ယဉ်ကျေးမှု ဆိုတာ (၂) – မြန်မာ့လူ့အဖွဲ့အစည်းအစ ယဉ်ကျေးမှု ဖလှယ်ပုံကို လေ့လာခြင်း

Posted: April 25, 2012 in ဗဟုသုတ, သမိုင်း, သမိုင်းနောက်ခံ, ဆောင်းပါး

ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနဲ့ပတ်သက်လို့ ပထမ ဆောင်းပါးနိဂုံးမှာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ စားသောက်၊ နေထိုင်၊ ဝတ်ဆင်၊ ပြုမူ၊ ဆက်ဆံ ပုံတွေဟာ ခေတ်သစ် ကမ္ဘာရဲ့ ကမ္ဘာလုံးဆိုင်ရာဖြန့်ကျက်ဖြစ်ထွန်းမှု သဘောအရ၊ တနည်းအားဖြင့် အတွေးအခေါ်၊ ယဉ်ကျေးမှု၊ သတင်းအချက်အလက်၊ အရင်းအနှီး၊ ကုန်စည်၊ လူမှုဆက်ဆံရေး စတာတွေဟာ ခေတ်ဆက်သွယ်ရေး၊ နည်းပညာ တိုးတက်ဖြစ်ထွန်းမှုနဲ့အတူ မြေကျောရှုံ့ပြီး ကမ္ဘာ့ပထဝီကိုဖြတ်သန်းဆီးစီးလာတဲ့ ဖြစ်စဉ်သဘောကြောင့် ပြောင်းလဲလာတယ်လို့ ဆိုခဲ့ပါတယ်။

ဒီဆောင်းပါးမှာတော့ လူအဖွဲ့အစည်းတွေရဲ့ အစ သမိုင်း၊ ယဉ်ကျေးမှုတွေကို ပြန်လည် လေ့လာရင်လည်း လူ့အဖွဲ့အစည်း အချင်းချင်း ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ နေထိုင်၊ စားသောက်၊ ဝတ်ဆင်မှု ပုံစံတွေဟာ မျက်မှောက်ခေတ်လို မြန်ဆန်၊ ကြီးထွား၊ သိသာမှု မရှိသည့်တိုင်အောင် အပြန်အလှန် ကူးယူ လေ့ရှိတာပါပဲ ဆိုတဲ့ သဘောကို ဆက်လက် ဆွေးနွေးပါမယ်။

အကြိုသမိုင်း (Prehistory)

သမိုင်မတင်မီခေတ် (ဝါ) မြန်မာ့အကြိုသမိုင်းကိုကြည့်ရင် ခုလက်ရှိ မြန်မာပြည် အထက်ပိုင်းမှာ တွေ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထား တွေအရ လွန်ခဲ့တဲ့ နှစ် ၄၀၀,၀၀၀ ခန့်ကစပြီး အညာသားလို့ နာမည်ပေးထားတဲ့ လူလို့ ပြောနိုင်တဲ့ သူတွေ ရှိနေပြီ ဖြစ်တယ်။ ဒီ ရှေးလူ (သို့) အညာသားတွေဟာ ဂျာဗားလူ၊ ဘေဂျင်းလူတွေလိုပဲ မတ်တပ်ရပ်ပြီး သွားနိုင်နေပြီ။ ခေါင်းသေးငယ်၊ မျက်နှာ မလှ၊ ကိုယ်လက် အချိုးမကျပေမယ့် လိင်အပါအဝင် ကိုယ်လက်အင်္ဂါ စုံနေပြီ၊ ယခင်အနှစ် ၄၀,၀၀၀ ခန့် စပြီး မနုဿလူသား စစ်စစ်ဖြစ်နေပြီ ဖြစ်တယ်။

