်ရင် ပြန်လည်ပေါင်းစည်းမယ့် ကိုရီယားဟာ ပေကျင်းဘက်ကို တဖြည်းဖြည်း ယိမ်းလာပြီး ဂျပန်နဲ့ စိမ်းသထက်စိမ်းကား သွားမယ်။ အမေရိကန်တပ်တွေကိုလည်း အိမ်ရှင်အဖြစ် လက်ခံမှာ မဟုတ်တော့ဘူးလို့ တရုတ်က တွက်ပါတယ်။ ကိုရီးယားအနာဂတ်က မဟာတရုတ်ကြီး လက်တွင်းမှာပဲရှိပြီး အရှေ့မြောက်အာရှမှာ အမေရိကန်ရဲ့တည်ရှိမှု လျော့ပါးသထက် လျော့ပါး သွားပါလိမ့်မယ်။

 

 

ထိုင်ဝမ်အနာဂါတ်

 

မဟာတရုတ်ပြည်ကြီး ပေါ်ထွက်ရေးမှာ ထိုင်ဝမ်အနာဂတ်က အရေးပါနေပါတယ်။ ထိုင်ဝမ်ပြဿနာကို အမြဲတမ်းကျင့်ဝတ် စံနှုန်းတွေပေါ်မှာတင် ဆွေးနွေးတတ်ကြ ပါတယ်။ ပေကျင်းဘက်က တရုတ်အမျိုးအနွယ် အားလုံး ကောင်းကျိုးအတွက် ပြန်လည်ပေါင်းစည်းဖို့ အမျိုးသားဘိုးဘွား အမွေကို ကြံ့ခိုင်အောင် လုပ်ကြဖို့ ပြောပါတယ်။ ဝါရှင်တန်ကတော့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီမော်ဒယ်လ် အပျိုရည် မပျက်စေဖို့ ထိန်းထားသင့်ကြောင်း ပြောပါတယ်။ သို့သော် တကယ့်ပြဿနာက ပထဝီနဲ့ ဆိုင်ပါတယ်။

အမေရိကန် စစ်ဗိုလ်ချုပ်ကြီးဒေါက်ဂလပ်စ် မက်အာသာက “ထိုင်ဝမ်ဟာ တရုတ်ပင်လယ်မှာ မနစ်မြုပ်စေရမယ့် လေယာဉ်တင် သင်္ဘောပဲ” လို့ ဆိုထားပါတယ်။ အမေရိကလို ပြင်ပအင်အားတစ်ခုက တရုတ်ကမ်းရိုးတန်းတလျှောက် ဝင်ထွက်ဖို့အတွက် ထိုင်ဝမ်ကို အမြဲကိုင်ထားဖို့ လိုပါမယ်လို့ ပြောခဲ့တာပါ။ တကယ်လို့ ထိုင်ဝမ်သာ တရုတ်ပြည်မ ရင်ခွင်ထဲ ပြန်ဝင်သွားရင် တရုတ်ရေတပ်ဟာ မဟာဗျူဟာအကျဆုံး အနေအထား ရောက်ရှိသွာပြီး မကြုံစဖူးအောင် အင်အားကြီးမား သွားပါလိမ့်မယ်။ နောက်လာမယ့် ကမ္ဘာ့အစီအစဉ်သစ် (World Order) မှာ ဝင်ရိုးစုံစစ်ရေး (multipolar military) မပေါ်ထွန်းအောင် အမေရိကန်က သတိထား ဆောင်ရွက်နေပါတယ်။ သူနဲ့အပြိင် စစ်တပ်မျိုး ရှိမနေစေဖို့ပါ။ အကယ်၍ ထိုင်ဝမ်သာ ပြည်မနဲ့ ပြန်ပေါင်းထုတ်သွားရင်တော့ အရှေ့အာရှကနေ အမေရိကကို သေချာပေါက်စိန်ခေါ်မယ့် အပြိုင် စစ်ဝင်ရိုးတစ်ခု ပေါ်ထွက်လာတော့မှာ အမှန်ပါပဲ။

 

 

