ဖြူးမြို့သားတွေကို ကျေးဇူးတင်တယ် (လူထုစိန်ဝင်း)

Posted: October 14, 2011 in ဆောင်းပါး

ဖြူးမြို့သားတွေက သူတို့ရဲ့ ဖြူးအမျိုးသားကျောင်း နှစ် ၉၀ ပြည့် အထိမ်းအမှတ်စာအုပ် ထုတ်မယ်ဆိုတာ ကြားရတော့ အင်မတန်ဝမ်းသာပီတိဖြစ်မိတယ်။ ကိုယ့်မြို့ကိုယ့်ရွာကို ချစ်တဲ့စိတ်ကြောင့် ၀မ်းသာမိတာဖြစ်သလို အမျိုးသားကျောင်းဆိုတဲ့ ဂုဏ်ပုဒ်ကို မမေ့မလျော့တန်ဖိုးထားတဲ့ စိတ်ကြောင့်လည်း ၀မ်းသာမိတာဖြစ်တယ်။

ဇာတိကို ခင်တွယ်မှုနည်းတယ်

အခုခေတ်လူငယ်တွေရဲ့ စိတ်မှာ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်ဇာတိကို ခင်တွယ်မှု အားနည်းကြတယ်လို့ ထင်မိတယ်။ ရန်ကုန်မြို့မှာ မြို့နယ်အသင်းတွေ အများကြီးရှိကြပါတယ်။ ကိုယ်နီးစပ်သလောက် လှမ်းကြည့်လို့ သတိပြုမိတာကတော့ မြို့နယ်အသင်းဆိုတာ ပင်စင်စားအဘိုးကြီးတွေ၊ အဘွားကြီးတွေသာ စုဝေးကြတဲ့နေရာ ဖြစ်တယ်ဆိုတာပါပဲ။ လူငယ်တွေက လုံးဝစိတ်ဝင်စားကြပုံမရပါဘူး။ ကိုယ့်ဇာတိ၊ ဒါမှမဟုတ် ကိုယ့်မိဘဘိုးဘွားများရဲ့ ဇာတိရပ်ရွာကို ချစ်ခင်တွယ်တာစိတ် လူငယ်အများစုမှာ မရှိကြတော့ပါဘူး။ လူငယ်တွေ စိတ်ဝင်စားမှုမရှိဘဲနဲ့ မြို့နယ်အသင်းတွေ တိုးတတ်လာနိုင်ဖွယ်မရှိပါဘူး။ အခုတွေ့ရသလောက် မြို့နယ်အသင်းတော်တော်များများဟာ နှစ်ပတ်လည် အစည်းအဝေးမှာ စုဝေးဆုံတွေ့ကြတာလောက်ပဲ ရှိပါတယ်။ တချို့တလေသာ ပညာရည်ချွန်ဆုပေးပွဲကို ကိုယ့်ဒေသ ဆရာတော်သံယာတော်ကြီးများပူဇော်ပွဲတို့၊ သက်ကြီးရွယ်အိုပူဇော်ပွဲတို့ဆိုတာမျိုးတွေ လုပ်နိုင်ကြတာတွေ့ရပါတယ်။ သိပ်အားရစရာမရှိလှပါဘူး။