ပထမတော့ အညာသားတွေဟာ ကျောက်ခေတ်လူရိုင်းတွေ (Savages) ဖြစ်တယ်။ အညာသားတွေရဲ့ ယဉ်ကျေးမှု (Anyathian Culture) ကလည်း ကမ္ဘာအနှံ့အပြားက ရှေးဦးလူတွေလိုပဲ ပထဝီ၊ ရာသီဥတု စတဲ့ သဘာဝရဲ့ ပုံသွင်းခြင်းကို ခံရတယ်။ သူတို့ဟာ အဝတ်မဝတ်ဘူး၊ မီးကို အသုံးချတတ်ပြီ၊ သဘာဝဒဏ်နဲ့ သူတို့ထက်ကြီးတဲ့ သတ္တဝါကြီးတွေရဲ့ အန္တရာယ်က လွတ်အောင် ဂူထဲမှာ နေလေ့ရှိတယ်။ အပူပိုင်းသစ်တောတွေက ရတဲ့ အပင်၊ အသီး၊ အရွက်၊ အခေါက်၊ အမြစ်တွေ၊ သူတို့ ဖမ်းနိုင်တဲ့ သူတို့ထက် အင်အားနည်းတဲ့ အကောင်တွေ၊ ငါးတွေကို စားတယ်။ လက်နက်အဖြစ် ကျောက်ခေတ်ဦးမှာ ကျောက်ခဲကြမ်း၊ နောက်ပိုင်း  (လွန်ခဲ့တဲ့နှစ်၂၀၀,၀၀၀ ခန့်) မှာ  ကျောက်ကို လက်နက်အဖြစ် ပီပီပြင်ပြင် လုပ်တတ်လာတဲ့ အပြင် သစ်သား တင်းပုတ်၊ ဝါးချွန်၊ လောက်လွှဲတွေကိုပါ အသုံးပြုလာတယ်။ မုဆိုး၊ တံငါအဖြစ် အသက်မွေးတယ်။ ပုဂ္ဂလိက မိသားစုပုံစံမျိုး မဟုတ်ပေမယ့်လည်း ဘုံ အိမ်ထောင်၊ သားမွေးပြုကြတယ်။ လင်၊ မယား (ဝါ) ယောင်္ကျား၊ မိန်းမ တန်းတူ အိမ်ထောင့် တာဝန် (ဝါ) အုပ်စုတာဝန် စားဝတ်နေရေး၊ လုံခြုံရေးကို ထမ်းတယ်။ အုပ်စု တစ်ခုနဲ့ တစ်ခု ရန်ဖြစ်လေ့ရှိနေပြီ ဖြစ်တဲ့အတွက် လူအင်အားလိုတော့ မျိုးဆက်ပွားမှုမှာ အဓိကျတဲ့ မိန်းမတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍာမှာ နေရာပေးလေ့ရှိတယ်။ ခေတ်မီသားဖွားပညာလို့ မဆိုနိုင်ပေမယ့် သူတို့နည်း၊ သူတို့ဟန်နဲ့ စနစ်တကျ သားဖွားပညာတတ်နေပြီ။ လူဦးရေးပွားစီးပွားမှု တန်ဖိုးကို နားလည်နေပြီ ဖြစ်တဲ့ အတွက် ကလေးအရွယ် အသေအပျောက် ဖြစ်မှုကို အလေးထားတယ်။ အုပ်စုတွေ ရန်ဖြစ်ရင် ရှုံးတဲ့ အုပ်စုက ယောင်္ကျားတွေ အသတ်ခံရလေ့ရှိပြီး၊ မိန်းမတွေ မယားအဖြစ် အသိမ်းခံရတယ်ဆိုတော့ ရှေးလူတွေဟာ အများအားဖြင့် အုပ်စုမတူ (မျိုးကွဲ) တွေကို အိမ်ထောင်ပြုလေ့ရှိတယ်လို့ ဆိုနိုင်တယ်။ သူတို့ အကြောင်းတွေကို ခုခေတ် ရှမ်းပြည်မှာ ရှိတဲ့ ပြဒါလင်းဂူ ယခင်အနှစ် (၁၀,၀၀၀ – ၂၀,၀၀၀) ခန့်က လို လှိုဏ်ဂူတွေမှာ ရေးဆွဲထားတဲ့ ကျောက်နံရံဆေးရေးပန်းချီတွေကတဆင့် သိရတယ်။

