ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းကို ရှုထောင့် လေးခုမှ မြင်ကြည့်ခြင်း

Posted: April 6, 2012 in ဗဟုသုတ, ဆောင်းပါး
Tags:

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးနှင့် စက်မှုကဏ္ဍ တိုးတက်မှုအတွက် ရေနက်ဆိပ်ကမ်းဟာ ထောက်ပံ့ရေးဗဟိုချက်အဖြစ် အဓိက အခန်းကဏ္ဍကနေပါဝင်ပါတယ်ဆိုတာငြင်းလို့ မရပါဘူး။

စီးပွားရေးဆိုင်ရာ တိုးတက်မှုကို အထောက်အကူ ပြုပေမဲ့၊ ဆိပ်ကမ်းတည်ဆောက်ရာ ကမ်းခြေတလျှောက် ညစ်ညမ်းမှုကို ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်စေတဲ့အပြင် ဇီဝမျိုးစိတ်တွေ ရှင်သန်နေထိုင်ရာပျောက်ဆုံးမှု၊ ဂေဟစနစ်ပျက်စီးမှု စတဲ့ ရလဒ်ဆိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် လာရောက် ရင်းနှီးမြုပ်နှံသူတွေကလည်း ဒေသရှိ သဘာဝသယံဇာတများကို ဒေသခံတွေရဲ့ အကျိုးစီးပွားအတွက်မဟုတ်ဘဲ  သူတို့ ကိုယ်ကျိုးသက်သက် အမြတ်ထုတ်ဖို့ ရှိနေပါတယ်။

သြစတြေးလျအစိုးရရဲ့ ၂၀၀၆ ခုနှစ်မှာ ထုတ်ပြန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာတစ်ခုအရ သြစတြေးလျ ရေထုအတွင်း စွန့်ပစ်လိုက်တဲ့ ညစ်ညမ်းရေပမာဏရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဆိပ်ကမ်းရှိ သဘောင်္များနဲ့ ကုန်ပစ္စည်းများမှ လာကြောင်း သိရှိရပါတယ် ။ ဒီညစ်ညမ်းတဲ့ရေထုဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမက ဆိပ်ကမ်း အလုပ်သမားများအပါအ၀င် ကမ်းရိုးတန်းတလျှောက်နေထိုင်ကြသူတွေကို ကျန်းမာရေးထိခိုက်စေတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ် ။

မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံအတွက်တော့ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတည်ဆောက်မှုစီမံကိန်းဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမှာ ဖြစ်သလို အဆိုပါ ပြောင်းလဲမှုများဟာလည်း အချင်းချင်း အပြန်အလှန်ဆက်စပ်လျက် ရှိပါတယ် ။

မြန်မာအစိုးရဟာ ၂၀၁၀ ခုနှစ်မှာ လယ်သမား ဥယျာဉ်သမား စတဲ့ မြေယာပေါ် မှီတင်းရှင်သန်ကြတဲ့ ရွာသူရွာသားတွေ များစွာနေထိုင်တဲ့ ကျေးရွာတွေမှာ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံ စီမံကိန်းကို စတင်ခဲ့တာဖြစ်ပါတယ် ။ အဆိုပါ စ်ီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်ကမ်းရိုးတန်းပေါ်မှာရှိပြီး သာယာလှပတဲ့ ထားဝယ်မြို့မှ ၁၈ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။

ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းလို့ အမည်ရတဲ့ အဆိုပါ စီမံကိန်းဟာ ပထ၀ီအနေအထားအရ မြန်မာနိုင်ငံအတွက်သာ မဟုတ်ဘဲ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အလွန်ပင်အရေးပါလှပါတယ် ။ ကပ္ပလီပင်လယ်အတွင်း တည်ဆောက်မယ့် အဆိုပါဆိပ်ကမ်းဟာ ဥရောပ ၊ အရှေ့အလယ်ပိုင်းနှင့် အင်ဒိုချိုင်းနားတွေကြားမှာ တိုတောင်းလွယ်ကူတဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လမ်းကြောင်းတစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

ကီလိုမီတာပေါင်း မြောက်မြားစွားဝေးကွာသည့် မာလက္ကာ ရေလက်ကြားကို ဖြတ်မည့်အစား အဆိုပါလမ်းကြောင်းကို အသုံးပြုခြင်းဖြင့် အချိန်နှင့် လောင်စာကို သက်သာစေတဲ့အပြင် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ် ။