မိတ်သယာယ စိတ်ဓါတ်

တကယ်တော့ မြို့နယ်အသင်းတွေကတဆင့် လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ တရပ်တကျေးရောက်ရှိနေကြတဲ့ ကိုယ့်ရပ်ကိုယ့်ရွာသားတွေ အချင်းချင်း အပြန်အလှန်ရိုင်းပင်းကူညီတာတွေ၊ အပြန်အလှန်စောင့်ရှောက်တာတွေ၊ အမျိုး ဘာသာ သာသနာအတွက် အင်းအားတွေစုပေါင်းဆောင်ရွက်တာတွေ၊ ကိုယ့်ဇာတိရပ်ရွာ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ၀ိုင်းဝန်းကူညီတာတွေ စတဲ့စတဲ့ လူရေးလူမှုကိစ္စတွေအများကြီးရှိပါတယ်။ ဒီလို “ရပ်ဆွေရပ်မျိုး” စိတ်ဓါတ်ဆိုတာ အင်မတန် ချစ်စရာကောင်းတဲ့ မြန်မာလူမျိုးများရဲ့ ဓလေ့စရိုက်ဖြစ်ပါတယ်။ ကိုယ့်အိမ်မှာ ထမင်းမလောက်ရင် သူ့အိမ်သွားတောင်း၊ ကိုယ့်အိမ်မှာ ဟင်းကောင်းချက်ရင် သူ့အိမ်သွားပို့၊ သူ့အိမ်မှာ အလှူလုပ်ရင် ကိုယ့်အိမ်က တစ်အိမ်လုံး ၀ိုင်းကူလုပ်ပေးဆိုတဲ့ စိတ်ဓါတ်မျိုးဆိုတာ ရန်ကုန်လိုမြို့ကြီးများမှာ မတွေ့နိုင်ပါဘူး။ မြန်မာ့ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေ မပျက်စီးသေးတဲ့ နယ်မြို့များမှာသာ တွေ့နိုင်ပါတော့တယ်။ ဒီလို “ရပ်ဆွေရပ်မျိုး” စိတ်ဓါတ်ကို “မိတ်သဟာယ” စိတ်ဓါတ်ဟာ (Common Wealth Spirit) လို့လည်း ခေါ်ပါတယ်။ ဒီစိတ်ဓါတ်ဟာ လူ့ယဉ်ကျေးမှုရဲ့ အခြေခံစိတ်ဓါတ်ဖြစ်ပါတယ်။

လူတွေ ရိုင်းလာတယ်

ကမ္ဘာဦးအစက လူသားများဟာ အရိုင်းတွေပါ။ တဖြည်းဖြည်း ပြောင်းလဲတိုးတတ်လာပြီး လူအများနဲ့ရောနှောပေါင်းစည်းနေထိုင်လာတတ်မှ ယဉ်ကျေးလာတာဖြစ်ပါတယ်။ တစ်ဦးချင်းနေစဉ်ကတော့ ကိုယ်စားဖို့၊ အိပ်ဖို့၊ ကိုယ်ကြိုက်တာကိုယ်လုပ်ဖို့ဆိုတဲ့ “တကိုယ်ကောင်းစိတ်” တစ်ခုပဲ ရှိပါတယ်။ နောက်လူအများနဲ့ ရောနှောနေထိုင်မှ အများကောင်းမှ ကိုယ့်အဖို့လည်းကောင်းမယ်ဆိုတဲ့ Common Wealth စိတ်ဓါတ်ကို နားလည်လာကြတာဖြစ်တယ်။ အဲဒီစိတ်ဓါတ်ရှိလာခြင်းကို ယဉ်ကျေးခြင်းလို့ ခေါ်တာပါ။ ခုခေတ်မြို့ကြီးပြကြီးတွေမှာ လူကြီးလူငယ်မရွေး စရိုက်တွေကြမ်းသထက် ကြမ်းလာကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ သိပ်ကြွယ်ဝတဲ့ အနောက်နိုင်ငံကြီးတွေမှာ ပိုဆိုးပါတယ်။ ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်ကတောင် မောင်းပြန်သေနတ်ကြီးလွယ်ပြီး မူလတန်းကျောင်းထဲက ကလေးတွေကို လိုက်ပစ်သတ်တဲ့ လုပ်ရပ်မျိုးတွေ လုပ်နေကြတာမျိုး နေ့စဉ်ဖတ်ရှုမြင်တွေ့နေကြရတယ် မဟုတ်လား။ ဒါတွေက လူတွေဟာကြမ်းရုံထက်လွန်ပြီး ရိုင်းလာတယ်ဆိုတာကို ညွှန်ပြနေတဲ့အချက်တွေ ဖြစ်ပါတယ်။ ကျွှန်တော်တို့ကလေးတွေ အဲ့ဒီလို လူကြမ်းလေးတွေ လူရိုင်းလေးတွေ ဖြစ်မသွားအောင် ကျွှန်တော်တို့အစွမ်းကုန် တားဆီးကာကွယ်ကြရပါမယ်။ မြန်မာလူမျိုးရဲ့ ရိုးရာအစဉ်အလာ “ရပ်ဆွေရပ်မျိုး” စိတ် “မိတ်သဟာယ” စိတ်တို့ဟာ အကောင်းဆုံး အကာအကွယ်တွေ ဖြစ်ပါတယ်။ ဒီစိတ်မျိုးတွေကို မြို့နယ်အသင်းတွေကတစ်ဆင့် ပျံ့နှံ့စေနိုင်ပါတယ်။