ထိုင်ဝမ်အပေါ် အင်အားလွှမ်းမိုးဖို့ အတွက် တရုတ်ရေတပ်က တောင်တရုတ်ပင်လယ်၊ အိန္ဒိယသမုဒ္ဒရာရှိ တရုတ်ဂိတ်ပေါက်နဲ့ ကမ္ဘာ့ဟိုက်ဒရိုကာဗွန် သယ်ယူပို့ဆောင်ရေး ပင်လယ်လမ်းကြောင်းတွေကို အကွက်ချ စီမံနေပါတယ်။ တရုတ်ရေနံတင်သင်္ဘောများ လုံခြုံစွာ ဖြတ်သန်းသွားလာဖို့၊ ပင်လယ်ဓါးပြရန်၊ အစွန်းရောက် အစ္စလာမ်ရန် ကာကွယ်ဖို့နဲ့ အိန္ဒိရေတပ် အားမကြီးအောင် စီမံလုပ်ဆောင်နေပါတယ်။ မဟာဗျူဟာ အရေးပါမှု အရကြည့်ရင် တောင်တရုတ်ပင်လယ်ဟာ “ဒုတိယ ပါရှင်ပင်လယ်ကွေ့” လို့ တင်စားကြပါတယ်။ ပထဝီနိုင်ငံရေး ပညာရှင်များအလိုအရ ဂရိတွေကအေဂျီယန် ပင်လယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ရောမက မြေထဲပင်လယ်ကို ထိန်းချုပ်ခဲ့တယ်။ အမေရိကန်က ကာရစ်ဘီယန်ကို စိုးမိုးတယ်။ အခု တရုတ်က တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်တော့မယ်။ ပထဝီနိုင်ငံရေး ဆရာကြီးများအဖို့တော့ ကာရစ်ဘီယန်က အမေရိကန်ပြည်ထောင်စုရဲ့ မြေထဲပင်လယ်လို့ ဝိဂြိုလ်ပြုလာရင် လာမယ့် ဆယ်စုနှစ်များမှာ တောင်တရုတ်ပင်လယ်က အာရှမြေထဲပင်လယ်ဖြစ်တော့မှာ မလွဲအောင်ပါပဲ။

 

 

မဟာတရုတ်ပြည်

 

မဟာတရုတ်ပြည်ဟာ ဗဟိုအာရှ၊ အိန္ဒိယပင်လယ်၊ အရှေ့ တောင်အာရှနဲ့ အနောက်ဖက် ပစိဖိတ်တို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့အတူ ထူးခြားစွာ ပေါ်ထွက်လာမယ့်ပုံပါ။ တဆက်တည်း အမေရိကန်စစ်သင်္ဘော အခြေစိုက်စခန်းများကို ကျော်လွန်ပြီး၊ ဂျပန်၊ အိန္ဒိယ၊အခြား ဒီမိုကရေစီ နိုင်ငံများနဲ့ ပစိဖိတ်ရေတပ် ပူးတွဲဆောင်ရွက်မှုတွေ လုပ်လာပါ လိမ့်မယ်။ တရုတ်က အပြာရောင်ပင်လယ်ပိုင်စိုးမှုမှာ နယ်မြေကန့်သတ် ထိန်းချုပ်မှုထက် ဒေသတွင်း ရေတပ်မဟာမိတ် ဖွဲ့တည်မှုကို ပိုပြီးအာရုံကျပုံ ရပါတယ်။ သို့နှင့်တိုင် စစ်ရေးအရ အမေရိကနဲ့ တရုတ်ဆက်ဆံရေးဟာ အရင်အမေရိကနဲ့ ဆိုဗီယက်ဆက်ဆံရေးထက် ပိုတည်ငြိမ်မှု ရှိပါလိမ့်မယ်။ ဒါကလည်း ထူးခြားတဲ့ အရှေ အာရှ ပထဝီ အနေအထားကြောင့် ဖြစ်ပါတယ်။ စစ်အေးခေတ်မှာ ဆိုဗီယက်ကို ထိန်းချုပ်ဖို့ အမေရိကန် အနေနဲ့ ပင်လယ်ရေကြောင်း အင်အားတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ဥရောပကုန်းမြေကို အသုံးပြုရပါတယ်။ အခု တရုတ်ကို ထိန်းချုပ်ဖို့ အတွက်ကျတော့ တရုတ်ပတ်ပတ်လည်မှာ အမေရိကန် အခြေချနိုင်မယ့်မြေ သိပ်မရှိလှတာမို့ အမေရိကန်ရေတပ်ဟာ တရုတ်ရေတပ်ထက် ဆက်ပြီး ကြီးမားကြံ့ခိုင် နေဉီးမှာပါပဲ။

 

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်စီးပွားရေး စစ်ရေးအင်အား တိုးမြင့်လာမှုက ရှေ့လာမယ့်နှစ်တွေမှာ အမေရိကန် – တရုတ် တင်းမာမှု အရှိန်မြင့်နေမှာပါပဲ။ နိုင်ငံရေးသိပ္ပံပညာရှင် ဂျွန်မီယာရှီးမား ရဲ့ အမြင်အရဆိုရင် အနောက်ကမ္ဘာခြမ်းကို ကြီးစိုးခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အရှေ့ကမ္ဘာခြမ်း အများစုကို လွှမ်းမိုးကြီးစိုးတော့မယ့် မဟာတရုတ်ကို ဟန့်တားဖို့ ကြိးစားပါလိမ့်မယ်။ အဲဒါကိုက ယနေ့ခေတ် ရဲ့  အထူးခြားဆုံး ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါလိမ့်မယ်တဲ့။

(ရဲမြင့်ကျော်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s