အခုလို စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ရသည့် အတွက် ဖွံဖြိုးတိုးတက်သည်ဟုဆို နိုင်ပါသလား။ အဆိုပါ အကျိုးအမြတ်များကိုရော ဒေသခံ လူထုအပါအ၀င် မြန်မာနိုင်ငံသူနိုင်ငံသားများ ဘယ်လောက် ခံစားခွင့်ရကြပါသလဲ။ ဖွံဖြိုးတိုးတက်မှုဟုဆိုရာတွင် စီးပွားရေးတစ်ခုတည်း ဖွံဖြိုးတိုးတက်ခြင်းကို ဆိုလိုခြင်း မဟုတ်တဲ့ အခြားသော လူမှုရေး၊ နိုင်ငံရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်၊ အကျိုးအမြတ်၊ ထိခိုက်မှု ပြောင်းလဲမှုများကို အသေအချာ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

နိုင်ငံရေးရှုထောင့်

ထားဝယ်ဖွံဖြိုးရေး စီမံကိန်းအနေနဲ့ အရေးကြီးဆုံးနဲ့ အထင်ရှားဆုံး ပြဿနာကတော့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို စီမံဆောင်ရွက်တဲ့နေရာမှာ တိကျတဲ့ဥပဒေ ထုတ်ပြန်နိုင်ခြင်းမရှိသေးတာပါပဲ။ အခုလို ဖွံ့ဖြိုးရေး စီမံကိန်းအကြီးကြီးတွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမပြုမီ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို လေ့လာဆန်းစစ်တဲ့ ထုတ်ပြန်ချက်တွေ၊ လူမှုရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုကို လေ့လာဆန်းစစ်တဲ့ ထုတ်ပြန်ချက်တွေကို အရင်ပြုလုပ်ရမယ်လို့ ဥပဒေကြောင်းအရ ဖော်ပြထားခြင်းမရှိသေးပါဘူး။

ခြုံ၍ပြောရလျှင် ဒေသခံပြည်သူလူထုအတွက် သူတို့မှီတင်းနေထိုင်ရှင်သန်ရာ မြေကိုတောင်မှ ကာကွယ်ပိုင်ခွင့်နှင့် ပိုင်ဆိုင်နိုင်ခွင့်ကို အာမခံနိုင်သည့် ဥပဒေမရှိပါဘူး။ အစိုးရအနေနဲ့ မြေယာတွေကို ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက် သိမ်းဆည်းနိုင်ကြောင်းကို ဥပဒေကြောင်းအရ အခွင့်အရေးပေးထားပါတယ်။ ဒါဟာ ဒေသခံလူထုအတွက် တုံးအောက်က ဖားသူငယ်ပမာပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ဘ၀တွေ လူနေမှုစနစ်တွေကို ပြောင်းပြန်ပြောင်းလဲစေနိုင်တဲ့အပြင် မှီတင်းရာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမယ့် စက်ရုံအကြီးကြီးတွေကို ကော်ပိုရေးရှင်းအကြီးစားတွေ တည်ဆောက်ဖို့ ကြိုးပမ်းလာချိန်မှာ ဒေသခံတွေဟာ သူတို့ရဲ့ဘ၀တွေအတွက် ခုခံပိုင်ခွင့်မရှိပါဘူး ။

ထိုင်းအစိုးရရော မြန်မာအစိုးရပါ အဆိုပါ နောက်ဆက်ထိခိုက်ပျက်စီးမှုတွေကို သိပါလျက်နဲ့ စီးပွားရေးအကျိုးအမြတ် တစ်ခုတည်းကိုသာကြည့်တာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုတွေကို မသိသလို လျစ်လျူရှုထားကြပါတယ် ။

စီးပွားရေး ရှုထောင့်

မူဝါဒရေးရာနှင့် နိုင်ငံရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုမရှိတာဟာလည်း  အခြားသော နိုင်ငံတွေအတွက် မြန်မာနိုင်ငံဟာ ခေါင်းပုံဖြတ်အမြတ်ထုတ်ရာနေရာ တစ်ခုဖြစ်လာအောင် ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ် ။ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတွေက ဒီအချက်ကို အခွင့်ကောင်းယူပြီးတော့ မြန်မာနိုင်ငံအတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်နေကြပါတယ်။

ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ‘အိုင်တီဒီ’ ဟာ မြန်မာ့ဆိပ်ကမ်းမှာ ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံဖို့ ဆောင်ရွက်နေပါပြီ ။အဆိုပါ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံစီမံကိန်းဟာလည်း ထိုင်းနိုင်ငံအတွက် လိုအပ်တဲ့ စွမ်းအင်အပါအ၀င် အခြားစက်မှုကဏ္ဍဆိုင်ရာ အကျိုးအမြတ်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ဒီလို စီမံကိန်းတွေကို ထိုင်းနိုင်ငံမှာ ဆောင်ရွက်မည်ဆိုလျှင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလေ့လာဆန်းစစ်ချက် အပါအ၀င် လေ့လာဆန်းစစ်ချက်တွေကို စီမံကိန်းမတိုင်မီပြုလုပ်ရပါတယ် ။ လေထု ရေထုညစ်ညမ်းမှုအပါအ၀င် ဒေသခံလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ခိုင်ခိုင်မာမာတင်ပြနိုင်ရင် စီမံကိန်းတွေကို လုပ်ပိုင်ခွင့်မရကြပါဘူး။

အခုဆိုရင် အဆိုပါ ထိုင်းကုမ္ပဏီဟာ သူတို့နိုင်ငံမှာ တည်ဆောက်လို့မရတဲ့ ညစ်ညမ်းတဲ့ စက်ရုံတွေပါတဲ့ စီမံကိန်းတွေကို လွတ်လပ်စွာပြောဆိုခွင့်၊ သဘာဝ အရင်းအမြစ်တွေကို စီမံခန့်ခွဲရာမှာ ဒေသခံလူတွေက ပါဝင်ပြောဆို ဆုံးဖြတ်ခွင့် စတဲ့ အခွင့်အရေးတွေ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ လာရောက်တည်ဆောက်တော့မှာဖြစ်ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ အလုပ်အကိုင်အခွင့်အလမ်း မြောက်မြားစွားကို ဖန်တီးပေးမှာမလွဲဧကန် ဖြစ်သလို အဆိုပါဒေသမှာ မှီတင်းနေထိုင်ကြတဲ့ လယ်သမား ဥယျာဉ်သမား ငါးဖမ်းသမားတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို ဖျက်ဆီးပစ်မှာလည်း သေချာနေပါတယ် ။

နိုင်ငံခြားမှ ကျွမ်းကျင်အလုပ်သမားမြောက်မြားစွာ ၀င်ရောက်လာပြီး ဒေသခံတွေအတွက်ကတော့ အလုပ်ကြမ်းနှင့် နေ့စား အလုပ်အကိုင်တွေကို ဈေးပေါပေါနဲ့ လုပ်ကိုင်ကြရပါလိမ့်မယ်။ လိုအပ်တဲ့ စွမ်းရည်နဲ့ အရည်အချင်းမရှိဆိုသော အကြောင်းပြချက်ဖြင့် ဒေသခံများအတွက် အနည်းငယ်သော အလုပ်အကိုင်သာ ရနိုင်ပြီး အများစုအတွက်တော့ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့အခြေချနေထိုင်ရပါလိမ့်မယ်။

လူမှုရေးရှုထောင့်

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် အခုဆိုရင်စီမံကိန်း ဧရိယာအတွင်းနေထိုင်တဲ့ လူတွေပြောင်းရွှေ့နေကြရသလို မကြာမီအချိန်အတွင်းမှာလည်း ထောင်သောင်းချီပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။ ဒေသခံတွေဆီက မြေယာတွေကို အတင်းအဓမ္မသိမ်းယူမှုဟာ ထားဝယ်ဒေသမှဒေသခံထားဝယ်လူမျိုးတွေကို မြန်မာနိုင်ငံအခြားဒေသ (သို့မဟုတ်) ထိုင်း နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ကြအောင် ဖိအားပေးလျက်ရှိပါတယ်။

ဒေသခံတွေရဲ့ သဘောဆန္ဒမပါ လျော်ကြေးတစ်စုံတစ်ရာ ပေးအပ်ခြင်းမရှိတဲ့ မြေယာသိမ်းဆည်းမှု ၊ နေထိုင်မယ့် အိမ်ယာဖန်တီးပေးခြင်းမရှိသေးဘဲ အတင်းအဓမ္မရွှေ့ပြောင်းစေမှုတွေက ဒေသခံတွေကို လူမှုရေးဆိုင်ရာ ပြဿနာတွေကြား နစ်မြုပ်စေပါတယ် ။