ကျောက်ခေတ်သစ် တော်လှန်ရေးစပြီးတော့ အညာသားတွေဟာ လူရိုင်းကနေ လူကြမ်းတွေ (Barbarians) အဖြစ် ပြောင်းလဲတိုးတက်လာတယ်။ ကျောက်ခေတ်သစ် (ယခင်အနှစ် ၉,၀၀၀ – ၃,၀၀၀) မှာ ယဉ်ကျေးမှုလည်း တိုးတက်လာပြီ။ အဝတ်ကို အရှက်လုံရုံ ဝတ်တတ်ပြီ၊ မုဆိုး၊ တံငါ ဘဝကို လုံးလုံး မစွန့်ပေမယ့် စိုက်ပျိုးရေး နဲ့ မွေးမြူရေး စလုပ်လာ ပြီဖြစ်တယ်။ အညာသားတွေဟာ သဘာဝက ရတဲ့ ထန်းရည်၊ ထန်းလျက် တို့ကို လွန်ခဲ့တဲ့နှစ် ၁၀၀,၀၀ ခန့်က စားသုံးတတ်နေပေမယ့် လူက စိုက်ရတဲ့ ဆန် (စပါး) ကိုတော့ လွန်ခဲ့တဲ့နှစ် ၈,၀၀၀ ခန့်က စစိုက်ပြီး စားကြတယ်။ လွန်ခဲ့တဲ့ အနှစ် (၃,၀၀၀) ခန့်က စပြီး ဆည်ရေသောက် စပါး စိုက်တတ် ပြီ ဖြစ်တယ်။ ကွမ်းရွက်ကို သိနေပြီဖြစ်ပေမယ့် ကွမ်းစားတဲ့ ဓလေ့မရှိသေးပါ။

မြေပြန့် တွေမှာ အိမ်ဆောက်၊ ရွာတည် နေထိုင်လာကြပြီ၊ အိုးထိန်းစက် မလုပ်တတ်သေးပေမယ့် လက်လုပ်အိုးတွေ လုပ်ပြီး ချက်ပြုတ် စားသောက်တတ်နေပြီ၊ လက်နက်အတတ်မှာလည်း လေးနဲ့မြား လုပ်တတ်ပြီ ဖြစ်တယ်။ ဝန်တင်လှည်းလုပ်တတ်ပြီး လှည်းနဲ့ နွားတွဲ သုံးတတ်ပြီ ဖြစ်တယ်။  အစားအစာ ရှာဖွေစုဆောင်းရတဲ့ ဘဝကနေ အစားအစာ (အသီးအနှံ၊ အသား) ကို ထုတ်လုပ်နိုင်ပြီ၊ စုပေါင်းထုတ်လုပ်၊ စုပေါင်းစားသောက်ကြတဲ့ သမိုင်းဦးဘုံမြေစနစ် အစပြုပြီလို့ ဆိုနိုင်တယ်။

ကျောက်ခေတ်တလျောက်လုံးကို ကြည့်ရင် ကိုးကွယ်ယုံကြည်မှု အနေနဲ့ ညောင်ပင်ကြီးတွေ၊ ကျောက်တုံး၊ကျောက်တောင် အကြီးကြီးတွေကို ကိုးကွယ်တာတွေ ရှိတယ်။  တမလွန်ဘဝယုံကြည်တယ်လို့ ယှုဆရတယ်။ အုပ်စုမတူတဲ့ သူတွေကို ဖမ်းပြီး ယစ်ပူဇော်တယ်၊ လူသားစားတယ်လို့တော့ တထစ်ချ မဆိုနိုင်၊ စားတဲ့ အုပ်စုတွေ ရှိကောင်းရှိမယ်၊ ပျော်ရွှင်မှု အနေနဲ့ ယစ်ပူဇော်ပွဲတွေမှာ ယောင်္ကျား၊ မိန်းမ သေရည်၊ သေရက် သောက်ကြတယ်။ ကျောက်ခေတ်သစ်မှာ ပန်းချီ၊ ပုံဆွဲ၊ အနုပညာ ကို ခံစားဖန်တီးတတ်ပြီလို့ ယူဆနိုင်တယ်။