သခင်ပညာ၊ သခင်စိတ်

ဖြူးမြို့သားများရဲ့ အမျိုးသားကျောင်းဂုဏ်ပုဒ်ကို မမေ့မလျော့ တန်ဖိုးထားစိတ်ကလည်း လေးစားလောက်ဖွယ်ဖြစ်ပါတယ်။ အထူးသဖြင့် အခုခေတ်လို စီးပွားကုန်သွယ်ရေးအကြောင်းပြပြီး လူမှုရေးနယ်ချဲ့မှု၊ ယဉ်ကျေးမှုနယ်ချဲ့မှုတွေ တားမနိုင် ဆီးမရ လွန်လွန်မင်းမင်း လုပ်ကိုင်နေကြတဲ့အချိန်အခါမျိုးမှာ အမျိုးသားကျောင်းများရဲ့ အခန်းကဏ္ဍကို ပြန်လည်ဖော်ထုတ်ပြောပြကြဖို့ သိပ်ကိုလိုပါတယ်။ ရှေးခေတ်အခါက နယ်ချဲ့ကိုလိုနီအစိုးရရဲ့ ဒေါက်တိုင် များအဖြစ် အသုံးချဖို့ ရုံးစာရေး၊ မြေတိုင်းစာရေးနဲ့ ပုလိပ်တွေ မွေးထုတ်ဖို့လောက်သာ ရည်ရွယ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတတ်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ စီးပွားရေးပညာ၊ သိပ္ပံပညာနဲ့ အုပ်ချုပ်ရေးပညာရပ်တွေကို သင်ကြားမပေးခဲ့တာကြောင့် တစ်လမ်းသွားပညာရေးစနစ်၊ ကျွန်ပညာရေးစနစ်လို့ ခေါ်ဆိုခဲ့ကြပြီး ဆန့်ကျင်ခဲ့ကြပါတယ်။ အမျိုးသားကျောင်းတွေကို သခင်ပညာ တွေ သင်ကြားပြီး သခင်စိတ်ဓါတ်တွေ ပျံ့နှံ့စေနိုင်ဖို့အတွက် တည်ထောင်ဖွင့်လှစ်ခဲ့ကြပါတယ်။ အမှန်တကယ်လည်း အမျိုးသားရေးစိတ်ဓါတ်တွေ သခင်စိတ်ဓါတ်တွေ နိုးကြားတတ်ကြွလာခဲ့ကြပါတယ်။ ကျွန်ပညာကို သပိတ်မှောက်ရုံသာမက နိုင်ငံခြားအ၀တ်အထည်၊ အသုံးအဆောင်တွေကိုပါ သပိတ်မှောက်ပြီး ယောထဘီနဲ့ပင်နီကိုသာ ၀တ်ကြဖို့လှုံ့ဆော်မှုတွေ နိုင်ငံအနှံ့ပြုလုပ်ခဲ့ကြပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်စာပေနဲ့စကား၊ ကိုယ့်ယဉ်ကျေးမှုအစဉ်အလာတွေကို ချစ်တဲ့စိတ်တွေဟာ သခင်စိတ် ပဲဖြစ်တယ်။ နိုင်ငံနဲ့လူမျိုးတိုးတတ်ဖို့ သခင်ပညာတွေသင်ယူပြီး သခင်စိတ်တွေ မွေးဖို့လိုပါတယ်။