မြေယာမဲ့ဖြစ်သွားတဲ့ ဒေသခံတွေအတွက် ရရာအလုပ်အကိုင်ကို လုပ်ခနည်းနည်းဖြင့် ၀င်ရောက်လုပ်ကိုင်ကြရ ပါတော့မယ် ။ ဒါဟာ အစိုးရအတွက် စီမံကိန်းတွေကို ဈေးပေါပေါဖြင့် ပြီးမြောက်အောင် လုပ်ကိုင်လေ့ရှိတဲ့ ဗျူဟာတစ်ခုလည်း ဖြစ်နေပါတယ် ။

အခြားထင်ရှားတဲ့ ဆိုးကျိုးကတော့ စက်မှုဇုံမှ ထွက်ရှိလာတဲ့ ဓာတုပစ္စည်းများကြောင့် ဒေသခံလူထုရဲ့ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေခြင်းဖြစ်ပါတယ် ။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေက ပြုလုပ်ထားတဲ့ EIA , SIA , HIA မရှိတဲ့အတွက် မကြာမီ ဒီစီမံကိန်းရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဒေသခံ ထားဝယ်လူမျိုးတွေ ခံစားကြရတော့မှာ ဖြစ်ပါတယ် ။

ဥပမာအနေနဲ့ ပြောရရင် ထိုင်းနိုင်ငံရှိ Mab Ta Phut စက်မှုဇုံမှာ စက်ရုံတွေကို လည်ပတ်ပြီး ၁၀ နှစ်အကြာမှာ စက်ရုံက ထုတ်လွှတ်တဲ့ အဆိပ်သင့် ဓာတုပစ္စည်းတွေကြောင့် အဆိုပါဒေသရှိ လေထု၊ ရေထုနှင့် မြေဆီလွှာများ အကြီးအကျယ် ထိခိုက်ပျက်စီးညစ်ညမ်းစေပြီး ဒေသခံများမှာလည်း အသက်ရှုလမ်းကြောင်း ၊ အာရုံကြော ၊မျိုးပွားမှု ၊ ကြွက်သားစနစ်စ တာတွေနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို ခံစားနေရပါတယ် ။ အဆိုးဆုံးကတော့ ကင်ဆာဖြစ်ပွားမှုနှုန်းနှင့် စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ပွားသည့်နှုန်း အလွန်သိသာစွာ တိုးပွားလာခြင်းပဲ ဖြစ်ပါတယ် ။

သဘာဝပတ်ဝန်းကျင်ရှုထောင့်

စီးပွားရေး တိုးတက်မှုကို ရှေးရှုရင်းဖြစ်ပေါ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ မရှိသေးတာဟာ မြန်မာနိုင်ငံအတွက် ၀မ်းနည်းစရာကောင်းလှပါတယ် ။ အခုလို ဥပဒေတွေမရှိတဲ့အတွက် ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတည်ဆောက်မှုဟာလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေကို အဆမတန် တိုးပွားစေမှာ ဖြစ်ပါတယ်။

ဆိပ်ကမ်းတည်ဆောက်ရာ သန့်ရှင်းလှပတဲ့ ကမ်းရိုးတန်းတလျှောက်ဟာ အကျည်းတန်ညစ်ညမ်းသွားပါလိမ့်မယ်။ လယ်သမားတွေနဲ့ ငါးဖမ်းသမားတွေ မှီတင်းရာ ဂေဟစနစ်ဟာလည်း ပျက်စီးပါလိမ့်မယ်။ သဘာဝအတိုင်းတည်ရှိနေတဲ့ သန့်စင်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဟာ ညစ်ညမ်းတဲ့ လေတွေထုတ်လွှတ်တဲ့ လောင်စာသန့်စင်တဲ့ စက်ရုံ၊ ကျောက်မီးသွေးစက်ရုံတွေနဲ့ အစားထိုးခံရပါလိမ့်မယ်။