သူတို့တွေဟာ လက်ရှိ လူမျိုးအခေါ်နဲ့ ဘာလူမျိုးတွေလည်းလို့ သေချာမပြောနိုင်၊ တိဗက်မြန်မာ၊ ပျူ၊ မွန်ခမာ၊ ထိုင်းရှမ်း တွေ ဖြစ်စရာ ရှိတယ်။ လက်ရှိ မြန်မာပြည်အနှံ့အပြား မှာ နေပြီးတော့ မနုဿဗေဒ အခေါ်အရတော့ မွန်ဂိုလွိုက်၊ နီဂရွိုက်၊ သြစတြေလွိုက် စတဲ့ အမျိုးတွေ ဖြစ်တယ်။

မြန်မာအပါအဝင် အရှေ့တောင်အာရှ၊ တရုတ်၊ အာရှအလယ်ပိုင်း ကျောက်ခေတ် လူ့အဖွဲ့အစည်းတွေမှာ လူဦးရေစီးကြောင်းတွေရှိပြီး ယဉ်ကျေးမှု၊ ဓလေ့၊ အတတ်ပညာ ဖလှယ်တာတွေရှိနေပြီ ဖြစ်တယ် ဆိုတာကို  အဆိုပါ ဒေသတွေမှာ တူးဖော်တွေ့ရတဲ့ ပုံသဏ္ဍာန်တူညီတဲ့ ကျောက်ခေတ်လက်နက်တွေက သက်သေပြုတယ်။ အနောက်ဘက် အိန္ဒိယ နဲ့တော့ အဲ့အချိန်အထိ ထိစပ်မှု မရှိသေးပါ။

ခု အထက်မှာ တင်ပြခဲ့တာတွေ အများစု ဟာ  မြေထဲမှ တူးဖေါ်ရရှိတဲ့မြေထဲသမိုင်း (Archaeology)၊ အထောက်အထေားအပေါ် အခြေခံတယ်။ ကျောက်နံရံ အရုပ်တွေက တဆင့်သိရတဲ့ အစသမိုင်း (Protohistory ) မှ အချက်တွေလည်း ပါတယ်။

အစသမိုင်း (Protohistory)

လွန်ခဲ့တဲ့ နှစ် ၃,၀၀၀ ခန့် လက်ရှိ မြန်မာတွေနေတဲ့ နေရာမှာ လူတွေစုစည်းနေထိုင်မှု၊ လူမှုအဖွဲ့အစည်း ကျယ့်ပြန့်လာပြီး  မြို့တွေ စပေါ်လာပြီ ဖြစ်တယ်။ လက်ရှိ တူးဖော်တွေ့ရှိချက်အရ အစောဆုံး ဟု ယူဆနိုင်တဲ့ မြို့မှာ ကူမဲမြို့ အနီးရှိ ပျူမြို့ဟောင်း မိုင်းမော (ယခင်နှစ် ၂,၁၀၀) ဖြစ်တယ်။ တွေ့ရှိပြီး ကနဦး ရှေးမြို့ဟောင်းတွေကတော့ ပျူလူမျိုးတွေပဲ တည်တဲ့ တောင်တွင်းကြီးမြို့ အနီးရှိ ဗိဿနိုး (ယခင်နှစ် ၂,၀၀၀)၊ ဝက်လက်မြို့အနီးရှိ ဟန်လင်း (ယခင်နှစ် ၁,၇၀၀)၊ မော်ဇာအနီးရှိ  သရေခေတ္တရာ (ယခင်နှစ် ၂,၁၀၀) တို့ ဖြစ်တယ်။  ကုန်ဘောင်ခေတ် ဘကြီးတော် (၁၈၁၉-၁၈၃၇) လက်ထက် မှန်နန်းရာဇဝင် (The Glass Palace Chronicle of the Kings of Burma) (၁၈၂၉) မှာ ဘုရား (ဗုဒ္ဓ)နဲ့ အမျိုးတော်အောင် ကြံဖန်ပြီး “တကောင်း အဘိရာဇာ သာကီမျိုး” လို့ မှတ်တမ်းတင်ခဲ့ရတဲ့ အထက်ဘက် (မြောက်ပိုင်း) က တကောင်းလည်း မြေထဲသမိုင်းတွေ့ရှိချက်အရ ပျူမြို့ပြနိုင်ငံပဲ ဖြစ်တယ်။