နိုင်ငံခြားကသွင်းလာတဲ့ အမှိုက်တွေ

အခုတော့ စားပွဲပေါ်မှာရှိနေတဲ့ တပည့်ဟောင်းတစ်ယောက်ရဲ့ “ကန်တော့ခြင်း” ကိုကြည့်ပြီး စိတ်မောနေမိတယ်။ ခြင်းထဲမှာ ပစ္စည်းမျိုးစုံ ဆယ့်လေးငါးမျိုးထက် မနည်းပါဘူး။ နက်စ်ကော်ဖီ၊ ထောပတ်ဘူး၊ ဒိန်ခဲဘူး၊ လိမ္မော်ရည်ဘူး၊ ဘီစကွတ်၊ ချောကလက် စတဲ့ပစ္စည်းတွေကအစ အာလူးကြော်ဘူး၊ ချောကလက်ရည်လောင်းထားတဲ့ နေကြာစေ့နဲ့ နာနတ်သီးဘူးအထိ ပါတာကိုတွေ့ရတယ်။ ပစ္စည်းအားလုံးဟာ အိမ်နီးချင်းနိုင်ငံတွေက ၀င်ရောက်လာကြတာတွေပါ။ စဉ်းစားကြည့်ရင် တော်တော်ဝမ်းနည်းဖို့ကောင်းပါတယ်။ လိမ္မော်သီး၊ နာနတ်သီး လတ်လတ်ဆတ်ဆတ်တွေ အလျှံအပယ်ပေါများလှတဲ့နိုင်ငံမှာ စည်သွတ်ပုလင်းတွေ၊ ဘူးတွေက ဘာလုပ်ရမှာလဲ။ အာလူးကြော်ဘူးဆိုတာတွေကလည်း ဖွင့်လိုက်တာနဲ့ ဆီဂျီး(ဆီချေး)စော်နံပြီး စားမရတာတွေက များပါတယ်။ ကိုယ့်နိုင်ငံမှာတင် လတ်လတ်ဆတ်ဆတ် အာလူးကြော်တွေ နေရာတကာဝယ်လို့ရနေတာပဲ မဟုတ်လား။ အိမ်နီးချင်းနိုင်ငံတွေကလာတဲ့ ဘီစကွတ်ဆိုတာတွေကလည်း အမှန်အတိုင်းပြောရရင် ရှေးက ကြည်ကြည်ဘီစကွတ်တို့၊ ပဒေသာဘီစကွတ်တို့ကိုတောင် မှီတာမဟုတ်ပါဘူး။ လိမ္မော်ရည်ဘူးဆိုလည်း ရှေးက “ပင်မှည့်လိမ္မော်ရည်” ပုလင်းလို အရသာရှိတာ မဟုတ်ဘူး။ ဒါနဲ့များ ဒီအမှိုက်တွေကို ဘာကြောင့်သွင်းယူနေကြတာလဲ။ ဒါတွေကို ကျွှန်တော်တို့ဆီက ကျွှန်းသစ်တွေ၊ ပတ္တမြားနဲ့ကျောက်စိမ်းတွေနဲ့ လဲယူနေကြတာလား။ အဲဒီအမှိုက်တွေအစား ကွန်ပြူတာတွေ ဖောချင်းသောချင်းသွင်းလိုက်ရင် မကောင်းပေဘူးလား။