စီမံကိန်း ဧရိယာအတွင်းသာမက ထိုင်းနိုင်ငံသို့ ဖောက်လုပ်နေသော လမ်းတလျှောက် သစ်ပင်အကြီးအကျယ် ခုတ်လှဲခံရပြီး သစ်တောပြုန်းတီးမှုကို အများကြီးဖြစ်ပေါ်စေပါမယ်။ ဒီသစ်တောတွေဟာ ဒေသခံတွေအတွက်သာမက တစ်ကမ္ဘာလုံးအတွက် အလွန်ကို အရေးပါလှပါတယ်။ သစ်တောတွေက မြေဆီလွှာကို ထိန်းသိမ်းပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး လူတွေအတွက် အသုံးဝင်လှတဲ့ အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးပါတယ်။ ရာသီဥတုကို ထိန်းညှိပေးပြီး ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချစေနိုင်ပါတယ်။

Rayong ခရိုင်ရှိ Mab Ta Phut ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကိုလေ့လာကြည့်ရင် ထားဝယ်မှာလည်း အလားတူ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာမယ်ဆိုတာ သေချာနေပါတယ် ။ စက်ရုံတွေကတရားမ၀င် ထုတ်လွှတ်တဲ့ အညစ်အကြေးတွေကြောင့် မြေဆီလွှာတွေ သုံးလို့မရအောင်ပျက်စီးရသလို ရေတွေလည်း သုံးလို့မရအောင် ညစ်ညမ်းကုန်ပါတယ်။

ဒီရေတွေဟာ မြောင်းတွေ ရေကန်တွေမှတဆင့် မြစ်ချောင်းစနစ်ထဲသို့ ရောက်ရှိပြီး စက်မှုဇုံ ဧရိယာအတွင်း နေထိုင်တဲ့ဒေသခံတွေအတွက် အဆိပ်သင့်ရေတွေ ဖြစ်သွားစေပါတယ် ။ ဒါကြောင့် ဒေသခံတွေဟာ သန့်ရှင်းသောရေကို ဈေးကြီးပေးဝယ်သုံးရပါတယ်။ စက်ရုံတွေက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ အလွန်မြင့်မားမှုကြောင့် အက်ဆစ်မိုးများရွာသွန်းသည့်အပြင် သီးနှံများလည်း စားလို့မရ ရောင်းလို့မရဖြစ်အောင် ပျက်စီးသွားပါတယ်။

ဒါကြောင့် အဆိပ်သင့်စက်မှုဇုံစီမံကိန်းဟာ အခုမျိုးဆက်ကိုသာမက နောက်မျိုးဆက်တွေအတွက်ပါ အဖိုးတန်လှတဲ့ ဂေဟစနစ်ကြီးကို ဖျက်ဆီးလျက်ရှိပါတယ် ။

အချုပ်ဆိုရလျှင် ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းဟာ အစိုးရအတွက် အရေးပါတဲ့ ခြေတစ်လှမ်း ဖြစ်ပါတယ်။ ဒေါ်လာသန်းချီတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ နိုင်ငံရဲ့ဖွံဖြိုးတိုးတက်မှုအတွက် အထောက်အပံ့တစ်ခု ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

သို့သော်ငြားလည်း အစိုးရရဲ့မူဝါဒရေးရာ အားနည်းမှု၊ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းများကို လျစ်လျူရှုမှု၊ ပွင့်လင်းမြင်သာမှု မရှိမှု၊ တာဝန်ယူမှု တာဝန်ခံမှုအားနည်းမှု နဲ့  ၀န်ထမ်းတွေရဲ့ အဂတိလိုက်စားမှုတို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်ပျက်စီးမှုဆိုးကျိုးများဟာ ကောင်းကျိုးထက် ပိုမိုများပြားနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် အဆိုပါ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံစီမံကိန်းဟာ ရေရှည်ဖွံဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မယ့် အစိမ်းရောင် ဖွံဖြိုးရေး စီမံကိန်းတစ်ခု ဖြစ်စေဖို့ အစိုးရအနေနဲ့  ဒေသခံ လူထုအပါအ၀င် အရပ်ဘက်လူ့အဖွဲ့အစည်းများ ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ ၊ ပညာရှင်များရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အသေအချာလေ့လာသုံးသပ်ပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်ရန် သင့်မသင့် ဆုံးဖြတ်စေလိုပါတယ်။

သုခသခင်

(မောက္ခမှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s