အရှေ့မြောက်ကလာတဲ့ ပျူတွေဟာ မြန်မာတွေ လိုပဲ မွန်ဂိုလွိုက်လူမျိုးနွယ်၊ တိဗက်-မြန်မာ (တိဗက်တို-ဘာမင်း) စကားပြော သူတွေ ဖြစ်တယ်။ ပျူခေတ်ရောက်တော့ အိန္ဒိယနဲ့အဆက်အဆံ ရှိတာ တော်တော်ကြာနေပြီ ဖြစ်တဲ့ အတွက် အိန္ဒိယ ယဉ်ကျေးမှု၊ ဟိန္ဒူ၊ ဗြဟ္မဏအယူ (Barhmanism)၊ ဗုဒ္ဓသာသနာ စတာတွေ လွှမ်းမိုးတယ်။ အိန္ဒိယတိုင်းသားတွေဟာ ယဉ်ကျေးမှု၊ ဗိသုကာ၊ နိုင်ငံရေး၊ အတွေးအခေါ်၊ စီးပွားရေး နယ်ပယ်ပေါင်းစုံမှာ အထောက်အပံ့ပေးခဲ့တယ်။ မြန်မာတွေ လက်ရှိမြန်မာတွေနေ နေတဲ့ နေရာတွေကို မဝင်ခင်ကတည်းက သူတို့ဟာ ပင်လယ်ကတဆင့် အောက်မြန်မာနိုင်ငံကို ဝင်လာနေထိုင်နေပြီ ဖြစ်တယ်။ [ပါမောက္ခလုစ့် (G.H.Luce) ၁၉၄၀ မှာ ရေး၊ ဒေါက်တာ သန်းထွန်း ၂၀၀၅ မှာ ပြင်ဆင်၊ ဖြည့်စွက်၊ တည်းဖြတ်၊ ဘာသာပြန် “Economic Life of the Early Burma” စာတမ်း မှ]။

အကြမ်းအားဖြင့် ပျူတွေ လက်ရှိ မြန်မာတွေ နေတဲ့ နေရာမှာ နေသွားတဲ့ကာလက ခရစ်ရာစု (၄) ရာစု မှ (၉) ရာစု အထိလို့ သတ်မှတ်နိုင်တယ်။ ခရစ်နှစ် (၇) ရာစုခန့်မှာ အိန္ဒိယ အက္ခရာကို သုံးပြီး ပျူတွေ စာရေးတတ်လာတယ်။ အဝတ်အစား၊ ဓလေ့၊ ထုံးစံ၊ ယဉ်ကျေးမှု တွေမှာ အိန္ဒိယဟန် တော်တော်လွှမ်းမိုးတယ်။ မြို့နာမည်တွေကိုလည်း ဗိဿနိုး (Vishnu)၊ သရေခေတ္တရာ (Sri Ksetra) အစရှိသဖြင့် အိန္ဒိယကလာတဲ့  ပါဋိ (Pali)၊ သက္ကတ (ရိုက်) (Sanskrit) ဘာသာစကား နာမည်တွေ ပေးတယ်။ အများစုဟာ ထေရဝါဒ ဗုဒ္ဓ (Theravada Buddhism) ဘာသာဝင်တွေဖြစ်တယ်လို့ ယှုဆနိုင်ပေမယ့် မဟာယန (Vajrayāna)၊ ဟိန္ဒူ (Hinduism) ၊ ဗြဟ္မဏအယူ (Barhmanism)၊ လောကနတ်အယူ (Avalokiteśvara)၊ နတ်ကိုးကွယ်မှု စတာတွေလည်း ရှိတယ်။ ကျွဲ၊နွား ယစ်ပူဇော်မှုတွေ၊ အရက်သေစာ သောက်စားမှုတွေလည်း တွင်တွင်ကျယ်ကျယ် ရှိသေးတယ်။