လျှပ်ပေါ်လော်လည်ကြသူတွေ

တစ်ခါ ကွာလတီမဂ္ဂဇင်းဆိုတာတွေကြည့်မိတော့လည်း မျက်လုံးပြူးထွက်မတတ် အံ့အားသင့် တုန်လှုပ်သွားရတယ်။ ဒီခေတ်မိန်းကလေးများ “ရဲလွန်း” တာက တော်ရုံသင့်ရုံမဟုတ်တော့ဘူး။ “လျှပ်ပေါ်လောလည်” တဲ့အဆင့်ကိုတောင် ရောက်နေပြီလို့ တွေးမိတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ကတည်းက မိန်းကလေးတွေ ဆံပင်တိုသွားတာတွေ၊ ဘောင်းဘီဝတ်တာကို ထောက်ခံအားပေးခဲ့တဲ့သူပါ။ ဆံပင်ရှည်ကြီးနဲ့ ဆရာဝန်လုပ်ရင် ဗိုက်ခွဲနေတုံး လူနာရဲ့ဗိုက်ထဲ ဆံပင်ခြည်တွေ၊ ဗောက်တွေ သန်းတွေဝင်သွားရင် ဘယ်လိုလုပ်မလဲလို့ ပြောခဲ့၊ ရေးခဲ့တာပါ။ ဆံပင်ရှည်ကြီးနဲ့ အင်ဂျင်နီယာလုပ်ရင် စက်ပတ်ကြိုးထဲငြိပါသွားပြီး သေနိုင်တာပေါ့လို့ ပြောခဲ့၊ ရေးခဲ့တာပါ။ “ဗိုင်းကောင်းကျောက်ဖိ” တို့၊ ” ခြေတလှမ်းကုဋေတစ်သန်း” တို့ဆိုတဲ့စကားတွေကို ဆန့်ကျင်ခဲ့တာပါ။ သိပ်ပြီးခေတ်နောက်ပြန်ဆွဲနေတဲ့သူလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အခုခေတ်ကတော့ လွန်လွန်းနေပါပြီ။ ကျောဗလာ၊ ရင်ဗလာ၊ ရင်ရှားနဲ့စင်ပေါ်တတ်ပြီး ကိုယ်ဟန်ပြတယ်ဆိုတာကတော့ ဘယ်လိုမှလက်ခံနိုင်စရာမရှိပါဘူး။ မိန်းကလေးဆိုတာ ရောင်းကုန်ပစ္စည်းမဟုတ်ဘူးလို့ တစ်သက်လုံးပြောလာ၊ ရေးလာတာတွေပြန်ပြင်ရေးရတော့မလိုတောင် ဖြစ်နေပြီ။

ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ

ဂလိုဘယ်လိုက်ဇေးရှင်းလို့ စီးပွားရေး “စူပါပါဝါ” နိုင်ငံကြီးတွေ ကြွေးကြော်နေကြတဲ့ ကိုယ့်အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးမရှိ၊ နယ်ခြားမဲ့ ကုန်သွယ်ရေးဆိုတာရဲ့အချက်က စီးပွားရေးနယ်ချဲ့ခြင်းဖြစ်တယ်။ အဲဒီလို နယ်ချဲ့နိုင်ဖို့အတွက် ရှေ့တော်ပြေးအဖြစ် လူမှုရေးနဲ့ ယဉ်ကျေးမှုနယ်ချဲ့ရေးကို အထူးဦးစားပေးလုပ်ဆောင်ကြပါတယ်။ ကိုယ်ခံအားမကောင်းတဲ့နိုင်ငံတွေ နယ်ချဲ့ဝါးမျိုခံကြရပါတယ်။  မြန်မာနိုင်ငံက လူဦးရေ အဆမတန်များတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ ညပ်နေတဲ့ နိုင်ငံသေးသေးလေးဖြစ်တယ်။ အဲ့ဒါကြောင့် ကိုယ်ခံအားကောင်းဖို့ သူများတွေထက် ပိုပြီး လိုအပ်ပါတယ်။ ဖြူးမြို့သားများက သူတို့မြို့က အမျိုးသားကျောင်းကြီး နှစ်(၉၀)ပြည့် အထိမ်းအမှတ်ဂုဏ်ပြုမဂ္ဂဇင်းထုတ်တာ အထူးလိုအပ်နေတဲ့ကွက်လပ်ကို ဖြည့်ပေးလိုက်တာဖြစ်ပါတယ်။ ရှေးဘိုးဘွားများရဲ့ “၀ံသာနု”စိတ်ဓါတ်တွေကို ပြန်လည်ရှင်သန်နိုးကြားအောင် နိုးဆော်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အခုအချိန်မှာ ကျွှန်တော်တို့ အများကြီးကို လိုအပ်နေပါတယ်။ ဖြူးမြို့သူမြို့သားများကို ကျေးဇူးတင်ပါတယ်

လူထုစိန်ဝင်း

Advertisements
Comments
  1. thet says:

    နှစ် ၉၀ ပြည့်အထိမ်းအမှတ် ထုတ်တယ်ဆိုတဲ့ စာအုပ်ထဲက တခြားကောင်းနိုးရာရာများကို အဆင်ပြေမယ်ဆိုရင် တင်ပေးစေချင်ပါတယ်နော် ကျေးဇူးအများကြီးတင်ပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s