ကျောက်ခေတ်ကနေ ကြေးခေတ်ကို ပြောင်းသွားပြီ၊ နိုင်ငံရေး၊ စီးပွးရေး အရဆိုလည်း သမိုင်းဦးဘုံမြေစနစ် ကနေ အိန္ဒိယက ရတဲ့ မြေရှင် ပဒေသရာဇ်စနစ်ကို စပြောင်းပြီ ဖြစ်တယ်။  လူမလိုင်အလွှာ (Elite) ပဒေသရာဇ်တွေ၊ အုပ်စိုးသူလူတန်းစာ၊ ကုန်သည်၊ သာသနာ့ဝန်ထမ်း၊ အုပ်ချုပ်ခံ သူဆင်းရဲ၊  စတဲ့ လူတန်းစားတွေ ပေါ်လာပြီ ဖြစ်တယ်။ ကျွန်စနစ်လည်း ရှိတယ်။  နိုင်ငံခြားကုန်သွယ်မှု၊  ငွေကြေးစနစ် (ပျူ ငွေဒင်္ဂါး) စတဲ့ ခိုင်မာတဲ့ စီးပွားရေးစနစ်လည်း ရှိပြီ ဖြစ်တယ်။ ပျူမြို့ပြနိုင်ငံတွေဟာ တရုတ် နဲ့ အိန္ဒိယ ကြား ကုန်သွယ်မှု လမ်းကြောင်းပေါ်မှာ ရှိတော့ စီပွားဖွံ့ဖြိုး၊ ကြွယ်ဝချမ်းသာတယ်။ ရောမသံအဖွဲ့တွေတောင် ဒီလမ်းကြောင်းကို ဖြတ်ဖူးတယ်လို့ တရုတ်မှတ်တမ်းတွေမှာ ပါတယ်။ အဓိကကုန်သွယ်မှုကတော့ တနင်္သာရီကမ်းရိုးတန်းမှတဆင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု ဖြစ်တယ်။

ပျူဟာ အိန္ဒိယမှ ကိုးကွယ်ယုံကြည်မှုတွေ၊ ယဉ်ကျေးမှု၊ စာပေ စတာတွေ ရပြီး ဖြစ်လို့ ယဉ်ကျေးမှုအဆင့်တန်းမြင့်ပြီး အင်မတန် ယဉ်ကျေးကြတယ်။ နောက်ပိုင်းခေတ်တွေလို မိန်းမခွဲခြားခံရမှုလည်း မရှိဘူး။ မိန်းမတွေလည်း ယောင်္ကျားတွေနဲ့ အတူ စာတတ်မြောက် ကြတယ်။ အနုပညာ၊ လက်မှုပညာ၊ ဗိသုကာပညာ အင်မတန်ထွန်းကားတယ်၊ အံ့သြဘွယ်ကောင်းလောက်အောင် လက်ရာမြောက်ကြတယ်။ တရုတ်မှတ်တမ်းတချို့က ပျူတွေဟာ အလွန်ယဉ်ကျေးသိမ်မွေ့ပြီး ငြိမ်းချမ်းရေးကို လိုလားတယ်၊ စစ်ပွဲကို မကြိုက်ဘူး၊ အဝတ်မှာ ပိုးထည်ဝတ်ရင် ပိုးကောင်လေးတွေကို သတ်တယ်ဖြစ်မှာစိုးလို့ ချည်ပဲဝတ်တယ်လို့တောင် ရေးကြတယ်။

ခုလက်ရှိ မြန်မာတွေ နေတဲ့ နေရာမှာ ပျူလိုပဲ အရင်နေ နေတာက ယခု ကမ်ပူချာ၊ ဗီယက်နမ်ရှိ လူမျိုးတွေနဲ့ အမျိုးတူ၊ သြစတြိုအေရှားတစ်အနွယ်ဝင် မွန်ခမာ မျိုးနွယ် မွန်တွေဖြစ်တယ်။ မွန်တွေဟာ မြန်မာပြည် အောင်ပိုင်း မြစ်ဝကျွန်းပေါ်မှာ အဓိကနေတယ်ဆိုပေမယ့်လည်း မြန်မာပြည်အလယ်ပိုင်းကိုလည်း ရောက်တယ်။ သူတို့ဟာ ပျူလိုပဲ အိန္ဒိယ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စာပေ၊ အက္ခရာ ကို လက်ခံတော့ ဗြဟ္မဏ ဘာသာဝင်၊ ဗုဒ္ဓ ဘာသာဝင်တွေဖြစ်လာပြီး ခရစ်နှစ် (၈) ရာစုလောက်မှာ စာရေးတတ်လာတယ်။

ပျူ နဲ့ မွန် တွေ ထိတွေ့မှု ရှိကြတော့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူမှုရေး၊ စီးပွားရေး အပြန်အလှန် ဖလှယ်၊ အကျိုးပြုတယ်၊ ပိုအားကောင်းတဲ့ အိန္ဒိယ ယဉ်ကျေးမှု ကို နှစ်စုစလုံးရတော့လည်း ယုံကြည်မှုကိုးကွယ်မှု၊ စာပေ စတဲ့ ယဉ်ကျေးမှုတိုးတက်ပြောင်းလဲမှုတွေ ရှိလာတယ်။ ပျူမြို့ပြနိုင်ငံ တည်ဆောက်မှုပုံစံတွေရဲ့ သြာဇာဟာ နောက်ပိုင်း မြန်မာမြို့ပြတည်ထောင်မှုတွင်သာမက ယိုးဒယား (Siamese) အထိပါ သက်ရောက်တယ်။ မြန်မာတွေ ခုလက်ရှိ မြန်မာအများစုနေထိုင်တဲ့ အလယ်ပိုင်းကို ဝင်လာတဲ့ အချိန်မှာ အိန္ဒိယ၊ ပျူ၊ မွန်၊ တို့ဆီက ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဓလေ့၊ ဗိသုကာ၊ စာပေ စတာတွေ ရလို့ တောင်ပေါ်သား လူကြမ်း၊ လူရိုးကြီးတွေ အဖြစ်ကနေ နောက်ပိုင်း ပုဂံလက်နက်အင်ပါယာကြီး ထူထောင်နိုင်တဲ့အထိ တိုးတက်ဖြစ်ထွန်းခဲ့ရတယ်။

ပျူ နဲ့ မွန် တွေ တန်ခိုးကျဆင်းတဲ့အချိန် မြန်မာတွေ မြေပြန့်ဆင်းလာပြီး အခြေချပုံ နဲ့ ယဉ်ကျေးမှု ဆက်လက်ဖြစ်ထွန်းပုံတွေကို နောက်ဆောင်းပါးမှာ ဆက်လက်တင်ပြပါမယ်။

ငြိမ်းချမ်းအေး

၁၉၊ ဧပြီ၊ ၂၀၁၂

ကိုးကား။    ။

ဗိုလ်မှူးဘရှင်၊ အနော်ရထာအရင်က မြန်မာနိုင်ငံ၊ ဆွေဆွေမော် စာအုပ်တိုက်၊ ဒုတိယအကြိမ်၊ ၁၉၇၅။

ဒေါက်တာသန်းထွန်း၊ မြန်မာ့သမိုင်းမြေပုံများ၊ မုံရွေးစာအုပ်တိုက်၊ ၂၀၀၄။

ဒေါက်တာသန်းထွန်း၊ ပုဂံခေတ် လူမှုရေး၊ “ရှေးမြန်မာတို့ ဝမ်းစာရှာပုံ” အခန်း၊ ရာစုသစ်စာအုပ်တိုက်၊ ၂၀၀၅။ (မူရင်း –  “Economic Life of the   Early Burma” by G. H. Luce၊ JBRS၊ တွဲ ၃၀၊ ပိုင်း ၁၊ ဧပြီ ၁၉၄၀ ပါ သုတေသန စာတမ်းကို ဒေါက်တာ သန်းထွန်း ပြင်ဆင်၊ ဖြည့်စွက်၊ တည်းဖြတ်၊ ဘာသာပြန် သည်။)

ဒေါက်တာသန်းထွန်း၊ “မြန်မာ့ဓလေ့” ဆောင်းပါး၊ The Waves မဂ္ဂဇင်း၊ အတွဲ ၄၊ စင်တင်ဘာ၊ ၂၀၀၆။

Janice Stargardt, “The Ancient Pyu of Burma: Early Pyu cities in a man-made landscape”, Illustrated Edition, 1990.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s